ဖားသားဆီပြန်ဟင်း

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်းတောစပ်ရှိ အယူတော် မင်္ဂလာခြံ အတွင်းသို့ ကျွန်ုပ်၏ မိတ်ဆွေဟောင်းကြီးဖြစ်သော ကိုပီတာဆိုသည့် စိတ်မနှံ့သော လူကြီးတစ်ဦးသည် အလည်အပတ် ရောက်ရှိလာလေ၏။ ကျွန်ုပ် ကြီးပြင်းခဲ့သော ရပ်ကွက်မှ လူများသည် ၎င်းကိုပီတာကြီးအား အရူးပီတာဟု ခပ်လွယ်လွယ် ခေါ်ကြသော်လည်း ကျွန်ုပ်မှာမူ ထို့သို့ မခေါ်ရက်သောကြောင့် ကိုပီတာဟုပင် ခေါ်ဝေါ်ခဲ့လေ၏။





ကိုပီတာကြီးသည် ကျွန်ုပ်ကိုမြင်လျှင်..“ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်…” ဟု ကိုးရိုးကားယား နှုတ်ဆက်လိုက်လေ၏။ ကျွန်ုပ်ကမူ.. “ ကဲပါ.. ကိုပီတာကြီးရယ်၊ ဒီနေ့မနက်စာ ဘာဟင်းနဲ့စားမလဲ ပြောစ်းပါဗျာ၊ ကျုပ် ချက်ကျွေးစမ်းပါရစေ” ဟု မေးလိုက်လေ၏။ ထိုအခါ ကိုပီတာကြီးက.. “ကတ်သီးကတ်သတ် တွေလည်း မစားတတ်ပါဘူးကွာ၊ ဈေးထဲမှာ စားဖားတွေရနေပြီ၊ ဖားသားဆီပြန် တစ်ခွက်ရယ်၊ ငါးပိထောင်းစပ်စပ် ကလေးတစ်မယ်ရယ်၊ ဟင်းခါးပူပူရယ်၊ မုန်လာဥသုပ်ရယ် ငါးပိရည်တို့စရာပေါ့ကွာ၊ ဒီ့ထက်လည်း မပြောတတ်ပါဘူး” ဟု ပြောလေ၏။



ထို့ကြောင့် ကျွန်ုပ်သည် ဂျလေဘီ မောင်ဆုဟုခေါ်သော တပည့်လေးအား ဈေးသို့ လွှတ်ရလေတော့၏။ မောင်ဈေးမှ ပြန်လာသောအခါ၌ သီဟိုဠ်ပင်အောက်တွင် မီးသွေးဖိုကလေးကိုချ၍ ကိုပီတာကြီးနှင့် စကားပြောရင်း ထမင်းဟင်းလျာများကို ချက်ပြုတ်ရလေတော့၏။ ကိုပီတာကြီးနှင့် စကား လက်စပြတ်သွားသော အခါ၌ ကျွန်ုပ်သည် ဖတ်လက်စ စာအုပ်ကြီးတစ်အုပ်ကို ဆက်၍ ဖတ်နေလေ၏။ ကိုပီတာကြီးသည် ကျွန်ုပ် စာဖတ်နေသည်ကို အံ့သြသော မျက်နှာဖြင့် ငေးမောကြည့်ရှုနေလေ၏။





ကျွန်ုပ်ဖတ်နေသော စာအုပ်ကြီးမှာ လွန်စွာထူ၏။ လွန်စွာမှလည်း ခန့်ညား၏။ ထို့အပြင် မြန်မာ ဘာသာဖြင့် ရေးထားသော စာအုပ်လည်း မဟုတ်ပေ။ အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော စာအုပ်ကြီးဖြစ်၏။ ထိုစာအုပ်ကြီးမှာ အင်္ဂလိပ်စာ ကောင်းစွာ တတ်ကျွမ်း၍ အနက်အဓိပ္ပါယ်ကို အရသာ ခံနိုင်သောသူတို့ အရေးတယူ ဖတ်လေ့ရှိသော စာအုပ်ကြိးဖြစ်၏။ ထိုစာအုပ်ကြီးကို မဖတ်ဖူးလျှင်ပင် အင်္ဂလိပ်စာကို နှံ့နှံ့စပ်စပ် ဖတ်ဖူးသည်ဟု ပြောရန် ခက်ပေလိမ့်မည်။ တိုတိုနှင့် လိုရင်းဆိုရပါမူ တကယ်တတ်ကျွမ်းသော အင်္ဂလိပ် စာသမားတို့၏ အသည်းစွဲ စာအုပ်ကြီး တစ်အုပ်ဖြစ်လေ၏။



ကျွန်ုပ်သည် “ငွေတစ်ပဲနှင့် ငါးကြင်းခေါင်းထက်ကိုင်” ဆိုသော စကားပုံကံသို့ ထိုစာအုပ်ကြီးကို တက်၍ကိုင်နေခြင်းဖြစ်၏။ အမှန်စင်စင်အားဖြင့် ကျွန်ုပ်တက်ကျွမ်းသော အင်္ဂလိပ်စာအဆင့် အတန်းမှာ သူငယ်တန်းမျှလောက်သာရှိ၏။ သို့ရာတွင် အဘယ်ကြောင့် ကျွန်ုပ်နှင့် အဆင့်မမီသော ထိုစာအုပ်ကြီးကို ဖတ်နေရသနည်းဆိုမူ “ကျုပ်လည်း အဲဒါကြီးကို ဖတ်ဖူးပါတယ်ဗျာ..” ဟု မုသားမပါဘဲ ဂိုက်ထုတ်ကြွားဝါ လိုသောကြောင့် ဖတ်နေရခြင်းဖြစ်၏။ ကျွန်ုပ်သည် ထိုစာအုပ်ကို ဖတ်နေရသော ခဏ၌ ကြီးမားသော ဝဋ္ဋ်ဒုက္ခတစ်ခုကို ခံစားနေရသကဲ့သို့ရှိ၏။



သို့ရာတွင် တစ်စုံတစ်ယောက်က “ဒီစာအုပ်ကြီး ဖတ်ရတာ ဘယ့်နဲ့လဲ” ဟုမေးပါမူ “ကောင်းသဗျာ၊ ကျုပ်တော့ဖြင့် အလွန်ကို ကြိုက်တာပဲ” ဟူ၍ ခပ်ကြွားကြွားလေး ပြန်၍ဖြေမိပေလိမ့်မည်။ “ ကိုယ့်အကြောင်း ကိုယ်သိ” ဆိုသကဲ့သို့ ကျွန်ုပ်သည် ဤမျှခက်ခဲ လေးနက်သော စာအုပ်ကြီးကို ဖတ်နေငြားသော်လည်း အမှန်အားဖြင့် ကောင်းစွာနားမလည်ပေ။ သို့မဟုတ် လုံနားမလည်ပေ၊။ ကျွန်ုပ်သည် ထိုစာအုပ်ကြီးကို ခပ်တည်တည်ဖြင့် ဖတ်နေ၏။ ကိုပီတာကြီးသည် အံ့သြသကဲ့သို့ ကျွန်ုပ်အား ကြည့်နေ၏။ သို့ရာတွင် တစ်စုံတစ်ရာပြောဆိုခြင်း မပြုရှာပေ။



ကျွန်ုပ်ချက်သော ဖားသားဟင်းဆီပြန်၊ မုန်လာဥသုပ်၊ ပိန်းရိုးဟင်းခါးစသည်တို့မှာ ကျက်သွားပြီဖြစ်သောကြောင်း ထိုအနား၌ပင် ထမင်းစား စားပွဲဝိုင်းကလေးကိုချ၍ ထမင်းပွဲပြင်ကာ ကိုပီတာကြီးအား ကျွေးမွေးရလေတော့၏။ ကိုပိတာကြီးသည် ထမင်းကို မြိန်ရှက်စွာစားနေ၏။ ထမင်းစားပြီးသောအခါ၌ ရေနွေးကြမ်း၊ ထန်းလျက်ဖြူ ဆုပ်တို့ဖြင့် အချိုပွဲ တည်းလျက်ရှိလေ၏။ အချိုပွဲကို လက်စသပ်ပြီးသော အခါ၌ ကျွန်ုပ်ထံမှ စီးကရက် တစ်လိပ်ကို တောင်းယူကာ ရှိုက်ဖွာ၍ နေပြန်လေ၏။



ထို့နောက် ကိုပီတာကြီးက.. “ဖိုးအောင်ထွန်းရေ..မင်းကို နာရောပဆိုတဲ့ လူတစ်ယောက်အကြောင်း ပြောပြရဦးမယ်” ဟု စကားစလိုက်လေ၏။ ထိုအခါ ကျွန်ုပ်က.. “ပြောပါဗျာ.. ပြောပါ၊ နားထောင်ပါ့မယ်” ဟု ပြန်၍ပြောလိုက်မိလေ၏။ “ဒီလိုကွ..ရှေးအခါတုန်းက အိန္ဒိယပြည်မှာရှိတဲ့ ကျောင်းတော်ကြီးတစ်ခုမှာ ကျောင်းအုပ် ဆရာကြီးတစ်ဦးဖြစ်တဲ့ နာရောပဆိုတဲ့ လူတစ်ယောက်ဟာ အလွန်ခက်ခဲနက်နဲတဲ့ ကျမ်းစာအုပ်ကြီး တစ်အုပ်ကို ဖတ်နေတယ်၊ အဲဒီကျမ်းစာအုပ်ကြီးကလည်း ရှေးဟောင်း စာအုပ်ကြီးဆိုတော့ သက္ကတ ဘာသာနဲ့ ရေးထားတာကွ၊ နာရောပဟာ တခြားဘာသာရပ် တွေကိုတော့ ကောင်းစွာ တတ်ကျွမ်းချင် တတ်ကျွမ်းပေမပေါ့ကွာ၊ ဒါပေမဲ့ သက္ကတဘာသာနဲ့ ပတ်သက်ရင်တော့ ဟန်ကျပန်ကျတတ်တာ မဟုတ်ဘူးကွ၊



မင်းအနေနဲ့ နားလည်အောင်ပြောရရင် နာရောပတတ်တဲ့ အဆင့်က သူငယ်တန်းလောက် တတ်တာကွ၊ သူဖတ်နေတဲ့ စာအုပ်ကြိးရဲ့ အဆင့်က သက္ကတဘာသာမှာ ပါရဂူဘွဲ့လောက် ရတဲ့လူလောက်မှ ဖတ်နိုင်၊ နားလည်နိုင်မှာကွ၊ ဒါပေမဲ့သူက အဲဒီကျမ်းကြီးကို ဘာကြောင့်ဖတ်နေသလဲဆိုတော့ “ကျုပ်လည်း ဒီကျမ်းကြီးကို ဖတ်ပြီးနေပါပြီဗျာ” လို့ ပြောလို့ရအောင် ဖတ်နေတာကွ၊ အမှန်က သူ့အနေနဲ့ ဖတ်သာ ဖတ်နေတာ၊ တစ်လုံးမှ နားမလည်ဘူး၊ အဲဒီတော့လည်း ဖတ်ရင်းနဲ့ အိပ်ငိုက်လာတာပေါ့ကွာ၊



အဲဒီတော့ ကျမ်းကြီးကို ခေါင်းအုံးပြီး အိပ်ပါလေရော အဲဒီမှာ အိပ်မက်မက်တော့တာပဲ” ဟု ကိုပီတာကြိးက ဖြည်းညှင်းစွာပြောရင်း ပြောလိုသည့်အကြောင်းအရာကို အခိုင်အမာ တည်ဆောက်လိုက်လေ၏။ “ အတော့်ကို စိတ်ဝင်းစားဖို့ ကောင်းတာပဲ၊ ဆက်ပြီး ပြောပါဥိး ကိုပီတာကြီးရဲ့” ဟု ကျွန်ုပ်က ပြောရလေ၏။ ထိုအခါ၌ ကိုပီတာကြီးသည် ဆက်၍ပြောပြန်လေ၏။



“နာရောပရဲ့ အိပ်မက်ထဲမှာ အဝတ်စုတ်တွေဝတ်ထားတဲ့ အဘွားကြီးတစ်ယောက် သူ့ရှေ့ကိုရောက်လာတယ်၊ အဲဒီအဘွားကြီးဟာ ရုပ်ဆိုလိုက်တာလည်း မပြောနဲ့တော့ သူ့မျက်နှာကိုမြင်ပြီး နာရောပဟာ လန့်နေတယ်၊ အဘွားကြီးက နာရောပကို “ဘာတွေဖတ်နေတာလဲ” လို့ မေးတယ်၊ နာရောပက “ရှေးဟောင်းသက္ကတ ကျမ်းစာတစ်စောင်ဖတနေတာပါ” လို့ ပြန်ပြီး ဖြေတယ်၊ အဲဒီအခါမှာ အဘွားကြီးက “ဖတ်တာတော့ ဟုတ်ပါပြီး နားရောလည်ရဲ့လား” လို့ မေးလိုက်တယ်၊ အဲဒီတော့ နာရောပက “ဘာဖြစ်လို့ နားမလည်ရမလဲဗျ နားလည်လို့ဖတ်တာပေါ့” လို့ ပြန်ပြီးဖြေလိုက်တယ်၊ အဲဒီတော့ အဘွားကြီးက “နားလည်တယ်ဆိုတာ အဲဒီကျမ်းထဲမှာပါတဲ့ စကားလုံးတွေကို နားလည်တာလား ကျမ်းရဲ့ဆိုလိုချက် အနှစ်သာရကိုနားလည်တာလား” လို့ ထပ်ပြီးမေးလိုက်တယ်၊ အဘွားကြီးက မေးရုံတင်မေးတာ မဟုတ်ဘူးနော်၊နာရောပရဲ့မျက်လုံးကို သူ့မျက်လုံးနဲ့ စိုက်ပြီး ကြည့်လိုက်သေးတယ်၊



အဲဒီတော့ နာရောပဟာ မလိမ့်ဝံ့တော့ဘူး “တကယ်ပြောရရင်တော့ စကားလုံးတွေကိုတောင် မနားနားလည်အောင်လုပ်နေပါတယ်ဗျာ၊ သူ့ရဲ့အဓိပ္ပါယ်အနှစ်သာရကိုတော့ နားမလည်ပါဘူး” လို့ နာရောပက အမှန်အတိုင်းပြောလိုက်တယ်၊ အဲဒီလို အမှန်ကိုလည်း ပြောလိုက်ရော အဘွားကြီးဝတ်ထားတဲ့ အဝတ်စုတ်တွေဟာ ပျောက်ကွယ်သွားပြီး အလွန်လှပသစ်လွင်တဲ့ အဝတ်အစားတွေဖြစ်သွားတယ်၊ အကျည်းတန် အရုပ်ဆိုးတဲ့ အဘွားကြီးလည်း ပျောက်သွားပြီး ငယ်ရွယ်လှပတဲ့ မိန်းမချောလေး ဖြစ်သွားတယ်၊



