လူနက္ခတ်၊နတ်နက္ခတ်၊ဘီလူးနက္ခတ်

ဒါလေးတော့ သိထားရင် ကောင်းမယ်ပေါ့။ ဘယ်နေရာတွေမှာ အသုံးပြုကြတာလဲ ဆိုတာကိုတော့ ကျွန်တော်လည်း ဃဃနန မသိ။ ဒါကတော့ လူတိုင်း ကြားဖူးကြတယ်။ လူတွေလည်း အပြောများတယ်။ နင် ဘာနက္ခတ်လဲ။ ကွန်မ ချစ်သူက ဘီလူးနက္ခတ် ကျွန်မက လူနက္ခတ်ဆိုတော့။ ဆရာရယ် သမီးကို ကယ်ပါ။ ကျွန်မ သူ့ကိုယူရင် အစားခံရမယ်ထင်တယ်။ ဆရာ ကယ်ပါတဲ့။ သူနဲ့ ကျွန်တော်နဲ့ ယူလို့ သင့်တော်ပါ့မလား ဆရာရယ်၊ နက္ခတ်မကိုက်ဘူးတဲ့။ ဘီလူးက လူကိုသာ စားနိုင်တာ ၊ နတ်ကိုတော့ အသေကြောက်တဲ့။ အိုး..အစုံပါပဲ။

အဲဒီတော့ ကျွန်တော် ဘယ်လို လုပ်ရပါ့။ ဘယ်လို ဟောပေးရပါမလဲ။ တည့်တာ မတည့်တာ။ သင့်တာ မသင့်တာ အသာထား။ ဗေဒင်ဆရာပြောလို့ ကိုယ်အသက်မက ချစ်တဲ့ချစ်သူကို မယူတဲ့ လက်မထပ်တဲ့ သူ တစ်ဦးတစ်ယောက်တောင် မတွေ့ဘူးဘူး။ တကယ်ပါ။ ဗေဒင်ဆရာဖြစ်စတုန်းက စမ်းသတ်ပြီးသွားပြီ။ အိမ်ထောင်မပြုခင် ချစ်သူဘ၀က ကျွန်တော်ဆီကို လာမေးကြတယ်။ မင်္ဂလာဇာတာ လာတိုက်ကြတာလေ။

အဲဒီတော့ ကိုဗေဒင်ဆရာကလည်း ခေါင်းကြီးကို ဗေဒင်တွက်တဲ့ စားပွဲကိုထိမတတ် ငုံ့လို့ပေါ့။ နည်းမျိုးစုံနဲ့ကို တွက်တာ။ ကျမ်းကြီးကျမ်းငယ်တွေနဲ့ကို ဆန်းစစ်ကြည့်တာ။ တိုက်ဆိုင်ကြည့်တာ။ နောက်ဆုံး အဖြေက မကောင်းဘူး။ ယူလို့ မရဘူးပေါ့။ မဖြစ်ဘူးပေါ့။ အဲဒိတော့ ကိုယ်ကလည်း ခေါင်းလေးအသာမော့။ မျက်လုံးက လေး ပေကလပ် ပေကလပ်နဲ့။ အသံလေးကလည်း စိတ်မကောင်းတဲ့ လေသံကလေးနဲ့။ ပြောရမှာ စိတ်မကောင်း ဘူးဗျာ။ ခင်ဗျားတို့ စုံတွဲ ယူလို့ မရဘူး၊ နေ့နံ မသင့်ဘူး။ နက္ခတ် မကိုက်ဘူးလို့ စိတ်မကောင်းတဲ့ လေသံလေးနဲ့ ပြောလိုက်တယ်။ ကိုယ့် စိတ်ထဲတော့ ဒီလို ပြောလိုက်မိတာ မကောင်းဘူးပေါ့။



အဲဒီတော့ သူတို့နှစ်ယောက်ကလည်း မျက်နှာလေးတွေ မကောင်းဖြစ်သွားတယ်။ ပြီးတော့ သူတို့နှစ်ယောက်က လည်း ကျွန်တော်ကို တိုးတိတ်နာကျင်နေသော အသံလေးတွေနဲ့ ကျေးဇူးတင်ပါတယ်ဆရာရယ်။ ကျွန်တော်တို့ကို ပြန်ခွင့်ပြုပါဦးလို့ ဆိုပြီး နှုတ်ဆက်ပြန်သွားကြတယ်။ ကျွန်တော်ကတော့ တစ်ယောက်ထဲ စိတ်မကောင်းဖြစ်ပြီး ကျန်ခဲ့တာ။ အော် သူတို့လေးတွေ ငါဟောပေးလိုက်လို့ အပြစ်မရှိတဲ့ ချစ်သူနှစ်ဦး ချစ်သောသူနှင့် ကွေ့ကွင်းရတဲ့ ဒုက္ခကို နှစ်ယောက်အတူ ခံစားရတော့မှာပါလားလို့ တွေးမိရင်း နေ့စဉ်ရက်ဆက် စိတ်မကောင်း ဖြစ်နေတာ။