တိုတိုပြောရရင် နာရောပဟာအမှန်ကိုပြောလိုက်တဲ့အတွက် အရုပ်ဆိုးအကျည်းတန်တာပျောက်ပြိး အလှအပပေါ်လာတာ၊ အဲဒီလှပတဲ့ မိန်းကလေးဟာ နာရောပရဲ့ရှေ့မှာ ဝမ်းသာတဲ့ အထိမ်းအမှတ်နဲ့ ကနေတယ်၊ အဲဒီတော့ နာရောပက အံသြပြိး “ဘယ်လိုဖြစ်သွား တာလဲ ”လို့မေးလိုက်တယ်၊ အဲဒီတော့ အဘွားကြီး ဘဝပြောင်းပြီး မိန်းမချောလေး ဖြစ်သွားတဲ့သူက “ဘယ်လိုမှဖြစ်တာ မဟုတ်ဘူးဟေ့ နင်ဟာ ကျောင်းအုပ်ဆရာကြီးပဲ၊ နင်ဟာ ပညာရှိကြီးပဲ၊ ဒါပေမဲ့ နင်ဟာမလိမ်ဘူး၊ နာရောပရေ၊ မတတ်ဘဲနဲ့ တတ်ချင် ယောင်မဆောင်ဘူး၊ မသိဘဲနဲ့ သိချင်ယောင်မဆောင်ဘူး၊ မကြွားဘူး၊ သူတစ်ပါးကိုလည်း ဟန်ဆောင်လိမ်လည်ခြင်းမပြုဘူး၊ နင့်ကိုယ်နင်လည်း မလိမ်ဘူး၊ ဒါကြောင့် အကျည်းတန်မှု၊ အရုပ်ဆိုးမှုတွေပျောက်ပြီး အလှတရားတွေ ပေါ်လာတာ၊ ဒါကြောင့် ဝမ်းသာပြီး ငါက ကနေတာ” လို့ ပြန်ပြီးပြောတယ်။



အဲဒီမှာ နာရောပက အဓိပ္ပာယ် အကောင်လွဲပြီး “ငါက မတတ်ပါဘူး၊ နားမလည်ပါဘူးလို့ ပြောတာတောင် ဒီမိန်းမကြီး ဒီလောက်ပျော်သွားရင် တတ်ပါတယ်၊ နားလည်ပါတယ်လို့ များပြောရင် ဘယ်လောက်များ ပျော်ရှာနိုင်မယ်မသိဘူး” ဆိုပြီး သူရဲ့စကားကို ပြင်ပြီးပြောတယ်။ “ ဒီလိုဗျ… ကျုပ်ဟာ ဒိကျမ်းစာအုပ်ကြီးကို ဖတ်တော့ဖတ်တယ်၊ အဓိပ္ပါယ်အနှစ်သာရကို မသိပါဘူး၊ လူအထင်ကြီးအောင် ဖတ်နေတာပါလို့ ဆိုတဲ့စကား အလကားပြောတာဗျ၊ ကျုပ်ဟာ ဒီကျမ်းကို ကောင်းကောင်းကြီး ဖတ်တတ်တယ်၊ အနက်အဓိပ္ပာယ်နဲ့ တကွ သူ့ရဲ့ဆိုလိုချက် အနှစ်သာရကိုလည်း ကောင်းကောင်းကြီး သဘောပေါက်တယ်” လို့ ပြောလိုက်တယ်၊



အဲဒီအခါမှာ ကနေတဲ့ မိန်းကလေးဟာ မျက်နှာကို လက်ဝါးနဲ့ အုပ်ပြီး ကြူကြူပါအောင် ငိုတော့တာပဲ၊ သူဝတ်ထားတဲ့ လှပသစ်လွင်တဲ့ အဝတ်အစားတွေ ဟာလည်း ချက်ချင်းပဲ အဝတ်စုတ်တွေဖြစ်သွားတယ်၊ လှပတဲ့မိန်းကလေးဟာလည် အရုပ်ဆိုး အကျည်းတန်တဲ့ မိန်းကလေးဖြစ်ပြန်ဖြစ်သွားတယ်၊ ပြီးတော့ နာရောပဟာ အိပ်ရာက လန့်နိုးသွားတယ်၊ ပြီးတော့ သူ့အဖြစ်အပျက်ကို သူ အပြီးအပိုင် သဘောပေါက်သွားတယ်”



ကိုပီတာကြီးသည် သူစကားကို အဆုံးသတ်လိုက်ပြီးနောက် ရေနွေးကြမ်းတစ်ခွက်ကို မော့ လိုက်လေ၏။ ထိုအခါ ကျွန်ုပ်က.. “အဲဒါ ဘယ်လိုဖြစ်တာလဲ ကိုပီတာကြိးရဲ့ ရှင်းပြပါဦး” ဟု မေးလိုက်ရလေ၏။ “ နာရောပဟာ သူတကယ်မတတ်ဘဲနဲ့ တတ်ချင်ဟန်ဆောင်တယ်လေကွာ၊ သူ တကယ်မသိဘဲနဲ့ သိချင်ဟန်ဆောင်တယ်လေကွာ၊ အဲဒီအလုပ်တွေဟာ လိပ်ပြာက သူ့ကို ပြန်ချောက်ပြီး အိပ်မက် မက်တာပေါ့၊ အခု ငါပြောတဲ့ လိပ်ပြာဆိုတဲ့စကားက သူ့ရဲ့ ပကတိစိတ်ကို ပြောတာ၊ အိပ်ရာကလည်း နိုးရော သူဟာ ဟန်ဆောင်မှုတွေကိ လွှတ်ချလိုက်တယ်၊ မတတ်ဘဲနဲ့ လူအထင်ကြီးောအင် သိချင်ယောင် မဆောင်တော့ဘူး၊ ပကတိအတိုင်းနေမယ်ဆိုပြီး အလုပ်ကထွက်သွားတယ်၊ နောက်ဆုံးမှာ အမှန်တကယ် တတ်သိနားလည်တဲ့ ရိုးသားနဲ့ ပဏ္ဍိတ်နာရောပ ဖြစ်သွားတယ်” ဟု ပြောဆိုရယ်မောလေ၏။



ကျွန်ုပ်လည်း အူကြောင်ကြောင် ရယ်မောလိုက်ရလေ၏။ ထို့နောက် ကိုပီတာကြီးက … “သနားစရာကောင်းတဲ့ မောင်အောင်ထွန်းရေ.. အသက်လည်း ခြောက်ဆယ်ငါးနှစ်ရောက်နေပြီ၊ ခုအချိန်ထိ ကိုယ့်ကိုယ်ကို လိမ်ဦးမလို့လား၊ သူတစ်ပါး အထင်ကြီးအောင် ကိုယ်တကယ်မတတ်တဲ့ အင်္ဂလိပ်စအုပ်ကြီးတွေ ကိုယ်ပြဦးမလို့လား နာရောပကိုတော့ လိပ်ပြာက ချောက်တယ်နော်၊ မငိးကိုတော့ လိပ်ပြာထက်ဆိုးတဲ့ ဘီလူးက လာပြီးချောက်လိမ့်မယ် ရပ်တန်းက ရပ်ပေတော့“ ဟုပြောကာ ကျွန်ုပ်၏ကျောကုန်းကို သူ၏ လက်သီးကြီးဖြင့် ဘန်းကနဲ့ ထုကာ ကြောင့်ကြမဲ့သော ခြေလှမ်းများဖြင့် ကျွန်ုပ်၏ခြံအတွင်းမှ ပကတိ ငြိမ်းချမ်းသောအမူအရာဖြင့် ထွက်သွားလေတော့၏။



ထို့နောက်တွင်ကာ ကျွန်ုပ်၏ စာအုပ်စင်တွင် ကျွန်ုပ်ကိုယ်တိုင် တကယ် မဖတ်တတ်သော လူအထင်ကြီးရုံမျှ သက်သက် တင်ထားသော အင်္ဂလိပ်စာအုပ်ကြီးများကို မြေကြီးပေါ်သို့ ပုံ၍ချကာ ဒီဇယ်တစ်ပုံး လောင်း၍ မီးရှို့လိုက်လေတော့၏။ မီးခိုးများသည် ကောင်းကင်ပေါ်သို့ လိပ်၍တက်နေ၏။ ကျွန်ုပ်၏မျက်နှာသည် ကောင်းကင်ပေါ်သို့ မော့၍ကြည့်ကာ မီးခိုးများကို ကြည့်ရင်း ကျေနပ်ကြည်နူးနေမိလေ၏။ ကျွန်ုပ်သည် လူအထင်ကြီး ခံချင်သော အကျဉ်းထောင်မှ အပြီးအပိုင် လွတ်မြောက်သွားပြီဖြစ်လေတော့သတည်း။ စိတ်မနှံ့သော ကိုပီတာကြီးအား ကျေးဇူးတင်မဆုံး….။



အဘမင်းသိင်္ခ၏ စာပေများကို လေးစားကြသော စွဲလန်းကြသော လွန်စွာ နှစ်သက်ကြသော ကျွန်ုပ်၏ မိတ်ဆွေများအတွက် အဘမင်းသိင်္ခ၏ ၀တ္ထုတိုများကို အလျဉ်းသင့်သလို ပြန်လည် ရေးသားပေးပါမည်။ စာများကို ၀ိုင်းဝန်း ရေးသားပေးသော လွန်စွာခင်မင်ဖွယ် ကောင်းသော လွန်စွာ သဘောကောင်းသော ကျွန်ုပ်၏ ညီရင်းအကိုတမျှ ခင်မင်ရသော ကိုအောင်အား ကျေးဇူးအထူးပင်တင်မိပါကြောင်း.... အဘမင်းသိင်္ခ၏ စာများကိုဖတ်ရင်း တစ်စုံတစ်ရာ ရင်ထဲသို့ ရောက်ရှိနိုင်ပါစေ....



အပြည့်အစုံဆက်လက်ဖတ်ရန်...

အင်္ဂါသားသမီးများအတွက် ကံကောင်းသော အခါရွေးချယ်ပေးခြင်း

တစ်ခုသော တနင်္ဂနွေနေ့၌ ကျွန်ုပ်သည် လွန်စွာရင်းနှီးသော မိတ်ဆွေလင်မယားနှစ်ဦးမှ ဖိတ်ကြားထားသော ကလေးကင်ပွန်းတပ် တစ်ခုသို့ သွားရောက်ခဲ့လေ၏။ ကျွန်ုပ် သွားရောက်သော အချိန်တွင် ဘုန်းတော်ကြီး ဆွမ်းကပ်နေသော အချိန် ဖြစ်၏။ ကျွန်ုပ်လည်း အလှူရှင်များနှင့် အတူ ၀င်ရောက်၍ ကုသိုလ်ယူရင်း ၀ိုင်းဝန်း၍ ဆွမ်းကပ်၏။ အလှူရှင်များနှင့်အတူ အလှူတော်ငွေများ ထည့်ဝင်၏။ ထို့နောက် အလှူရှင်များနှင့်အတူ ရေစက်အတူချ တရားအတူနာ အမျှအတန်းပေးဝေ၏။ ဆရာတော်များသည် ဆွမ်းဘုန်းပေး တရားတော်များကို ချီးမြင့် ရေစက်ချပြီး ပြန်ကြွသွားလေ၏။





ကျွန်ုပ်တို့ကိုလည်း ဘုန်းတော်ကြီးများ ဆွမ်းဝိုင်းအကျများကို အိမ်ရှင်များမှ ကြွေးမွေးဧည့်ခံလေ၏။ အလှူရှင် လင်မယားနှစ်ဦးမှ ကိုဟိန်းတင့်ဇော် နေဦနော် အေးဆေးပေါ့ဟု အေးဆေးမှ ပြန်နော်ဟု ပြောသဖြင့် ကျွန်ုပ်ကလည်း ရပါတယ်ဗျာ။ လုပ်ပါလုပ်ပါ။ ကျွန်တော့်အတွက် စိတ်အနှောက်အယှက် မဖြစ်ပါနဲ့ဟု ပြန်ပြောလိုက်လေ၏။



ကျွန်ုပ်တို့ ခေါင်းရင်းဘက်ဝိုင်းတွင် ကျွန်ုပ်နှင့် တစ်ဝိုင်းတည်း ထိုင်နေကြသော သူ ၄-ဦးရှိ၏။ အသက်၄၅-နှစ်ခန်ရှိသော လင်မယားနှစ်ဦးနှင့် အသက် ၃၀လောက်ရှိသော အမျိုးသားတစ်ဦးဖြစ်လေ၏။ ကျွန်ုပ်အပါအ၀င် လူလေးဦး ၀ိုင်းထိုင်နေခြင်း ဖြစ်လေ၏။ လင်မယားနှစ်ဦးအနက်မှ အမျိုးသား ဖြစ်သူသည် ကျွန်ုပ်အား မကြာခန ဆိုသလို လှမ်းလှမ်း၍ အကဲခပ်ကြည်လေ၏။ အနည်းငယ်ကြာသောအခါတွင်လည်း အလှူရှင်အိမ်တွင် လူအနည်းငယ် ရှင်းသွားပြီဖြစ်၏။ တရားနာလာသော သူများသည်လည်း အလုပ်ဆင်းမီ ပြန်သွားကြပြီ ဖြစ်၏။ ထို့ကြောင့် အလုပ်ရှင်အိမ်တွင် အလှူရှင်မိသားစုနှင့် ကျွန်ုပ်အပါအ၀င် ဧည့်သည် လေးငါးယောက်လောက် သာ ရှိလေ၏။ အလှူရှင်ဖြစ်သူလည်း အခုမှ အနည်းငယ် အားလပ်သဖြင့် ကျွန်ုပ်တို့ ၀ိုင်းသို့ လာရောက်ထိုင်ရလေ၏။



အလှူရှင် ကိုအောင်ဝင်းက ကျွန်ုပ်တို့ ၀ိုင်းသို့ လာရောက်ထိုင်ရင်း ကျွန်ုပ်ရှေ့မှ လင်မယားနှစ်ဦးအား ကျွန်ုပ်နှင့် မိတ်ဆက်ပေးလေ၏။ ဒါက ဆရာကြီးမင်းသိင်္ခတပည့် ဗေဒင်ဆရာ ကိုဟိန်းတင့်ဇော်လေဟု မိတ်ဆက်ပေးလေ ၏။ အစောနကတည်းက ကျွန်ုပ်အား မကြာမကြာ အကဲခတ်နေသော ထိုသူသည် ကျွန်ုပ်ကို ဗေဒင်ဆရာဖြစ် သည်ဟု ကြားလိုက်ရသည်နှင့် တပြိုင်နက် ၎င်း၏ မျက်ခုံးနှစ်ဘက်သည် အနည်းငယ် မြင့်တက်သွားပြီး အံ့သြ သွားပုံရလေ၏။ ကျွန်ုပ်ကလည်း ၎င်းအား ဖော်ရွှေစွာဖြင့် ဟုတ်ပါတယ်ဗျာ။ မဟာချိုင်နေ၀စ်မှာ နေပါတယ်။ နေ၀စ်ဘက်ကို ရောက်ရင် ၀င်လည်လို့ ရပါတယ်။ ဖိတ်ခေါ်ပါတယ်ဟု ပြန်လည် နှုတ်ဆက်လိုက်၏။