နောက်တစ်နှစ်လောက်ကြာတော့ သူတို့နှစ်ယောက် ကလေးအမည်ပေး လာတောင်းတယ်။ ကောင်းရော ကိုယ်ကတော့  စိတ်မကောင်း ဖြစ်နေတာ။ သူတို့ကတော့ ကလေးတစ်ယောက်တောင် ရနေပြီ။ အဲဒီလို အဲဒီလို ။ ဒါကြာင့် ပြောတာပေါ့။ ဗေဒင်ဆရာပြောလို့ မယူတဲ့လူ ဘယ်နှစ်ယောက်ရှိလို့လဲ။ မရှိပါဘူး။ မိဘစကားတောင် နားမထောင်တာ။ ဗေဒင်ဆရာပြောစကား နားထောင်ဖို့ ဝေးပါသေးတယ်။ ဟီးဟီး။ အဲဒီကတည်းက ပညာရခဲ့တာ။

ဒါကြောင့် ကျွန်တော်အခုပြောချင်တာက နက္ခတ်အကြောင်း ပြောတော့မယ်နော်။ ဒါပေမယ့် ကျွန်တော် ကြိုပြော ထားချင်တာက အိမ်ထောင်ရေးဇာတာတိုက်ဖို့ မဟုတ်ဘူး။ ချစ်သူနှစ်ဦး ဇာတာတိုက်ဖို့ မဟုတ်ဘူးနော်။ ဒါဆို ဘာလုပ်ဖို့လည်းဆိုရင်။ နက္ခတ်နဲ့ သူ့အကြိုက်။ ကိုယ့်အကြိုက် သိအောင်လုပ်တဲ့နည်း။ ဒီနည်းလေးက လူတွေနဲ့ ဆက်ဆံရေးအတွက်တော့ အရမ်းကောင်းတာ။ ကျွန်တော်တို့ အဘမင်းသိင်္ခ တပည့်တွေတိုင်း သိတယ်။ အသုံးပြုနေကျနည်းလေးပဲ။ ဒီနည်းလေးကို သိလိုက်တာနဲ့ သင်ဟာ သင့်ပတ်ဝန်းကျင် ၊ သင့်မိသားစု အသိုင်းအ၀ိုင်းတွေကြားမှာ အိုကေမှာ စိုပြေသွားစေရမယ်။ အာမခံတယ်။ မကောင်းဘူးလား။

အဲဒီတော့ ပထမဆုံ နက္ခတ်ဘယ်လိုတွက်သလဲ စလိုက်ကြအောင်။ လွယ်ပါတယ်။ တော်တော်လေးကို လွယ်ပါတယ်။ (၃) အလီရတာနဲ့ကို ရပြီ။

မြန်မာမွေးသက္ကရာဇ်ကို (၃) နဲ့စားပါ။

(၁)-ကြွင်းရင်- နတ်နက္ခတ်။
(၂)-ကြွင်းရင်-လူနက္ခတ်။
(၀)-ကြွင်းရင်- ဘီလူးနက္ခတ်။

ဒါပဲ၊ ဒီလောက်ပဲ။ အမလေးလေး လွယ်လိုက်တာ။ ကဲ ကိုယ့်ရဲ့ မြန်မာမွေးသက္ကရာဇ်ကို ကိုယ်ပြန်တွက်ကြည့်။ ကိုယ် ဘာနက္ခတ်လဲ ဆိုတာ။ စက္ကန့်ပိုင်းအတွင်း သိရပြီ ဟုတ်။