၎င်းအမျိုးသားသည် ကျွန်ုပ်က ခင်မင်စွာဖြင့် ဖိတ်ခေါ်သော်လည်း ကျွန်ုပ်အား ခပ်တည်တည်ဖြင့် ကြည့်လိုက်ကာ အေးဗျ.... ကျွန်တော်ကတော့ ဗေဒင်တွေဘာတွေ တစ်ခါဘူးမှ မမေးဘူးပါဘူး။ ဒါပေမယ့် ကျွန်တော့် သူငယ်ချင်း အသိတွေ ဗေဒင်တွေဘာတွေ သွားမေးရင်းနဲ့တော့ အဖော်လိုက်သွားဖူးပါတယ်။ ရန်ကုန် မှာနေတုန်းကလည်း ခင်ဗျားတို့ ဆရာမင်းသိင်္ခရဲ့ တပည့်တွေဆီကို လိုက်သွာလို့ ရောက်ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော်က မေးတာတော့ မဟုတ်ပါဘူး။ အဖော်လိုက်သွားရင်း ရောက်ဖြစ်တာပါဟု ခပ်တည်တည်ဖြင့် ပြန်ပြောလေ၏။



ထို့နောက် ၎င်းက ဆက်လက်၍ ကျွန်တော် ဗေဒ်ဆရာတွေနဲ့ ပါတ်သက်လို့ နည်းနည်း အစာမကြေတဲ့ဟာလေး ရှိတယ်ဗျ။ အဲဒါကို ခင်ဗျားနဲ့ တွေ့တုန်း နည်းနည်လောက် ပြောလို့ရမလားဟု ပြန်မေးလေ၏။ ထိုအခါ ကျွန်ုပ်က မိတ်ဆွေကြီးက ကျွန်တော်ဆီမှာ ဗေဒင်လာမေးဘူးလို့လားဟု ပြန်မေးလိုက်လေရာ ၎င်းက မမေးဘူးပါဘူး။ ဒါပေမယ့် ဗေဒင်ဆရာတွေနဲ့ ပါတ်သက်တဲ့ ကိစ္စဆိုတော့ ဗေဒင်ဆရာကို ပြောတာ ပိုကောင်းမလားလို့ဗျ။ ပြောလို့ ရရ မရရ နည်းနည်းလောက်တော့ ပြောမယ်ဗျာဟု အားမနာတမ်း ပြောလေတော့၏။ ထိုအခါ အလှူရှင် ကိုအောင်ဝင်းကလည်း ကျွန်ုပ်အား အားနာသော မျက်လုံးများဖြင့် လှမ်းကြည့်လေ၏။



ထိုအခါ ကျွန်ုပ်ကလည်း ဒီနေ့ ကျွန်တော်လာတာက ကိုအောင်ဝင်းတို့ အလှူကို လာတာပါဗျာ။ မိတ်ဆွေကြီး စကားပြောချင်တယ် မေးချင်တယ်ဆိုရင်တော့ ကျွန်တော့်အခန်းကို လာခဲ့ပါ။ ကျွန်တော် ခင်ဗျားကို ကော်ဖီတစ်ခွက်ဖျော်တိုက်ပြီး ခင်ဗျား ပြောတဲ့စကားတွေကို အေးအေးဆေးဆေး နားထောင်ပေးပါ့မယ်ဟု ပြန်ပြောလိုက်လျှင် ၎င်း မသိဆိုးဝါးလှသော ဧည့်သည်က. ကျွန်ုပ် ပြန်ပြောသည်ကို အရေး မစိုက်သော အမူအယာဖြင့် ဆက်လက်၍ ကျွန်ုပ်အား အောက်ပါအတိုင်း တရစတ် ပြောချလေတော့၏။



အမှန်အတိုင်းပြောရရင် ကျွန်တော့ ဗေဒင်ဆရာတွေဆီကိုသွားရင် သူတို့ဘာတွေပြောတာလဲ နားထောင်ကြည့် တယ်။ ဘာတွေ ပြောကြလဲဆိုတော့ တစ်ချို့ ယတြာတွေကို ပြောပြပြီး ဘယ်လိုဖြစ်အောင် လုပ်လို.့ရတယ် ဒီလိုဖြစ်အောင် လုပ်လိုရတယ်ဆိုပြီးတော့ ပြောတာတွေ့ရတယ်။ သူ့ဘာသူနေတဲ့ တစ်ယောက်ကိုလည်း လုပ်လို့ ရတာဘဲလား။ ဆရာကြီးရဲ့ တစ်ချို့တပည့်တွေနဲ့ လည်း သူငယ်ချင်းတွေ သွားဗေဒင်မေး ယတြာချေနဲ့လုပ်တော့ လိုက်သွားရင်း တွေ့ဘူးတဲ့ ဆရာတစ်ချို့ လည်း ရှိခဲ့ဘူးပါတယ်။ တွေ.ဖူးတဲ့သူ အားလုံးနည်းပါးက မှားခြင်း မှန်ခြင်းဆိုတာထက် ဗေဒင်လာမေးသူ စိတ်ကြိုက်လုပ်ပေးလေ့ရှိတာကို တွေ့ဘူးပါတယ်။



ငါ့ကိုလာ မပြိုင်နဲ. ငါ့ပညာနဲ့ လုပ်လိုက်နိုင်တယ်ဆိုတဲ့ ဆရာတွေ များပါတယ်။ အားလုံးက အပြိုင်ဖြစ်ရင် အနိုင်လိုချင်ကြတဲ့ လူတွေကြီး ပါ။ လာမေးတဲ့ လူတစ်ယောက်ထဲရဲ့ အပြောမှာ ဗေဒင်ဆရာတွေက အမှန်လို့ အတည်ယူပြီး အနိုင်ရအောင် လုပ်ပေးကြတာ တကယ်တရားမျှတပါရဲ့လား။ တကယ်တော့ ခင်ဗျားတို့ ဗေဒင်ဆရာတွေဆိုတာ တနည်းအားဖြင့် စိတ်ရောဂါကု ဆရာဝန်တွေနဲ့ အတူတူပါဘဲ။ တစ်ခါတစ်လေ ဗေဒင်ဆရာတွေရဲ့ စကားတစ်ခွန်းက စိတ်ဓါတ်ကျသွားနိုင်စေသလို စိတ်ဓါတ်ကိုမြှင့်တင်ပြီးပေးပြီး ဘ၀ခွန်အားကိုလည်း တက်စေတယ် မဟုတ်လားဟု ကျွန်ုပ်အား ပြောလေ၏။



ထိုအခါ ကျွန်ုပ်လည်း ၎င်း၏စကားကို မည်သို့ ပြန်လည်ချေပပြောဆိုရမည်ကို မသိအောင် ဖြစ်သွားမိ၏။ မည်သို့ ရှင်းပြရမည်ကို နားမလည်နိုင် ဖြစ်မိ၏။ တစ်ချို့ စကားလုံးများသည် မရှင်းလင်းတာကပင် ကောင်းသေး၏။ ရှင်းပြလိုက်ကာမှ ပိုမို၍ ရှုပ်ထွေးသွားတတ်၏။ ထို့ကြောင့် ကျွန်ုပ်သည် ထိုလူအားမည်သို့ ပြန်ပြောရမည်ကို လုံးဝမတတ်သောကြောင့် မျက်လုံးကြီး အကြောင်သားဖြင့် ကြည်နေမိတော့၏။



ထိုအချိန်တွင် ကျွန်ုပ်တို့ ၀ိုင်းထဲတွင် တစ်ချိန်လုံး ငြိမ်၍ ထိုင်နားထောင်နေသော အမျိုးသားက ကျွန်ုပ်တို့ စကားဝိုင်းကို ၀င်ရောက်လာပြီးလျှင် ကျွန်ုပ်အားပြောသော အမျိုးသားကြီးကို အောက်ပါအတိုင်း လှမ်းပြောလိုက်လေ၏။



အော်... ခင်ဗျားမလဲ ဗေဒင်ဆရာကို ဘာတွေ သွားပြောနေတာတုံး။ ဗေဒင်ဆရာလဲ ဆရာဝန်လိုပဲပေါ့ဗျာ။ ဆရာဝန်တွေလည်း တစ်ခါတလေ လူနာတွေကို မပြောချင်တဲ့ စကားကို ပြောရတာပဲမဟုတ်လား။ ခင်ဗျား ရုပ်ရှင်တွေထဲမှာ မတွေ့ဘူးလား။ လုံးဝသေတော့မယ့် လူနာတစ်ဦးကို ဆရာဝန်က ဘာမှ မပူပါနဲ့။ သေချာပေါက် ခင်ဗျာ အသက်ရာကျော် နေရမယ်လို့ ပြောတာ တွေ့ဘူးလို့လား။ မသိမသာလေး ခေါင်းခါပြလိုက်တာ မဟုတ်လား။ ဗေဒင်ဆရာတွေလည်း ဒီလိုပေါ့ဗျာ။ တစ်ခါတလေကြတော့လည်း မကောင်းတဲ့ စကားတွေကို တော့ ဘယ်ပြောချင်ပါ့မလဲ။ ဒါပေမယ့် ဗေဒင်ဆရာဘက်ကလည်း ကြည့်ကြည့်ဦးလေ။ မပြောချင်ပေမယ့် မျက်လုံးမှိတ်ပြီး ပြောလိုက်ရတာပဲ မဟုတ်လား။



နောက်ယတြာကတော့ ဆရာကလည်း အမျိုးမျိုး ရှိတာပဲ မဟုတ်လား။ နောက် တစ်ခု စဉ်းစားကြည့်ရမှာက ဗေဒင်ဆရာတွေက အိမ်တကာ လှည့်ပြီး မဟုတ်တာတွေ လိုက်လုပ်ပေးတဲ့ ဆရာတွေကြတော့ တစ်မျိုးပေါ။့ ကိုယ်ရဲ့ ဗေဒင်ဟောခန်းမှာ ကိုယ့်ဘာသာ အေးအေးဆေးဆေးနေပြီး လာပြီးအကူအညီတောင်း ကြတာလေ။ သူက ကိုယ့်ဆီကို အကူအညီလာတောင်းတာ။ ဗေဒင်ဆရာရယ် လုပ်ပေးပါလို့လာပြီး အကူအညီတောင်းကြ တာ။



ဗေဒင်ဆရာက ဗေဒင်ဆရာပဲလေ။ တန်ခိုးရှင်မှ မဟုတ်တာ။ ကိစ္စမှန်သမျှ ဖြစ်စေ အောင်စေဆိုပြီး လုပ်ပေးလို့ မရပါဘူး။ နောက်ပြီး ကိုယ့်ဘာသာ အေးအေးဆေးဆေးနေတဲ့ လူတိုင်းကိုလည်း လိုက်လုပ်လို့ မရပါဘူး။ ကိုယ်နဲ့ ပါတ်သက်တဲ့ ကိစ္စတွေလောက်ကိုသာ လုပ်လို့ရတာပါ။ နောက်ပြီး ဗေဒင်ဆရာတွေဟာ တွေ.ဖူးတဲ့သူ အားလုံးနည်းပါးက မှားခြင်း မှန်ခြင်းဆိုတာထက် ဗေဒင်လာမေးသူ စိတ်ကြိုက်လုပ်ပေးလေ့ရှိတာကို တွေ့ဘူးတယ်။ ငါ့ကိုလာ မပြိုင်နဲ. ငါ့ပညာနဲ့ လုပ်လိုက်နိုင်တယ်ဆိုတဲ့ ဆရာတွေ များပါတယ်။ အားလုံးက အပြိုင်ဖြစ်ရင် အနိုင်လိုချင်ကြတဲ့ လူတွေကြီးပါ။



လာမေးတဲ့ လူတစ်ယောက်ထဲရဲ့ အပြောမှာ ဗေဒင်ဆရာတွေက အမှန်လို့ အတည်ယူပြီး အနိုင်ရအောင် လုပ်ပေးကြတာ တကယ် တရားမျှတပါရဲ့လားဆိုတာကတော့ ဗေဒင်ဆရာတိုင်း အဲလို မဟုတ်ပါဘူးဗျာ။ ဗေဒင်ဆရာတွေဆိုတာကလည်း ဘာသာရေးကို တန်ဖိုးထားတဲ့ လိုက်စားတဲ့ ဆရာတွေ အများကြီးရှိပါတယ်။ ကိစ္စတစ်ခု လာတိုင်ပင်တာနဲ့ ဒါဟာ သင့်တော်သလား မသင့်တော်တဲ့ ကိစ္စလားဆိုတာ မစဉ်းစားပဲ နေပါ့မလား။ သူတို့လည်း စဉ်းစားမှာပေါ့။ မဟုတ်ဘူးလား ဆရာရယ် ဟု ကျွန်ုပ်ဘက်သို့ လှည့်ကာ စစ်ကူတောင်းရင်း ကျွန်ုပ်၏ ရှေ့မှ လူကြီးအားလှမ်း၍ ပြောလိုက်လေ၏။



ထိုအခါ ကျွန်ုပ်ကလည်း ယောင်တောင်တောင်ဖြင့် ဗျာ ....... အော် .... ဟုတ်ပါတယ် ။ ဟုတ်ပါတယ်ဟု ကြောင်တောင်တောင်ဖြင့် ပြန်လည်၍ ခေါင်းညိတ်လိုက်မိ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ ဗေဒင်ဟောခန်းတွင် ဧည့်သည်တွေ စောင့်နေကြကြောင်း ဖုံးဆက်လာသဖြင့် ကျွန်ုပ်လည်း အလှူရှင် လင်မယားအား၎င်း ကျွန်ုပ်အား ၀ိုင်းဝန်းကူညီ၍ ပြောပေးသော မိတ်ဆွေအား၎င်း ကျွန်ုပ်၏ ရှေ့တည့်တည့်မှ ကျွန်ုပ်၏ မိတ်ဆွေကြီးအား၎င်း နှုတ်ဆက်ကာ ပြန်လာခဲ့လေတော့၏။



အပြန်တွင် အလှူရှင် ဖြစ်သော ကိုအောင်ဝင်းက စိတ်မရှိပါနဲ့ ဆရာရယ်။ ဒိလူက ဒီလိုပါပဲ။ စိတ်ရင်းတော့ ကောင်းပါတယ်။ စကားအပြောအဆို မတတ်တာလေး တစ်ခုပါပဲဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က ရပါတယ်ဗျာ။ ကျွန်တော်က သူမေးတာတောင် ကောင်းကောင်း ပြန်ဖြေတတ်တာ မဟုတ်ပါဘူး။ အခုတောင် ကျွန်တော့်ဘေးက မိတ်ဆွေက ကျွန်တော့်ကိုယ်စား ၀င်ပြောပေးလို့ တော်သေးတယ်။ မဟုတ်ရင် ကျွန်တော်တောင် ဘာပြန်ပြောရမှန်း မသိလို့ ချက်ချင်းတောင် ထပြန်ရမလား မဆိုနိုင်ဘူး။ ပြီးတော့ သူလည်း သူမြင်တာကို သူပြောတာ သူလည်း မမှားပါဘူးဗျာ။ မှန်ပါတယ်ဟု ကျွန်ုပ် ပြန်ပြော၍ ဆိုင်ကယ် တက္ကစီငှားကာ ပြန်လာခဲ့လေ၏။



အခန်းသို့ ပြန်ရောက်သောအခါ ဧည့်သည်များကို ဗေဒင်ဟောခြင်း ၊ ယတြာပေးခြင်း စသောအလုပ်များ ပြီးသောအခါ ရေးလက်စ အင်္ဂါသားသမီးများအတွက် ကံကောင်းသော အခါရွေးချယ်ပေးခြင်းစသည်ကို ဆက်လက် ရေးသားပေးလိုက်လေတော့သတည်း။



အင်္ဂါသားသမီးများအတွက် နေ့စဉ်ကံကောင်းစေသောအချိန်များ













































ကံအမြင့်ဆုံးအချိန်နံက်(၇း၃၀)မှ(၉း၀၀)တွင်း
တနင်္ဂနွေနေ့ဒုတိယကံမြင့်ချိန်နံနက်(၁၀း၃၀) မှ (၁၂း၀၀)တွင်း


တတိယကံမြင့်ချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း


ကံအမြင့်ဆုံးအချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း
တနင်္လာနေ့ဒုတိယကံမြင့်ချိန်နံနက်(၆း၀၀) မှ (၇း၃၀)တွင်းညနေ(၄း၃၀)မှ ည(၇း၀၀)တွင်း


တတိယကံမြင့်ချိန်နံက်(၉း၀၀)မှ(၁၀း၃၀)တွင်း


ကံအမြင့်ဆုံးအချိန်နံက်(၉း၀၀)မှ(၁၀း၃၀)တွင်း
အင်္ဂါနေ့ဒုတိယကံမြင့်ချိန်မွန်းတည့် (၁၂း၀၀)မှ(၁း၃၀)တွင်း


တတိယကံမြင့်ချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း


ကံအမြင့်ဆုံးအချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း
ဗုဒ္ဓဟူးနေ့ဒုတိယကံမြင့်ချိန်နံနက်(၇း၃၀) မှ (၉း၀၀)တွင်း


တတိယကံမြင့်ချိန်နံက်(၁၀း၃၀)မှ(၁၂း၀၀)တွင်း
ကံအမြင့်ဆုံးအချိန်နံက်(၁း၃၀)မှ(၁၂း၀၀)တွင်း
ကြာသပတေးနေဒုတိယကံမြင့်ချိန်မွန်းလွဲ(၁း၃၀)မှ(၃း၀၀)တွင်း
တတိယကံမြင့်ချိန်နံက်(၆း၀၀)မှ(၇း၃၀)တွင်းညနေ(၄း၃၀)မှ ည(၇း၃၀)တွင်း


ကံအမြင့်ဆုံးအချိန်နံက်(၆း၀၀)မှ(၇း၃၀)တွင်းညနေ(၄း၃၀)မှည(၇း၃၀)တွင်း
သောကြာနေ့ဒုတိယကံမြင့်ချိန်နံနက်(၉း၀၀) မှ (၁၀း၃၀)တွင်း


တတိယကံမြင့်ချိန်မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)တွင်း


ကံအမြင့်ဆုံးအချိန်မွန်းတည့်(၁၂း၀၀)မှ(၁း၃၀)တွင်း
စနေနေ့ဒုတိယကံမြင့်ချိန်ညနေ(၃း၀၀)မှ(၄း၃၀)တွင်း


တတိယကံမြင့်ချိန်နံက်(၇း၃၀)မှ(၉း၀၀)တွင်း




အပြည့်အစုံဆက်လက်ဖတ်ရန်...

တနင်္လာသားသမီးများအတွက် ကံကောင်းသောအခါရွေးချယ်ပေးခြင်း

ဒီတစ်ခါလာတဲ့ သူ့နာမည်က ကိုကျော်ခေါင်တဲ့။ အဘမင်းသိင်္ခ မြေလျှောက်ဝိဇ္ဇာ ရွှေမြသာဆိုတဲ့ စာအုပ်ထဲက ကိုကျော်ခေါင်တော့ မဟုတ်ဘူး။ ထိုင်းနိုင်ငံကို မြေလျှောက်ပြီး ရောက်လာတဲ့ ရွေ့ပြောင်းအလုပ်သမား ကိုကျော်ခေါင်ပါ။ သူ ထိုင်းနိုင်ငံကို ရောက်တာ အခုဆိုရင် (၁၅)နှစ်ကျော်ပြီ။ အခုတော့ သူက အလုပ်ရုံက အလုပ်သမားတစ်ဦး မဟုတ်တော့ပါဘူး။ သူ့ရဲ့ ဇွဲလုံးလ၀ိရိယနဲ့ သူ့ရဲ့ ကြိုးစားအားထုပ်မှု့ကြောင့် ပွဲစားဆိုတဲ့ နာမည်တစ်ခုကို အပိုင်စားရထားပြီး အတော်အသင့် အောင်မြင်တဲ့ လူတစ်ယောက် ဖြစ်နေပြီလေ။



သူလည်း ပွဲစားတို့ထုံးစံအတိုင်း တော်တော်အလုပ်များတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ အလုပ်များတဲ့ အထဲမှာ မိန်းမများလို့ အလုပ်များတာလဲ ပါတာပေါ့လေ။ မနက်မိုးလင်းကတည်းက မယားအငယ်လေးက လဘက်ရည် သောက်ချင်တယ်လို့ပြောလို့ သူကသွားဝယ်ပေးရတယ်။ နောက်မယားအလတ်က ကုန်တိုက်မှာ အလှကုန် ပစ္စည်း သွားဝယ်ပေးရမယ်ဆိုလို့ ကုန်တိုက်ကို လိုက်ပို့ပေးရတယ်။ နောက် မယားကြီးက အိမ်လခ ၊ ကားလခသွင်း ဘေတွေ သွားသွင်းရမယ်ဆိုလို့ သွားရသေးတယ်။ နောက် ကလေးကိစ္စ ခွေးကိစ္စ အစုံပါပဲလေ။



ဘယ်လောက်ပဲ အလုပ်တွေများများ ကိုကျော်ခေါင်ဆိုတဲ့လူက အပြုံးမပျက်ဘူးလေ။ သူ့ကိုယ်သူတောင် ဦးအောင်ဇေယျသွေး အပြည့်ပါတဲ့လူဆိုပြီး ဂုဏ်တောင်ယူနေသေးတာ။ ပြီးတော့ နောက်တစ်ခုရှိသေးတာက ဒီလူကိုမြင်လိုက်ရရင် ကျွန်တော်တို့တောင် အလိုလိုပျော်လာမိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူက ပျော်ပျော်နေတတ်တယ်။ သူ့မျက်နှာကကို အလိုလို ပြုံးနေတာ။ သူ့မိန်းမတွေကိုလည်း သူကသိပ်ချစ်တတ်တာ။ သိပ်ပြီး ဂရုစိုက်တတ်တာ။ ပြီးတော့ ပြောရရင် သူ့မိန်းမတွေကလည်း သူ့ကို သိပ်ချစ်ကြတာ။ ပါရမီကောင်း တယ်ထင်ပါရဲ့။





အဲဒီကိုကျော်ခေါင်ကြီးက ကျွန်တော်ဆီကို မကြာခနလာပြီး ဗေဒင်မေးလေ့ရှိတယ်။ သူ့အတွက် ဗေဒင်မေးတာ ကတော့ တစ်ခါတည်းပါ။ မကြာခနဆိုသလို ကောင်မလေးတွေ ခေါ်ခေါ်လာပြီး ဗေဒင်မေးခိုင်းလေ့ရှိတယ်။ ကျွန်တော်ကလည်း သူခေါ်လာတဲ့ ကောင်မလေးတိုင်းကိုလည်း ကိုကျော်ခေါင်နဲ့ ဘာတော်လည်းလို့ မေးတယ်။ အဲဒီမှာ သူခေါ်လာတဲ့ ကောင်မလေးတိုင်းက လင်မယားလို့ ပြန်ဖြေတယ်။ ကျွန်တော်က ကိုကျော်ခေါင်ကြီးမှာ မိန်းမ ဘယ်နှစ်ယောက်တောင် ရှိလဲလို့ ပြန်မေးလိုက်တော့ အဲဒီကောင်မလေးတွေက ဘာပြန်ပြောလဲဆိုတော့ အများကြီးပဲလို့ ပြန်ဖြေတယ်။



ခင်ဗျားတို့က မနာလိုမဖြစ်ဘူးလား၊ သ၀န်မတိုဘူးလားလို့ ပြန်မေးလိုက်တော့ သူတို့တွေက ဘာပြန်ပြောလဲ ဆိုတော့ ကျွန်မယောင်္ကျားကို သ၀န်လဲမတိုဘူး။ မနာလိုလဲမဖြစ်ဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ ကျွန်မယောက်ျား ကိုကျော်ခေါင်ကြီးက ရိုးသားတယ်။ မလိမ်ညာတတ်ဘူး။ အစသိတဲ့အချိန်တုန်းကတည်းက သူ့မှာ မိန်းမတွေအများကြီး ရှိတယ်လို့ပြောပြီးမှ ချစ်ခွင့်ပန်တာ။ အဲဒါကလည်း လေးစားစရာတစ်ခုပဲ။ နောက်တစ်ခုက သူက ယူပြီးသွားရင် ပစ်မထားဘူးဆရာရဲ့။ အားလုံးကို တပြေးညီတည်း အိမ်ထောင်ဦးစီး တာဝန်ကြေအောင် လုပ်ကျွေးတာဆိုတော့ အင်မတန်တော်တဲ့ အိမ်ထောင်ဦးစီး ယောက်ျားတစ်ဦးပါ ဆရာရယ်။ နောက်ပြီးတော့ ကျွန်မယောက်ျားက သမာသမတ်လည်း ရှိတယ်ဆရာရဲ့။ ဘက်မလိုက်တတ်ဘူး။ အားလုံးကို မျှမျှတတ ဆက်ဆံတတ်တယ်။ အမှန်အတိုင်းပြောရရင် ကိုကျော်ခေါင်က သူတော်ကောင်းကြီးပါ ဆရာရယ် အစရှိသည်ဖြင့် ကိုကျော်ခေါင်၏ ကောင်းကြောင်းတွေကိုထိုင်ပြီး ပြောတတ်ကြတယ်။ အဲဒီအချိန်မှာ ကိုကျော်ခေါင်ကြီးကတော့ မျက်နှာကြီး စပ်ဖြီးဖြီးကြီးနဲ့ပေါ့။



အဲဒီတော့ ကျွန်တော်က ဒါကတော့ ခင်ဗျားယောက်ျား ကိုကျော်ခေါင်ကြီး လုပ်နိုင်ကိုင်နိုင်တုန်း ဖြစ်နေလို့ပါ။ တစ်နေ့တစ်ချိန်ချိန် ကိုကျော်ခေါင်ကြီး မလုပ်နိုင်မကိုင်နိုင် ဖြစ်တဲ့အချိန် အသက်ကြီးတဲ့ အချိန်ကြရင်ကော ဘယ်လိုလုပ်ပါ့မလဲ။ အဲဒီအခါကြရင် ခင်ဗျားတို့က ကျုပ်တို့ ကိုကျော်ခေါင်ကြီးကို တစ်ယောက်ပြီး တစ်ယောက် ပစ်သွားကြမှာပဲ မဟုတ်လားဟု အတည်ပေါက်နှင့် ခပ်နောက်နောက် မေးလိုက်လေ၏။ ထိုအခါ ကိုကျော်ခေါင်၏ ဘယ်နှစ်ယောက်မြောက် မယားမှန်းမသိသော အမျိုးသမီးက အဲဒီလိုတော့ မပြောပါနဲ့ ဆရာရယ်။ တကယ်လို့ ကိုကျော်ခေါင်ကြီး မလုပ်နိုငမကိုင်နိုင်တဲ့ နေ့တွေကို ရောက်ရင် ကျွန်မတို့က တလှည့် ပြန်လုပ်ကျွေးဖို့ စုပြီး တိုင်ပင်ထားပြီးသားပါဆရာရယ်။ အထင်မသေးပါနဲ့ ဆရာရယ်ဟု ပြန်ပြောလေ၏။



ကိုကျော်ခေါင်ကို ကျွန်တော်က ဘယ်လိုမှ မဖြစ်နိုင်တာတွေကို ခင်ဗျားက ဖြစ်အောင် လုပ်တယ်ဆိုတော့ ခင်ဗျားမှာ အဆောင်လေး ဆေးလေးတော့ ရှိမယ်ထင်တယ်။ ဘာတွေဆောင်ထားပြီး ဘာဆေးတွေများ သောက်ထားလို့တုန်းဆိုလို့ ကျွန်တော်က မေးတော့ ကိုကျော်ခေါင်က ဘာပြန်ပြောတယ် မှတ်လဲ။ ဆေးတွေ အဆောင်တွေကတော့ တခြားမဟုတ်ပါဘူး ဆရာသမားရယ်။ မေတ္တာပေါ့။ မေတ္တာတရားက အရာရာကို အနိုင်ရစေတာပဲ မဟုတ်လား။ ကျွန်တော်က အားလုံးအပေါ်မှာ မေတ္တာထားလိုက်တာပါ။ အဲဒီတော့ အားလုံးက လည်း ကျွန်တော့်ကို ချစ်ခင်ကြတယ် ။ မေတ္တာရှိကြတယ်ပေါ့ ဆရာရယ်။ ဟားဟားဟား လို့ ရီမောရင်း ပြန်ပြောတယ်။