နက္ခတ်နဲ့ စရိုက်။

နတ်နက္ခတ်။
နတ်နက္ခတ်မွေးဖွားတဲ့ လူတွေဟာတဲ့ နှလုံးသား နူးညံ့ပျောပျောင်းတယ်။ သူတို့က အချော့ကြိုက်တယ်။ အလှအပ အနုအရွလေးတွေကို မြတ်နိုးတတ်တယ်။ ညင်ညင်သာသာ ဆက်ဆံတာကို ကြိုက်တယ်။ သူတို့ကို သွားပြီး ကြမ်းလို့ မရဘူး။ တိုးတိတ်ညင်သာစွာ ဆက်ဆံတာကို လိုချင်တယ်ဆိုတော့ သင် စဉ်းစားရမှာက သင်ဆက်ဆံရမယ့်လူက ဘာနက္ခတ်လဲပေါ့။ နတ်နက္ခတ်ဖြစ်နေပြီ ဆိုရင်တော့ ပထမဆုံး သင့်ရဲ့ အသံကို (၃)ပေါက်လောက်အထိ လျှော့ချပစ်ရမယ်။ လုံးဝ အသံလေးက နူးနူးညံ့ညံ့လေး။ ဟုတ်ပြီနော်။ သင်ပြောတဲ့ စကားသံလေးတွေ စကားလုံးလေးတွေက စပြီး သတိထားရတော့မယ်။ စကားလုံးလေးတွေက လည်း တကယ့်ကို အနုအရွလေးတွေနဲ့ ပြောရမယ်နော်။ အရေးကြီးတာက နတ်နက္ခတ်သမားကို သွားပြီး မအော်မိစေနဲ့နော်။ ဒါ အရေးကြီးဆုံးပဲ။

လူနက္ခတ်။
အဲ လာပြီ လူနက္ခတ်က တကယ့် ဆရာကြီးတွေ။ လူဆိုတော့ စဉ်းစား ဆင်ခြင်ညာဏ် များတယ်ပေါ့။ သူက ဘလိုင်းကြီး လက်မခံဘူး။ အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ ပြောမှ သူက လက်ခံတာ။ အသံအနေအထား ကတော့ပုံမှန်ဆိုရပြီ။ တိုးဖို့လဲ မလိုဘူး။ ကျယ်ဖို့လဲ မလိုဘူး။ အနေအထားကတော့ မတိုးမကျယ်ပေါ့။ ဒါပေမယ့် အရေးကြီးတာက ကိုယ် ဆက်ဆံနေရတဲ့ လူက လူနက္ခတ်ဆိုတာကို မမေ့နဲ့။ အဲဒီတော့ ကိုယ်ပြောရမှာက ဘလိုင်းကြီး သွားပြောလို့ သူက လက်မခံဘူး။ အကျိုးအကြောင်း ပြချက်တွေ ခိုင်လုံမှ သူက လက်ခံမှာ။ ဥပမာ ဆိုကြပါစို့။ ၂၀၁၂-ခုနှစ်မှာ ကမ္ဘာကြီးပျက်မယ်လို့ လုံးဝ သွားမပြောနဲ့။ သူက ခင်ဗျားစကားကို လုံးဝလက်ခံမှာ မဟုတ်ဘူး။ အခု အနေအထားက ဘယ်လိုဖြစ်နေတဲ့ အတွက်ကြောင့် အဲ.. ၂၀၁၂ ခုနှစ်ရောက်ရင် ကမ္ဘာကြီးက ပျက်မယ်လို့ ပြောကြတယ်။ ဘာညာပေါ့။ အဲဒီလို အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ ပြောမယ်ဆိုရင်တော့ သူက နားထောင်လိမ့်မယ်။

ဘီလူးနက္ခတ်။
ဘီလူးဆိုတဲ့အတိုင်း ခပ်ကြမ်းကြမ်းနဲ့ စရမယ်။ ကြားဖူးတယ် မမဟုတ်လား။ ဘီးလူးဆိုင်းတီးပြီး ၀င်လာတယ် ဆိုတာ။ ဘီလူးနက္ခတ်သမားတွေက သူတို့က ပြတ်သားမှကြိုက်တယ်။ သူတို့ကို သွားပြီး ဖွဲ့နွဲ့နေလို့ လုံးဝ မကြိုက်ဘူး။ နောက် အသံအနေအထား။ သူကတော့ ထုံးစံအတိုင်း (၇)သံချဉ်ပေါ့။ အသံကလည်း ကျယ်မှ ။ စကားကလည်း တိုတိုတောင်းတောင်း ပြတ်ပြတ်သားသားမှ ကြိုက်တာ။ ပျော့စိစိတော့ သွားမလုပ်နဲ့နော်။ သူက ခင်ဗျားကို အချောက်ထင်သွားလိမ့်မယ်။