ကဲ... ကိုကျော်ခေါင် ... ဒီတစ်ခါကော ကျုပ်က ဘယ်သူ့အတွက် ဗေဒင်ကြည့်ပေးရမှလဲ၊ ပြောပါဦးဟု ကျွန်ုပ်က ပြောလိုက်လေရာ ကိုကျော်ခေါင်က ဘယ်သူ့အတွက်မှ ဗေဒင်မကြည့်ပါဘူး ဆရာသမားရယ်။ ကျွန်တော့်အတွက် အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ။ ဆရာသမားလည်း သိတဲ့အတိုင်းပဲလေ။ ကျွန်တော်က ပွဲစားဆိုတော့ အလုပ်ကလည်း ခပ်များများပဲ မဟုတ်လား။ ပြီးတော့ အချိန်ကောင်း အခါကောင်း နက္ခတ်ကောင်းဆိုတဲ့ စကားကို ကျွန်တော်က အရမ်းကြိုက်တာ။ ဒါကြောင့် တနင်္လာသား ကျွန်တော့်အတွက် ကံဇာတာ ပွင့်လန်းတိုးတက် ကောင်းမွန်စေမယ့် အချိန်ကောင်းလေးတွေ ရွေးပေးစေချင်တယ်။ ရွေးပေးရင်လည်း တစ်ရက်စာ မဟုတ်ဘူးနော်။ အမြဲတမ်း နေ့တိုင်း သုံးလို့ ရအောင် (၇)ရက်စာ ရွေးပေးစေချင် တယ်။



ကျွန်တော်က အဲဒီစာရွက်လေးကို အခန်းမှာကပ်ထားပြီး ကျွန်တော့်အတွက် ကံဇာတာအခွင့်အလန်း ကောင်းမွန်စေမယ့် အချိန်တွေကို ရွေးပြီး အလုပ်လုပ်ချင်လို့ ဆရာသမားရဟု ပြောသောကြောင့် ကျွန်ုပ်လည်း အောက်တွင်ဖော်ပြထားသော တနင်္လာသားသမီးများအတွက် အခါပေးစာရွက်လေးကို ပရင့်ထုပ်၍ ပေးလိုက်လေတော့၏။ ကိုကျော်ခေါင်လည်း ကျွန်ုပ်ပေးလိုက်သော စာရွက်လေးကိုရ၍ ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားပြီးလျှင် ပြန်တောမယ်ဆရာရေ... နွေရောက်ရင် မိန်းမတွေကို သီလရှင်ဝတ်ပေးမယ်။ အဖေတူ အမေကွဲ သားသမီးတွေ အားလုံးကို စုပေါင်းရှင်ပြုပေးမယ်။ ပွဲစားကြီးဦးကျော်ခေါင် မိသားစုသီးသန့် စုပေါင်းနားသ အလှူတော် မင်္ဂလာပေါ့။ အဲဒီအခါကြရင် ဆရာ့ကို ဖိတ်လိုက်ဦးမယ် ဆရာရေဟု ကျွန်ုပ်အား နှုတ်ဆက်၍ ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းမှ တဟားဟား အော်ရီကာ ပျော်ရွှင်တက်ကြွသော ခြေလှမ်းများဖြင့် ပြန်သွားလေတော့သတည်း။







အပြည့်အစုံဆက်လက်ဖတ်ရန်...

တနင်္ဂနွေသားသမီးများအတွက် ကံကောင်းသောအခါရွေးချယ်ပေးခြင်း

တစ်နေ့သ၌ ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ အသက်အရွယ်အားဖြင့် ၂၇-နှစ်ခန်ရှိသော မအေးအေးမိုးဟု အမည်ရသော မိန်းကလေးတစ်ဦး ရောက်ရှိလာလေ၏။ ထိုမိန်းကလေးသည် အင်မတန်မှ အလုပ်နှင့်ပါတ်သက်၍ လောဘကြီးလှသော မိန်းကလေးတစ်ဦး ဖြစ်လေ၏။ အလုပ်ရုံတွင်လည်း အလုပ်လုပ်၏။ ထိုအလုပ်ရုံတွင် သူမ ဈေးလည်းရောင်း၏။ အလုပ်ရုံတွင် လူလိုအပ်လာလျှင်လည်း သူမသည် ထိုအလုပ်ရုံတွင် အလုပ်သမားများ သွင်းပေးလေ၏။ ထိုအတူ မများသော ငွေကြေးများကိုလည်း နေ့ပြန်တိုးပေးလေ၏။ ထို့အတူ အိမ်တွင်လည်း အလကားမနေ အခွေငှား၏။ ထမင်းလခ ချက်ကျွေး၏။ ထိုကဲ့သို့ များပြားလှသော အလုပ်များကို အလုပ်နှင့် လက်မပြတ်အောင် တရစပ်လုပ်သူ ဖြစ်လေ၏။ သူမသည် ကျွန်ုပ်၏ ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းသို့ ရောက်ရှိလာလေ၏။



သူမသည် လွန်စွာအလုပ်များလှသည့်အားလျှော်စွာ ကျွန်ုပ်ထံတွင်လည်း မေးခွန်းပေါင်းများစွာကို တရစပ်မေး လေတော့၏။ ကျွန်ုပ်ကလည်း သူမမေးသမျှ မေးခွန်းတိုင်းကို ဖြေပေးရလေ၏။ ဒီနှစ် ကံဇာတာကောင်း မကောင်း မေးလေ၏။ ကျွန်ုပ်ကလည်း သုံးတန်ပေါ်နိစ်ဗေဒင်ပညာနှင့် ဂဏန်းဗေဒင်ပညာတို့ဖြင့် တွက်ချက်၍ ဟောပေးလိုက်၏။ သူမသည်လည်း ကျေနပ်သွား၏။ ထို့နောက် ပေးထားသောငွေများ ပြန်ရမလား မရဘူးလား ဟု မေးပြန်လေ၏။ ကျွန်ုပ်ကလည်း တားရော့ပညာဖြင့် ရ-မရ ကြည့်ပေးလိုက်၏။ တားရော့ကဒ်သည် နံပါတ်(၁၅) တစ္ဆေကဒ်ကျ၏။ ထို့ကြောင့် အဆင်မပြေ ကြန့်ကြာနေမည် မရသေးဟု ဟောပေးလိုက်၏။ သူမသည်လည်း မအီမလည်ကြီး ဖြစ်သွားလေ၏။





ထို့နောက် သူမကဆက်လက်၍ လက်ရှိသူမကို ချစ်ခွင့်ပန်နေသူ (၃)ဦးရှိတယ်။ ဘယ်သူ့ကို ဘ၀တစ်သက်စာ ရွေးချယ်ပေးရမလဲဟု ထပ်မံ၍ မေးပြန်လေ၏။ ကျွန်ုပ်ကလည်း ၎င်းတို့ သုံးဦးစလုံး၏ နေ့နံကို မေးမြန်းပြီးလျှင် တစ်ယောက်မှ အကျိုးမပေးကြောင်း အကုန်လုံး လူလိမ်များသာဖြစ်ကြောင်း နောက်ဆုံး ကျော်အောင်ဆိုသော တစ်ယောက်မှာ လက်ရှိ အိမ်ထောင်ရှိနေကြောင်း ရွေးချယ်ခြင်း မရွေးချယ်ခြင်းမှာ သင်၏ သဘောသာ ဖြစ်ကြောင်း ဟောပေးလိုက်၏။ သူမ၏ မျက်နှာကြီးသည် ပြိုတော့မည့် မိုးကဲ့သို့ ချက်ချင်း မဲမှောင်သွားလေတော့၏။



ထို့နောက် သူမ ဘာပဲမေးမေး အဆင်မပြေဘူးဟု ဟောပေးသော ကျွန်ုပ်အား ဒေါသ ဖြစ်လာပုံ ရလေ၏။ ထို့ကြောင့် သူမသည် အသံကျယ်ကျယ်ဖြင့် ကျွန်ုပ်အား အောက်ပါအတိုင်း ရန်တွေ့လေတော့၏။



ဘယ်လိုလည်း ဆရာသမားရယ် စိတ်ညစ်လို့ ဗေဒင်လာမေးတာ ဆရာ့ဆီမှာ ဗေဒင်မေးလိုက်မှ ကိုယ့်ကိုကို သတ်သေချင်စိတ်တောင် ပေါက်သွားတယ်။ နည်းနည်းပါးပါး စိတ်ချမ်းသာစရာလေးတွေ ပြောပါဦးဆရာရဲ့ ။ အခုတော့ ဘာမေးမေး စိတ်ချမ်းသာစရာကို မရှိဘူးဟု ကျွန်ုပ်အားရန်တွေ့သံဖြင့် ပြောလေတော့၏။ ထိုအခါ ကျွန်ုပ်က ...



ဒီမှာ မအေးအေးမိုးရဲ့။ ခင်ဗျားက အခုလာတာ ဗေဒင်လာမေးတာ မဟုတ်ဘူးလား။ စိတ်ချမ်းသာချင်လို့ လာတာဆိုရင်တော့ ခင်ဗျား လာတဲ့နေရာ မှားနေပြီထင်တယ်။ စိတ်ချမ်းသာချင်ယုံသက်သက် ဆိုရင်တော့ ဗေဒင်မေးဖို့တောင် လာစရာမလိုဘူး။ ကိုယ့်ကို စိတ်ချမ်းသာစရာ ပြောတတ်တဲ့ လူတစ်ယောက်ဆီကို သွားလိုက်ရင် ရပြီပဲမဟုတ်ဘူးလား။ ပြီးတော့ ပြောရဦးမယ် မိန်းကလေး။ ကျုပ်ကလည်း မိန်းကလေးကို ဗေဒင်ဟောနေတာနော်။ အားပေးစကားပြောနေတ မဟုတ်ဘူး။ ကျုပ်ရဲ့ မူရင်း စိတ်အမှန်ကို ပြောရရင် မိန်းကလေးကို ကောင်းတဲ့ စိတ်ချမ်းသာစေမယ့် စကားတွေ ပြောချင်တာပါ။ ဒါပေမယ့် အခုအချိန်က ဗေဒင်ဟောတဲ့ အချိန်လေ။



ကျုပ်တို့ ဗေဒင်ဆရာတွေအတွက် ဆောင်ပုဒ်လေးတစ်ခုရှိတယ်။ ဗေဒင်ဟောပါ သင်မပါစေနဲ့တဲ့။ ဆိုလိုတာက တော့ ဗေဒင်ဟောတဲ့နေရာမှာ ဗေဒင်ဟောတဲ့ အလုပ်တစ်ခုပဲ လုပ်ရမယ်တဲ့။ ကိုယ်ရေးကိုယ်တာ စိတ်ခံစားချက် တွေ မပါစေရဘူး။ သနားခြင်း၊ ၀မ်းသာခြင်း ၊ ၀မ်းနည်းခြင်း ၊ ချစ်ခြင်း ၊ မုန်းခြင်း ၊ ပျော်ရွှင်ခြင်း ၊ တက်ကြွခြင်း စတဲ့ ကိုယ်ရေးကိုယ်တာ စိတ်ခံစားချက်တွေ မပါရဘူး။



ဥပမာ ကိုယ်အရမ်းမုန်းနေတဲ့ လူတစ်ယောက် ဗေဒင်လာမေးတယ် ဆိုကြပါစို့။ သူ့ကိုလည်း ဗေဒင်ဟောပေးရ မယ်။ ဒါတာဝန်ပဲ။ သူ့ကို ကိုယ်က အရမ်းမုန်းနေတာမို့လို့ မကောင်းတာတွေချဉ်းပဲ ဟောမယ်လို့ လုပ်လို့ မရဘူးလေ။ ကိုယ်အသုံးပြုတဲ့ တွက်ကိန်းအရ မြင်တာတွေကို ပြောပြရမှာ။ ကောင်းတာတွေကိုပဲ မြင်မြင် ၊ မကောင်းတာတွေကိုပဲ မြင်မြင် အကုန်ပြောပြရမှာ။ ချစ်လို့ ကောင်းတာတွေကို ပြောမယ်၊ မုန်းလို့ မကောင်းတာ တွေကို ပြောမယ် အဲဒီလို လုပ်လို့ မှ မရတာ။ အဲဒီလိုလုပ်မယ်ဆိုရင်လည်း ဒါကို ဗေဒင်ဟောတယ်လို့ ပြောလို့ ဘယ်ရတော့မလဲ။ မဟုတ်ဘူးလားဟု ကျွန်ုပ်က ပြောလိုက်လေလျှင်....မအေးအေးမိုးက



ဟုတ်ပါပြီဆရာရယ် ကျွန်မက ကျွန်မရဲ့ ကံကြမမာကို အားမလိုအားမရ ဖြစ်မိလို့ အမှတ်တမဲ့ ပြောလိုက်မိတာပါ။ ကျွန်မကလည်း ကျွန်မရဲ့ ကံကြမ္မာကို အမှန်အတိုင်း သိရလို့လည်း ကျေနပ်ပါတယ်။ အခု ကျွန်မက ဆရာ့ကို အပြစ်မြင်နေတာ မဟုတ်ပါဘူးဟု ပြန်ပြောလေ၏။ ထို့နောက် မအေးအေးမိုးက ဆက်လက်၍



ဒီလိုပါဆရာ။ ကျွန်မက အလုပ်တွေ တအားများတယ်။ အဲဒီတော့ တစ်ချို့ အလုပ်တွေကိုကြတော့ အချိန်လေး အခါလေးရွေးပြီး လုပ်ချင်တာ။ ကျွန်မက တနင်္ဂနွေသမီးဆိုတော့ တနင်္ဂနွေသားသမီးတွေ အတွက် နေ့တိုင်း နေ့တိုင်း ဘယ်အချိန်ကောင်းတယ်၊ ဘယ်အချိန်မကောင်းဘူး အဆင်သင့် ရွေးချယ်လို့ရအောင် ပြောပေးစေချင်တယ်။ အဲဒါဆိုရင် ကျွန်မက အလုပ်တစ်ခု လုပ်တော့မယ်ဆိုတိုင်း အချိန်ကိုကြည့် ပြီးရင် ကောင်းမကောင်း ကြည့်မယ်။ ကောင်းရင်လုပ်မယ်။ မကောင်းရင် နောက်တစ်ချိန်ကို ပြောင်းစောင့်မယ်ပေါ့။ မကောင်းဘူးလားဆ၇ာဟု ပြန်ပြောလေသောကြောင့် ကျွန်ုပလည်း တနင်္ဂနွေ သားသမီးများအားလုံးအတွက် နေ့စဉ် ကံဇာတာကောင်းသော အောက်ပါအချိန်ဇယားကို မအေးအေးမိုးအား စာရွက်ထုပ်၍ ပေးလိုက်လေတော့ သတည်း။ မအေးအေးမိုးလည်း ကျွန်ုပ်ပေးလိုက်သော အခါပေး ဇယားကို ယူ၍ ကျွန်မ ကံဇာတာမကောင်းလို့ ၀မ်းနည်းတယ်- ဆရာ့ဆီကို သိချင်တာတွေ လိုချင်တာတွေ ရလိုက်လို့ ၀မ်းသာတယ် ။ ပြန်ဦးမယ် - နောက်ပြန်လာခဲ့ဦးမယ်ဟု ကျွန်ုပ်အား ဦးပီတာကြီးစတိုင် နှုတ်ဆက်၍ ပြန်သွားလေတော့သတည်း။





အပြည့်အစုံဆက်လက်ဖတ်ရန်...

အုန်းနို့ နှင့်ချက်သော ငါးဖယ်ငါးဆုပ်ဟင်း

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန်မရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံအတွင်းသို့ ကျွန်ုပ်၏မိတ်ဆွေ ကိုပီတာဆိုသည့် စိတ်မနှံ့သောလူကြီးတစ်ဦးသည် ရောက်ရှိလာလေ၏။ သူသည် ကျွန်ုပ်ကိုမြင်လျှင်မြင်ချင်.. “ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်..” ဟူ၍ ကိုးရိုးကားရားနှုတ်ဆက်လေ၏။ “အလို.. ကိုပီတာကြီး ရောက်လာပြီကိုး ဒီနေ့မနက်စာ ဘာဟင်းနဲ့ စားချင်သလဲ ပြောဗျာ ကျုပ်ကိုယ်တိုင်ချက်မယ်” ဟု ကျွန်ုပ်က ပြောလိုက်ရာ ၎င်းကိုပီတာကြီးက..



“ငါးဖယ်ငါးဆုပ်ဟင်းချက်ကွာ၊ ဒါပေမဲ့ ရိုးရိုးမချက်နဲ့ကွာ၊ အုန်းနို့ထည့်ချက်ကွာ၊ အုန်းနို့နဲ့ချက်တဲ့ ငါးဆုပ်ဟင်းက သိပ်ပြီးစားလို့ အရသာရှိတယ်၊ သွေးတိုးတဲ့လူဆိုရင် ဘယ်စားရမလဲကွ၊ ငါ့မှာက သွေးတိုးတွေဘာတွေ မရှိပါဘူး၊ ပြီးတော့ ချဉ်ပေါင်ကို ဟင်းချိုချက်၊ ဆားပေါ့ငါးပိကောင်လေးလည်း ကြော်ကွာ၊ ပြီးတော့ မုန်လာဥကို ရေနွေးဖျောပြီး သုပ်ကွာ၊ ထမင်းစားပြီးရင်တော့ အချိုတည်းဖို့လိုသေးတယ်၊ အချိုပွဲကိုတော့ အကျအန မလုပ်ပါနဲ့ကွာ၊ ဖြစ်ကတတ်ဆန်းပဲ လုပ်စမ်းပါ လက်ဖက်ရည်ကို နွားနို့နဲ့မဖျော်နဲ့ကွာ၊ အုန်းနို့နဲ့ဖျော်ပြီးတိုက်စမ်းပါ…” ဟု ပြောလေ၏။





ထို့ကြောင့် ကျွန်ုပ်လည်း ဂျလေဘီ မောင်ဆုခေါ်သော တပည့်ကလေးနှင့် တိုင်ပင်ကာ ကိုပီတာကြီး စားရန်အတွက် ငါးဖယ်ခြစ်များ၊ အုန်းနို့များ၊ စီစဉ်ချက်ပြုတ်ရလေတော့၏။ အလုံးစုံကျက်သောအခါ၌ ကိုပီတာကြီးအား ထမင်းပွဲပြင်ကာ ကျွေးမွေးရလေတော့၏။ ကိုပီတာကြီးသည် ထမင်းကို အမြိန်ရှက်စွာစားရင်း ကျွန်ုပ်အား.. “ဘဲရီးဂွတ်ဒ်၊ ဘဲရီးဘတ်ဒ်” ဟု ပြောပြန်လေ၏။ ထို့ကြောင့်ကျွန်ုပ်က.. “ဘယ်လိုဖြစ်တာလဲ” ဟု မေးရလေတော့၏။ ထိုအခါကိုပီတာကြီးက “မင်းကျွေးတာတွေက ကောင်းတယ်လေကွာ၊ အဲဒါကြောင့် ဘဲရီးဂွတ်ဒ်လို့ပြောတာ၊ ဒါပေမဲ့ နေ့တိုင်းမစားနိုင်ဘူးကွ၊ အဲဒါကြောင့် ဘဲရီးဘတ်ဒ်လို့ပြောတာ” ဟု ပြန်၍ဖြေလေ၏။



“နေ့တိုင်းစားချင်ရင်တော့ ကိုပီတာကြီး၊ နေ့တိုင်းလာခဲ့ပေါ့ဗျာ” ဟု ကျွန်ုပ်ကြောလိုက်ရာ ကိုပီတာကြီးက ခေါင်းကို တွင်တွင်ရမ်း၍.. “မဖြစ်နိုင်ပါဘူး ငါ့လူရာ၊ ငါ့မှာက ခေါငးစဉ်တပ်လို့မရတဲ့ အလုပ်တွေက အများကြီးကွ၊ ဘောလုံးပွဲကြည့်ရတယ်ကွာ၊ တို့အဘိုးကြီး လေးငါးခြောက်ယောက် စုပြီး တရားငြင်းတယ်ကွာ” ဟု ပြောလေ၏။ “တရားထိုင်တာ မဟုတ်ဘူးလား” ဟု ကျွန်ုပ်က ပြောလိုက်ရာ.. “တရားထိုင်တာ မဟုတ်ဘူးကွ၊ တရားထိုင်တာက ဘာမှပြဿနာမရှိဘူးကွ၊ ကိုယ့်ဘာသာကို တစ်ယောက်တည်း ထိုင်ရုံပဲ၊ အခုဟာက ဒီလိုမဟုတ်ဘူးကွ၊ ငါတို့ အဘိုးကြီး လေးငါးခြောက်ယောက်ဟာ သူလည်း တရားမရသေး ကိုယ်လည်း တရားမရသေးဘဲ လူရှင်းတဲ့ လက်ဖက်ရည်ဆိုင်မှာ ဆုံပြီး သူတရားမှန်တယ်၊ ကိုယ့်တရားမှန်တယ် ငြင်းကြတာကွ၊ မွဲနေတဲ့လူနှစ်ယောက် သူ့ထက်ငါ ချမ်းသာကြတယ်လို့ ပြောနေကြသလိုပါပဲကွာ၊ ဒါပေမဲ့ အကျင့်ဖြစ်သွားတော့ ဖြတ်လို့မရတော့ဘူးကွ၊ အချိန်တန်ရင် အဲဒီလက်ဖက်ရည်ဆိုင်ကို အရောက်လာကြတော့တာပဲ၊ လူစုံရင် ငြင်းကြတော့တာပဲ၊ အဲဒီစားပွဲကို တခြားလူတွေက မထိုင်ဘူးကွ၊ တို့အဘိုးကြီး ခြောက်ယောက်အတွက် ချန်ထားတယ်၊ အဲဒီစားပွဲကို လက်ဖက်ရည်ဆိုင် လာနေကျ ကလေးတွေက “ဓမ္မဖိုက်တင်စားပွဲ” လို့နာမည်ပေးထားကြတယ်ကွ” ဟု ကိုပီတာကြီးက ရယ်မော၍ပြောလေ၏။



“အဘိုးကြီးတွေဆုံပြီး တရားဆွေးနွေးတာ မဟုတ်ဘူးလား” ဟု ကျွန်ုပ်ကပြောလိုက်ရာ.. “ဘယ်ကလာ ဆွေးနွေးရမလဲကွာ၊ ငြင်းကြတာကွ၊ တစ်ခါတလေ ရန်တောင်ဖြစ်သေးတယ်၊ တစ်နေ့က အဘိုးကြီးတစ်ယောက် ပြောရင်းနဲ့ စိတ်က မထိန်းနိုင်လို့ ထိုးမယ် ကြိတ်မယ်ဆိုပြီး အကျီတောင်ချွတ်တယ်၊ အဲဒီလို အကျီချွတ်လိုက်တော့မှ ငယ်ငယ်တုန်းက ရင်ဘတ်မှာ ထိုးတားတဲံ စာနဲ့ အရုပ်က ပေါ်လာတာကိုးကွ” ဟု ကိုပီတာကြီးက ပြောလေ၏။ “ဘာစာနဲ့ ဘာအရုပ်လဲ ကိုပီတာကြီးရဲ့” ဟု ကျွန်ုပ်ကမေးလိုက်ရာ ကိုပီတာကြီးက.. “ရင်ဘတ်မှာ ထိုးထားတဲ့ပုံက ဂျစ်ကားပုံကွ၊ စာကတော့ “ဒီမောင့်အချစ် လေဒီဂျစ်” ဆိုတဲ့စာကွ လွတ်လပ်ရေးရပြီးတာစမှာ ဂျစ်ကားတွေက သိပ်ပြီးခေတ်စားတာ၊ ဗဟန်းဘက်မှာက ရုပ်ခပ်ချောချော မိန်းမတစ်ယောက်ဟာ ဂျစ်ကား တစ်ဝီဝီနဲ့ကွ၊ လူတိုင်းသူ့ကိုသိတယ်၊ သူ့ကို လေဒီဂျစ်လို့ခေါ်ကြတယ်၊ စောစောက ငါပြောတဲ့အဘိုးကြီးက အဲဒီတုန်းက လေဒီဂျစ်ကို တစ်ဖက်သတ် စွဲလန်းခဲ့ပုံရတယ်၊ အဲဒါကြောင့် ရင်ဘတ်မှာ အဲဒီစာနဲ့ အဲဒီပုံ ထိုးထားတာပေါ့ကွာ၊ အသက်ကြီးတော့လည်း တရားတွေဘာတွေ လိုက်စားပြီပေါ့ကွာ၊ ဒါပေမဲ့အခုလိုစိတ်ဆိုပြီး အကျီချွတ်လိုက်တော့ ငယ်ငယ်တုန်းက ကြောင်ခဲ့တဲ့ကိစ္စက ပြန်ပေါ်လေရောကွာ၊ အဲဒီတော့ ကျန်တဲ့လူတွေက တောင်းပန်ပြီး အကျီပြန်ဝတ်ခိုင်းရတယ်ကွ၊



အဲဒီမှာ သူနဲ့ရန်ဖြစ်တဲ့ အဘိုးကြီးက “ခင်ဗျား အပိုတွေမပြောနဲ့ သက္ကာရဒိဋ္ဌိပြုတ်ပြီးလည်း မပြောနဲ့၊ ရင်ဘတ်က အဲဒီစာနဲ့ အဲဒီဂျစ်ကားပုံကြီး ဖြုတ်ပစ်လိုက်ဦး ပြီးမှ ကျုပ်နဲ့စကားပြော” လို့ အနိုင်တွယ်တာပေါ့၊ ငါတို့လည်း ငိုအားထက်ရယ်အားသန်တာပေါ့ကွာ၊ မနည်းတောင်းပန်ပြီး ဖျန်ပေးလိုက်ရတယ်၊ ကလေးတွေပြောသလိုပဲ၊ ငါတို့ရဲ့ စားပွဲဟားလည်းတရားစာပွဲမဟုတော့ဘူး၊ ဓမ္မဖိုက်တင်စားပွဲ ဖြစ်နေပြီး ဒါပေမဲ့လည်း အချိန်ကျရင်တော့ မသွားဘဲ မနေနိုင်ဘူးဟေ့” ဟု ပြောလိုက်လေ၏။ ကျွန်ုပ်သည် ကိုပီတာကြီးအား ငြင်းခုံခြင်းမပြုဘဲ ရယ်မော၍နေလေ၏။ ထို့နောက်မှ ကျွန်ုပ်က.. “နေပါဦး ကိုပီတာကြီးရယ်..ခင်ဗျားတို့ အုပ်စုကလည်း တရားဝိုင်းမှာ ငြင်းတာ မကောင်းဘူး ရန်ဖြစ်တာမကောင်းဆိုတာ သိပါလျက် ဘာဖြစ်လို့ အဲဒါကိုဆက်ပြီးလုပ်နေကြတာလဲဗျာ” ဟု မေးလိုက်လေ၏။



“ဟ.. ဖိုး အောင်ထွန်းရ၊ ငရုပ်သီးဆိုတာ စပ်တယ်ကွာ၊ ဒီအရသာကို အခြားဟာမပါဘဲ သူ့ချည်းဘယ်လိုလုပ်လက်ခံမလဲကွာ၊ ဒါပေမဲ့ ထမင်းစားတဲ့ အခါမှာ ပူတာစပ်တာလေ၊ စားလိုက်ရမှ လျှာနိုးတာကွ၊ လျှာနိုးမှ နှုတ်မြိန်တာကွ၊ ဒါကြောင့် ပူပါလျက် စပ်ပါလျက် ငရုပ်သီးကို တို့ချစ်နေရတာမဟုတ်လား၊ အဲဒီလိုပဲဟေ့.. ငါတို့မှာလည်း ငြင်းလိုက်ကြ၊ ခုန်လိုက်ကြလုပ်ရင် ညာဏ်က နိုးနိုးသွားတယ်ကွ၊ ဘေးကကြည့်ရင်တော အရသာတွေ့နေတာကွ၊ အဲဒါကြောင့် အဲဒီ ဓမ္မဖိုက်တင်ဝိုင်းလေးကို ငါတို့လူကြီး ခြောက်ယောက်က စွဲနေကြတာ” ဟု ပြောလေ၏။



“ဟုတ်ပါ့မလားဗျာ” ဟု ကျွန်ုပ်ကမေးလိုက်ရာ ကိုပီတာကြီးက.. “မင်းလည်းပဲ နေ့စဉ်လူတွေနဲ့တွေ့ ယတြာတွေလုပ်ပေး၊ သူတို့ပြောတာတွေ နားထောင်ရတာ မင်းအဖို့ မသက်သာဘူးဆိုတာ မင်းကိုယ်တိုင် သိပါတယ်ကွာ၊ ဒါပေမဲ့ သူတို့ရဲ ပြဿနာတစ်ခုကို လေးလေးနက်နက် စဉ်းစားလိုက်တဲ့ အခါတိုင်း မင်းခေါင်းထဲမှာ ပညာနိုးသွားတယ် မဟုတ်လား၊ အဲဒီ့ အနိုးကလေးကို မင်းစွဲနေတာပါ၊ ဟုတ်မဟုတ် ပြန်ပြီးစဉ်းစားကြည့် ငါသွားမယ်ဟေ့” ဟု ဆိုကာ ကျွန်ုပ်၏ ကျောကုန်းကို သူ၏လက်သီးကြီးဖြင့် ဘုန်းကနဲ့ ထုကာ အော်ဟစ်ရယ်မော၍ ကျွန်ုပ်၏ခြံအတွင်းမှ ပျော်ရွှင်မြူးတူးစွာ ထွက်သွားလေတော့သတည်း။



အဘမင်းသိင်္ခ၏ စာပေများကို လေးစားကြသော စွဲလန်းကြသော လွန်စွာ နှစ်သက်ကြသော ကျွန်ုပ်၏ မိတ်ဆွေများအတွက် အဘမင်းသိင်္ခ၏ ၀တ္ထုတိုများကို အလျဉ်းသင့်သလို ပြန်လည် ရေးသားပေးပါမည်။ စာများကို ၀ိုင်းဝန်း ရေးသားပေးသော လွန်စွာခင်မင်ဖွယ် ကောင်းသော လွန်စွာ သဘောကောင်းသော ကျွန်ုပ်၏ ညီရင်းအကိုတမျှ ခင်မင်ရသော ကိုအောင်အား ကျေးဇူးအထူးပင်တင်မိပါကြောင်း.... အဘမင်းသိင်္ခ၏ စာများကိုဖတ်ရင်း တစ်စုံတစ်ရာ ရင်ထဲသို့ ရောက်ရှိနိုင်ပါစေ....

အပြည့်အစုံဆက်လက်ဖတ်ရန်...

ဒုတိယအိမ်နီးချင်း

ဒုတိယအိမ်နီးချင်း အကြောင်းကိုပြောရန် လိုပါသည်။ ထိုအိမ်နီးချင်းသည် ကျွန်ုပ်အိမ်၏ မျက်စောင်းထိုးအိမ်တွင် နေ၏။ သူသည် လွန်စွာ ကုန်ချောင်းချောင်းနိုင်သော လူတစ်ဦးဖြစ်၏။ သူ့ထက်ပို၍ စိတ်ဝင်စားစရာ ကောင်းသော သူမှာ သူ၏မိန်းမပင်ဖြစ်၏။ ထိုမိန်းမသည် အရပ်အမောင်းကောင်း၏ ပေါင်လုံးကြီးများကြီး၏။ ထိုပေါင်လုံးကြီးများနှင့် အတူ အခြားသောကိုယ်ခန္ဓာ အစိတ်အပိုင်းများလည်း ကြီးလှ၏။ လမ်းလျှောက်သောအခါ ခြေတံကို ပစ်၍ပစ်၍ လျှောက်တတ်သောကြောင့် မလှမ်းမကမ်း ရှေ့တည့်တည့် နေရာလောက်မှ ကြည့်လျှင် ထိုမိန်းမ လမ်းလျှောက်လာသည်မှာ ဆင်မကြီးတစ်ကောင် တရွေ့ရွေ့ လှမ်းလာသည်နှင့်တူ၏။



ထို့ကြောင့် ရှေးလူကြီးများပြောသော ဆင်မယဉ်သာ ဆိုသည်မျိုးပေလော မပြောတတ်ပေ။ ထိုမိန်းမသည် လူကောင် ထွားသလောက် အသံမှာလည်း အလွန်သေး၏။ သူ၏ အသံသည် ပတ္တာကျပ်နေသော တံခါးကို တွန်း၍ ဖွင့်သည်အခါ၌ မြည်သောအသံကဲ့သို့ ညှစ်သံပါ၏။ ၎င်းတို့ လင်မယားလည်း အိမ်တက်မင်္ဂလာ လုပ်၏။ ၎င်းတို့ ၏ အိမ်တက်မင်္ဂလာမှာ ငါးပူတင်း၏ အိမ်တက်မင်္ဂလာနှင့် ကွာ၏။ ဆင်မယဉ်သာ၏ ခင်ပွန်း ကုတ်ချောင်းချောင်း ငတိသည် ကျွန်ုပ်တို့၏ ရပ်ကွက်အတွင်းမှ လူများကိုခေါ်၍.. “ကျွန်တော် အိမ်တက်မင်္ဂလာ လုပ်ချင်တယ်ဗျာ၊ ဒါပေမယ့် ဘာမှ မလုပ်တတ်ဘူး၊ ကူညီကြပါဦး ” ဟု ဆိုကာ ငွေထုပ်ကိုချ၍ပေး၏။ “လူတွေဖိတ်ဖို့ ကိစ္စလဲ ခင်ဗျားတို့ စိတ်တိုင်းကျပဲ ဖိတ်ပါဗျာ၊ ကျွန်တော်ကတော့ ဒီရပ်က လူတွေပဲ ကျွေးချင်တာပါ၊ တခြားက ကျွန်တော့် မိတ်ဆွေတွေလဲ မဖိတ်တော့ပါဘူး” ဟု ပြောလေ၏။



ထိုအခါ ကိုမြစိန်ကြီးသည် ငွေထုပ်ကိုကောက်၍ ကိုင်ပြီးနောက်.. “ဘုန်းကြီးကျောင်းကိုတော့ အောင်မင်္ဂလာ ကျောင်းတိုက်ရယ်၊ ပါဋ္ဌိတက္ကသိုလ်ကျောင်းရယ် ပေါင်းပြီးပင့်လိုက်မယ်၊ ကျွေးတာကတော့ မန္တလေးကြာဇံချက် ကောင်းတယ်” ဟုဆိုကာ ကျန်သောသူများနှင့် တိုင်ပင်၍ စတင်စီစဉ်တော့၏။ ကုတ်ချောင်းချောင်းလူကမူ … “ခင်ဗျားတို့ ကြိုက်သလိုသာ လုပ်ကြပါဗျာ ” ဟု ပြောလေ၏။ ထို့နောက်တွင်ကား ကျွန်ုပ်တို့ရပ်ကွက်သူ၊ ရပ်ကွက်သားများ၊ အထူးသဖြင့် ကျွန်ုပ်တို့လမ်းထဲမှ လူများသည် မိမိအိမ်ကဲ့သို့ သဘောထားကာ ထိုအိမ်သို့ ဝင်ကြ၏၊ ထွက်ကြ၏၊ ချက်ကြ၏၊ ပြုတ်ကြ၏၊ လုပ်ကြ၏၊ ကိုင်ကြ၏။



ဆင်မယဉ်သာမကြီးကလည်း အပြောအဆို ညက်လှ၏။ အားလုံးကို အဆင်ပြေအောင် ခေါ်ပြောဆက်ဆံ၏။ သူ၏ ဦးလေး အရွယ်ရှိနေပြီဖြစ်သော ကျွန်ုပ်ကိုပင် ဦးလေးဟုမခေါ်ဘဲ “အစ်ကို” ဟု ခေါ်၏။ သူ၏ အစ်ကိုဟူသော ခေါ်သံမှာလည်း အစ်ကို အစစ်မဟုတ်၊ ဆောင်းဇာတ်ကားတွင် ကရင်မလေးအဖြစ် သရုပ်ဆောင်ရသော စံရှားတင်က တော်လှန်ရေးရဲဘော်အဖြစ် သရုပ်ဆောင်ရသော ထွန်းဝေအား ခေါ်သကဲ့သို့ “အပ်ကို” ဟု အသံထွက်လေ၏။ “အပ်ကို ညီမတို့အိမ်ကို နေ့တိုင်းလာလည်ရမယ်နော်၊ ညီမတို့က အဖော်ရှိတာ မဟုတ်ဘူး ပျင်းနေမှာ” ဟု သူမ၏ မျက်လုံးဝိုင်းကြီးများကိုဝင့်၍ ပြောလိုက်သောအခါ၌ ကျွန်ုပ်၏ တစ်ကိုယ်လုံးသည် ဌက်ပျောသီးခြောက် ကဲ့သို့ ရှုံ့၍သွားလေ၏။



ဆင်မယဉ်သာကြီးသည် တစ်ချိန်လုံး ကျွန်ုပ်ကို “အပ်ကို” နေတော့၏။ ထို့ကြောင့်ကျွန်ုပ်တို့ လမ်းထဲမှ သန်းသန်းဆို သောမိန်းမက ကျွန်ုပ်၏နံဘေးမှကပ်၍ ထင်းများကိုသယ်သွားရင်း.. “အပ်ကို ထင်းကလေးဘာကလေး ဝိုင်းသယ်ပါဦး” ဟု ကျွန်ုပ်အား နောက်ပြောင်သွားလေတော့၏။ ဤသို့နှင့်ပင် ကုတ်ချောင်းချောင်း ငတိနှင့်ဆင်မယဉ်သာတို့၏ အိမ်တက်မင်္ဂလာသည် စည်ကားသိုက်မြိုက်စွာ ပြီးဆုံးသွားလေတော့၏။ ထိုအချိန်မှစ၍ ၎င်းတို့နှစ်ဦးသည်လည် ဤရပ်ကွက်တွင် မြေဂရမ်ပေးစ လွန်ခဲ့သော နှစ်ပေါင်းကိုးဆယ်ကပင် နေခဲ့ ကြသည့်အလား ရပ်ကွက်သူ ရပ်ကွက်သား စစ်စစ်ကြီး ဖြစ်သွားလေတော့၏။



အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး သုံးလခန့်ကြာသောအခါ၌ သန်းသန်းဆိုသော မိန်းကလေးက ကျွန်ုပ်၏ ဆိုင်သို့ဝင်လာပြီး “အပ်ကို ဟိုစုံတွဲအကြောင်း သိပြီးပြီလား” ဟု မေးလေ၏။ “ဟင်အင်း၊ ငါမသိဘူး၊ ဘာဖြစ်လို့လဲ” ဟု ကျွန်ုပ်က ပြန်၍မေးလိုက်၏။ “ယောကျာ်းလုပ်တဲ့လူက အဓိပတိဇိမ်ပွဲစားကြီးဆိုပဲ၊ ကောင်မကလဲ မူးယစ်ဆေးဝါး ကယ်ရီလို့ပြောတယ်၊ အရင်က တရုတ်သူဌေးတစ်ဦးရဲ့ မယားငယ်တဲ့၊ ကောင်မကော အကောင်ကော မန္တလေးမှာ အဖမ်းခံနေရပြီ” ဟု ပြောလေတော့၏။ “အင်း ဟုတ်ချင်လဲ ဟုတ်မှာပေါ့” ဟု ကျွန်ုပ်က ပြောလိုက်ရာ သန်းသန်းက.. “ကဲသွားမယ် အပ်ကို” ဟုပြောကာ ကျွန်ုပ်အား နောက်တီးနောက်တောက် လုပ်သွား၏။



ထို့နောက်တွင်လည် ထိုစုံတွဲ၏ သတင်းသည် ဟိုမှဒီမှ အနံ့ထွက်လာလေ၏။ အမှန်စင်စစ်လည်း ထိုစုံတွဲသည် အိမ်ကို သော့ပိတ်၍ တစ်လခန့် ပျောက်နေ၏။ ပြန်၍လာသောအခါ၌ ပစ္စည်းများ ကားအပြည့်တင်၍ ပြန်လာခဲ့ ခြင်းဖြစ်သည်။ ပုန်းရည်ကြီးထုပ်များ သနပ်ခါးတုံးများ၊ ပျားရည်ပုလင်းများမှအစ အတော်ကလေး စုံစုံလင်လင် ပါလာကြ၏။ “အပ်ကိုရေ သာဓုသာ ခေါ်ပေတော့ ၊ ညီမတို့လင်မယား အညာမှာ သဲပုံစေတီတောင် မကျန်အောင် ဘုရားတွေ လိုက်ဖူးနေတာ” ဟု ပြောကာ ကျွန်ုပ်အား ပုန်းရည်ကြီးနှစ်ထုပ်နှင့် ထိုးမုန့်နှစ်ထုပ်ပေ၏။ ကျွန်ုပ်လည်း ကျေနပ်၍သွား၏။ ထို့ကြောင့် သာဓုခေါ်၏။



သန်းသန်းမှာ ရှင်မတောင်သနပ်ခါးတုံး နှစ်တုံးရ၏။ သူလည်း ကျေနပ်သွားပုံရ၏။ ကိုမြစိန်ကြီးမှာမူ ပုန်းရည်ကြီး၊ ထိုးမုန့်၊ ပျားရည်အပြင်၊ ညောင်ဦးမှ ဝယ်လာသော ရွှေင်ရောင် ယွန်စီးကရက်ဘူးကလေး တစ်ဘူးကိုပင် ရသောကြောင့် သာဓုခေါ်၏။ ဤအိမ်နီးချင်းကား ကိုးရိုးကားရား ရုပ်ပုံများဖြင့် တန်ဆာဆင်ထားသော ပလပ်စတစ် ဖဲထုပ်နှင့် တူ၏။ ကြည့်ရသည်မှာ လျှပ်ပေါ်လော်လီသည်ဟု ထင်ရသော်လည်း ထိုဖဲထုပ်သည် အကစားခံသောကြောင့် ဖဲသမားတို့ နှစ်သက်ကြသည်သာတည်း။



အဘမင်းသိင်္ခ၏ စာပေများကို လေးစားကြသော စွဲလန်းကြသော လွန်စွာ နှစ်သက်ကြသော ကျွန်ုပ်၏ မိတ်ဆွေများအတွက် အဘမင်းသိင်္ခ၏ ၀တ္ထုတိုများကို အလျဉ်းသင့်သလို ပြန်လည် ရေးသားပေးပါမည်။ စာများကို ၀ိုင်းဝန်း ရေးသားပေးသော လွန်စွာခင်မင်ဖွယ် ကောင်းသော လွန်စွာ သဘောကောင်းသော ကျွန်ုပ်၏ ညီရင်းအကိုတမျှ ခင်မင်ရသော ကိုအောင်အား ကျေးဇူးအထူးပင်တင်မိပါကြောင်း.... အဘမင်းသိင်္ခ၏ စာများကိုဖတ်ရင်း တစ်စုံတစ်ရာ ရင်ထဲသို့ ရောက်ရှိနိုင်ပါစေ....



အပြည့်အစုံဆက်လက်ဖတ်ရန်...

မနောမယပန်ကာပုံမတွေ.ဘူးဆရာ ပြန်တင်ပေးပါလား

ဤထူးမြတ်သော ကျင့်စဉ်သည် ကျွန်ုပ်တို့၏ အဘဒေါက်တာမင်းသိင်္ခ၏ မနောမယ လက်ဆောင်ပေါင်းချုပ် စာအုပ်တွင်ပါသော စာမူတစ်ပုဒ်ဖြစ်ပါသည်။ မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါသည်။ တစ်နေ့မှာ ငါ့ဆီကို ယဉ်ကျေးသိမ်မွေ့တဲ့ လူငယ်လေးတစ်ယောက် ရောက်လာတယ်။ သူနဲ့ ငါနဲ့က မသိပါဘူး။ သူ့ပြောပြချက်အရ သူဟာ တောင်ဥက္ကလာ (၃)ရပ်ကွက် ၊ ငွေကြာယံရိပ်သာ ၊ နှင်းဆီလမ်း ၊ အမှတ်(၈)မှာ နေတယ်လို့ ဆိုတယ်ကွယ့်။ သူ့နာမည်က အောင်ကျော်ဇောတဲ့။ သူဟာ တစ်နေ့မှာ ငါ့ဆီကို ရောက်လာတယ်။ ရောက်လာတာကလည်း မနက်အစောကြီးပဲကွ။ သူ့ကို ငါကတွေ့တော့ ဘာကိစ္စလည်းလို့ မေးလိုက်တယ်။


အဲဒီအခါမှာ သူက ဆရာံကို စာအုပ်လေးတစ်အုပ် ပေးချင်လို့ပါလို့ ပြောတယ်။ သူ့စကားကိုလည်းကြားရော ငါဟာ သိပ်ပြီးအံ့သြသွားတယ်။ များသောအားဖြင့် ငါ့ဆီလာရင် ဘာလေးညာလေး ပေးပါဆိုပြီး လာတောင်းတဲ့ သူများတယ်။ သူကတော့ လာပေးတဲ့ လူ ဖြစ်နေတယ်။

အဲဒီတော့ ငါက လုပ်စမ်းပါဦး အောင်ကျော်ဇောရယ်လို့ ပြောလိုက်တော့ သူက ဒီစာအုပ်က ကျွန်တော်စာအုပ်ပဲ။ ဒါပေမဲ့ ဆရာ့ကိုတော့ အပိုင်ပေးလို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်အမ အမေရိကားသွားတုန်းက ၀ယ်ပြီး ကျွန်တော်ကို လက်ဆောင်ပေးတဲ့ စာအုပ် ဖြစ်နေလို့ပါပဲ။ အဲဒီတော့ ကျွန်တော် ဒီစာအုပ်ကို ဆရာ့ဆီ ငှားမယ်။ ဆရာဖတ်ပြီးရင် ကျွန်တော်စာအုပ်ကို ကျွန်တော်ကို ပြန်ပေးပါလို့ ပြောတယ်။

ပြီးတော့ သူဟာ ငါ့ကို စာအုပ်လေးတစ်အုပ် ပေးသွားတယ်။ အဲဒီစာအုပ်လေးက စာမျက်နှာ ၂၂ မျက်နှာပါတယ်။ စာအုပ်ရဲ့နာမည်က တယ်လီကပ်ပါဝါ ( TELE-CULT POWER) လို့ခေါ်တယ်။ စာအုပ်ရဲ့ အဖုံးမှာ အုပ်ရေ သုံး သိန်းကျော် ရိုက်နှိပ်ခဲ့ရသည်လို့ ပါတယ်။ အဲဒီစာအုပ်ကို ရေးတဲ့ စာရေးဆရာ ဒါမှမဟုတ် ကျမ်းပြုဆရာရဲ့နာမည် က ရီဆီးပီကျူးဗင်းလို့ ဆိုတယ်။

သူဟာ စာအုပ်ရဲ့ တစ်နေရာမှာ ပန်ကာပုံလေးတစ်ခု ဖော်ပြထားတယ်ကွယ့်။ ဟောဒီ ပန်ကာလေးမျိုးပါပဲ ဟုဆိုကာ ကျွန်ုပ်သည် စာအုပ်၏ တစ်နေရာမှ ပန်ကာပုံလေးကို ဖော်ပြလိုက်လေ၏။


ဒါလေးကို ကျမ်းပြုဆရာက ဟစ်နိုစကုတ်လို့ နာမည်ပေးထားတယ်။ ဟစ်နိုဆိုတာ စိတ်ညှိ့တဲ့ ကိရိယာပေါ့ကွာ ဟု ကျွန်ုပ်က ပြောလိုက်လျှင် အယ်ဒိတာ မောင်မောင်မြင့်အေးက

စာအုပ်နာမည်က ခပ်ဆန်းဆန်းပဲ ဆရာရဲ့။ တယ်လီကပ်ပါဝါလို့ ရေးထားတယ်ဆို ။ တယ်လီကပ်ဆိုတာ အင်္ဂလိပ် စကားမှာ မတွေ့ဘူးသလောက်ပါပဲဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က

မင်း... ဘယ်တွေ့ဘူဖူးပါ့မလဲကွ။ တယ်လီနဲ့ ကပ်နဲ့ကို ပေါင်းထားတာ။ တယ်လီဆိုတာက မင်းသိတဲ့အတိုင်း တယ်လီဖုန်း တယ်လီဗေးရှင်းလို့ ရှိတယ် မဟုတ်လား။ အဲဒီမှာ တယ်လီဆိုတဲ့ စကားလုံးက အဝေးကို ပြောတာကွ။ ကပ်ဆိုတာက သြကပ်တစ်ကနေ လာတာ။ လောကီပညာကို ပြောချင်တာပေါ့။ ပါဝါဆိုတာက စွမ်းရည်တန်ခိုးကို ခေါ်တာ။ အဲဒီတော့ အဝေးကနေ လုပ်ယူလို့ရတဲ့ လောကီပညာရဲ့ စွမ်းရည်ပေါ့။

အဲဒီမှာ သူက နမူနာအဖြစ် ရေးပြထားတာကတော့ ကျန်းမာရေးအတွက်ကို မနောမယ ပန်ကာကိုကြည့်ပြီး ရောဂါပျောက်အောင် ကုတာကို ဖော်ပြထားတယ်။ ဒါပေမဲ့ ကျမ်းပြုဆရာက ပန်ကာလေးရဲ့ ဗဟိုချက်ကို ၈-လက်မ ဒါမှမဟုတ် ၁၅-လက်မ အကွာကနေ သေသေချာချာထိုင်ပြီး ကြည့်ပါတဲ့။

ခန္ဓာကိုယ်မှာ ရှိတဲ့ အကြော တွေကို လျော့ပါတဲ့။ ဘာကိုမှ တွေးကြံမနေပါနဲ့တဲ့။ စိတ်ဟာ လုံးလုံးကြီး ဗလာဟင်းလင်း ဖြစ်နေပါစေတဲ့။ ပြီးတော့မှ ကိုယ်လိုချင်တဲ့ အရာကို ပါးစပ်က ဖြည်းဖြည်းမှန်မှန် ရွတ်ဆိုပေးပါတဲ့။ ဥပမာ အိမ်ပိုင်မရှိသေးတဲ့လူက ရွတ်မယ်ဆိုပါတော့။ အဲဒါကို နမူနာအဖြစ် ပြောပြမယ်။ ဟောဒီလို ရွတ်ရင် ရတာပေါ့ကွယ်။

ငါဟာ မကြာခင်အချိန်ကာလ အတွင်းမှာ
အိုးပိုင် အိမ်ပိုင်ရတော့မယ်။
ငါ့မှာ အိမ်ဝယ်စရာ ငွေမရှိပေမဲ့
ဟောဒီ မနောမယပန်ကာလေးရဲ့အစွမ်းကြောင့်
တစ်နည်းနည်း တစ်ဖုံဖုံနဲ့
အိမ်ပိုင်လေးတစ်လုံး ရရမယ်။
အိမ်ပိုင်လေးတစ်လုံးရဖို့ သေချာနေပြီ။
တစ်နာရီထက် တစ်နာရီ
တစ်နေ့ထက် တစ်နေ့
ရဖို့ နီးကပ်လာပြီ။
မလွဲမသွေ ရကိုရရမယ်။

မောင်မောင်မြင့်အေးရေ... ဒီစာက နမူနာအဖြစ် ရေးပြထားတာ။ ဒီထက်ကောင်းအောင်ေ၇းနိုင်ရင်လဲ ရေးပေါ့ ကွာ။ ဒါက အိမ်အတွက် ရေးပြထားတာ။ အိမ်မဟုတ်ပဲ တစ်ခြားပစ္စည်း လိုချင်ရင်လည်းကွယ်။ ဒီလိုပဲ မနောမယ ပန်ကာလေးနဲ့ အလုပ်လုပ်ရမှာပေါ့ဟု ကျွန်ုပ်က ပြောလိုက်ရာ အယ်ဒိတာ မောင်မောင်မြင့်အေးက

ဆရာကြီးဟာ တော်တော့်ကို စိတ်ကူးယဉ်တဲ့ ကိစ္စပဲ။ ပြီးတော့ ဒီအလုပ်ဟာ ကမ္မဋ္ဌာန်း ထိုင်တဲ့အလုပ်နဲ့ အတူတူ ပါပဲလား။ အဲအဲ မဟုတ်ပါဘူး။ ကသိုဏ်းကြည့်တဲ့ အလုပ်နဲ့ တူနေပါလား။ ဆရာကြီးပြောသလို ဒီပန်ကာလေးကို ကြည့်ပြီး ရွတ်ဆိုလို့ အိုးပိုင်အိမ်ပိုင် ရမယ်ဆိုရင် ဆင်းရဲတဲ့လူ ဘယ်ရှိတော့မလဲ။ အကုန်လုံး လုပ်ကုန်ကြတော့မှာ ပေါ့ဟု ပြောလေ၏။

ဒီလိုရှိတယ် မောင်မောင်မြင့်အေးရဲ့။ ငါတို့ ဂေါတမ မြတ်စွာဘုရားက နိဗ္ဗာန်ရောက်ဖို့ ဟောပြောခဲ့တာပဲ။ အဲဒီနိဗ္ဗာန်ရောက်ကြောင်း တရားတွေကို ဆရာတော်ကြီးတွေလည်း ဟောပြောနေတာပဲ။ ဒါပေမယ့် လုပ်နိုင်တဲ့လူ ဘယ်နှစ်ယောက်ရှိလို့လဲကွယ်။

အဲဒီလိုပဲ။ ဒါလေးကြည့်ပြီး ဒီဟာလေးကို ရွတ်ဆိုပါဆိုတော့ အပြောကတော့ လွယ်တယ်။ နေ့စဉ်ရက်ဆက် ရွတ်ဆိုရမယ် ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူးကွယ်။ ဒါကြောင့် တစ်လလောက်လုပ်ပြီး ကိုယ်လိုချင်တာ မရတဲ့အခါမှာ လူဟာ စိတ်ပျက်လာတာပဲ။

အဲဒီမှာ ဖြစ်မှာ မဟုတ်လောက်ပါဘူးကွာ ဆိုပြီး ရပ်ပစ်လိုက်တတ်တယ်။ မင်းကို ငါတစ်ခု ပြောမယ်။ မင်း ၀င်ငွေအနေနဲ့ တစ်နှစ်အတွင်း မော်တော်ကားတစ်စီး ရနိုင်ပါ့မလားဟု ကျွန်ုပ်က မေးလိုက်လျှင် မောင်မောင်မြင့်အေးက သူ၏ နဖူးကြီးကို လက်ဝါးဖြင့် ပုတ်ရင်း...
ကျွန်တော့် ၀င်ငွေနဲ့ မရနိုင်ပါဘူး ဆရာရယ်ဟု ပြန်၍ပြောလေ၏။

အေး... ငါ မင်းကို ပြောပြမယ်။ ဒီမနောမယ ပန်ကာလေးကို တစ်နေ့ကို တစ်နာရီကြည့်ပြီး ငါပြောသလို ရွတ်ဆို။ မင်း တစ်နှစ်အတွင်း ရလိမ့်မယ်။ကြားထဲမှာ ပျက်ရက်တွေ ဘာတွေ မလိုဘူး။ ဆက်တိုက် ရွတ်ရမယ်။ အဲဒီလို လုပ်ရင်းနဲ့ တစ်နေ့မှာမင်းလိုချင်တဲ့ ကားကို ရနိုင်မဲ့နည်းတွေ မင်းခေါင်းထဲကို ဖျတ်ခနဲ ရောက်လာလိမ့်မယ်။ အဲဒီအတိုင်းသာ လုပ်။

လုပ်မကြည့်သေးဘဲ မရပါဘူးဆိုတဲ့ စကားမျိုး မပြောနဲ့။ မင်းကို ငါ နည်းပေးတာ အင်္ဂလိပ်စာအုပ်ကို ဖတ်ပြီး ကိုယ်တိုင် လုပ်မကြည့်ဘဲ ပေးတာ မဟုတ်ဘူး။ ငါ ကိုယ်တိုင် စမ်းကြည့်ပြီးပြီ။ အတော့်ကို ထူးခြားတယ်။ ဒီ မနောမယ ပန်ကာလေးက မင်းဘ၀ကို အမြစ်ကနေ ပြောင်းပြန်လှန်ပြီး ပြောင်းလဲ ပစ်လိုက်မယ်ဟေ့။ ဒါနဲ့ ပတ်သက်လို့ ငါ စာအုပ် တစ်အုပ် ရေးနေတယ်ဟု ကျွန်ုပ်က ပြောလိုက်လျှင် မောင်မောင်မြင့်အေးက...

ဆရာကြီးက ဒီလောက် အာမခံနေမှတော့ စမ်းကြည့်ရတာပေါ့ ဆရာကြီးရယ်။ ကျွန်တော်ကိုပြောတဲ့ ဒီ အကြောင်းအရာလေးကို ၀ါသနာပါတဲ့လူတွေ စမ်းကြည့်နိုင်အောင် ရောင်ပြန် မဂ္ဂဇင်းထဲမှာ ထည့်လိုက်မယ်။ဟု ဆိုကာ ကျွန်ုပ်အား ပြုံးပြ၍ ထွက်သွားလေ၏။

မောင်မောင်မြင့်အေး၏ အပြုံးသည် မော်တော်ကား ရတာ မရတာ အပထား။ မဂ္ဂဇင်းအတွက်တော့ ဆောင်းပါး တစ်ပုဒ်တော့ ရပြီဟူသော အဓိပ္ပာယ်များ ပါဝင်နေသည်တကား။
မှတ်ချက်။........။၎င်း မနောမယ ပန်ကာပုံလေးအား ကျွန်ုပ်တို့၏ အဘမင်းသိင်္ခ တရားကျင့်ရာ အခန်းတွင်း၌ အမြဲမပြတ် ချိပ်ဆွဲထားကြောင်းနှင့်။

ယခု ကျွန်ုပ်ဘ၀၏ လိုအင်ဆန္ဒများကို ပြည့်စုံအောင် ကြိုးစားအားထုပ်ရာ၌ အဘဒေါက်တာမင်းသိင်္ခ အမွေပေး ထားခဲ့သော မနောမယ ပန်ကာကျင့်စဉ်နှင့်ပင် အမြဲမပြတ် ကိစ္စကြီးငယ် ကြုံတိုင်း ကြိုးစားအားထုပ်နေပါကြောင်း စေတနာကောင်းဖြင့်.....................
ဟိန်းတင့်ဇော်

အပြည့်အစုံဆက်လက်ဖတ်ရန်...