အဲဒီတော့ မိတ်ဆွေတို့ကို ကျွန်တော်က ဒီနည်းလေး ပေးလိုက်တာ။ အရမ်း ကောင်းတယ်။ မိုက်တယ်နော်။ ကျွန်တော်တို့ ဗေဒင်ပညာကို စသင်တုန်းက ဗေဒင်မသင်ခင်ကတည်းက ဒါကို အရင်စသင်ခဲ့ရတာ။ ကျွန်တော်တို့ဆီကို ဗေဒင်လာတွက်တယ် ဆိုရင် အရင်ဆုံး သူ့ရဲ့ သက္ကရာဇ်ကို နက္ခတ်ကစတွက်ပြီ။ ပြီးရင် ကိုယ့်ဆီကို ဗေဒင်လာမေးတဲ့ သူဟာ ဘာနက္ခတ်လဲ ကျွန်တော်သိလိုက်ရပြီ။ လူနက္ခတ်လား။ ဘီလူးလား၊ လူလားပေါ့။ အိုကေ ကျွန်တော်နက္ခတ်သိတာနဲ့ ကျွန်တော် သူ့ကို သေသေချချာ ကြည့်လိုက်တယ်။ နတ်နက္ခတ်ဆိရင် ကျွန်တော်အသံက တကယ့် တိုးတိုး ညင်ညင်သာသာလေးပါ။ ကျွန်တော်အသံကို မကြားရမှာ စိုးလို့တောင် ကျွန်တော် ခါးကို အသာလေး ရှေ့ကို ကိုင်းလိုက်တယ်။ ပြီးတော့ ကျွန်တော် သူ့ကို အေးအေးဆေး ဆေးလေး ဗေဒင်ဟောပေးတယ်။

လူနက္ခတ်ဆိုရင် ကျွန်တော် သူ့ကို အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ ဟောရတယ်။ တစ်ခါတလေ ကျွန်တော် သူ့ကို သူ လုံးဝ နားမလည်နိုင်တဲ့ စာအုပ်ကြီးတွေတောင် ထုပ်ပြလိုက် သေးတာ။ ဟဲဟဲ လူကိုးဗျ။ သဘောတွေ ကျလို့။ ဘီလူးနက္ခတ်လာလို့ကတော့ အရင်ဆုံး ကျွန်တော့်မျက်နှာကို ဘီလူး သံပရာသီးကိုက်ထားတဲ့ ရုပ်မျိုး လုပ်လိုက်ရတယ်။ ပြီးတောမှ အသံကြယ်ကြယ်နဲ့ သူ့ကို ဟောကိန်းတွေ ထုပ်ရတာ။ အာမခံချက်တွေ ရဲရဲပေးပြီး ဟောပေးရတာ။ အဲဒီလိုမှ သူက တောက်... ဒီလို ဗေဒင်ဆရာမျိုး လိုက်ရှာနေတာဆိုပြီး သဘောတွေ အကျကြီး ကျတာကိုးဗျ။ ဒါက ကျွန်တော်တို့ ဗေဒင်ဆရာတွေ ပြောတာပါ။

ကျန်တာတွေကတော့ ကိုယ့်ဘာသာ ဆက်ပြီး ပွားယူပေတော့ဗျာ။ အချစ်ရေးလား၊ အိမ်ထောင်ရေးလား။ လူမှု့ရေးလား။ မိတ်ဆွေအပေါင်းအသင်း ဆက်ဆံရေးလား၊ အကုန်လုံး အဆင်ပြေပါတယ်ဗျာ။ ကျွန်တော်ပြော တဲ့ နည်းလေးကို မိတ်ဆွေ ဒီနေ့ကစပြီး အသုံးချကြည့်စမ်းပါ။ တကယ် ကောင်းပါတယ်ဗျာ။ ကျွန်တော်လဲ ဒီလောက်ပဲ ပြောတတ်လို့ပါဗျာ။ တကယ်ကောင်းတာပါဗျာ။ တကယ်ပါ။

  • သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
  • ဟိန်းတင့်ဇော်
  • ထိုင်းနိုင်ငံ-မဟာချိုင်မြို့
  • Sayaheintintzaw@gmail.com
  • Ph.+66874150022
  • (အီးမေးလ်အသစ်ကို ပြောင်းလဲ၍ စတင်အသုံးပြုနေပါပြီ)

အပြည့်အစုံဆက်လက်ဖတ်ရန်...

အောင်မြင်သောဗေဒင်ဆရာဘ၀သို့

သင်စဦး ဗေဒင် ၀ါသနာရှင်များအား ရည်ညွန်းပါသည်။
ထို့နောက် မရမ်းတလင်း အဘမင်းသိင်္ခ၏ ဗေဒင်ပညာ အထက်ဂိုင်း တက်စဉ် ဇယားကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဗေဒင်ပညာကို ဘယ်လို လေ့လာမလဲလို့ ခဏ ခဏ မေးလာကြသော ဗေဒင် ၀ါသနာရှင်များ အတွက် အထောက်အကူ ဖြစ်လိမ့်မည်ဟု ယုံကြည်ပါသည်။

ကဲ... ဗေဒင် ၀ါသနာရှင် မိတ်ဆွေများ အောင်မြင်သော ဗေဒင်ဆရာ တစ်ဆူအဖြစ် တင့်တယ်နိုင်ကြပါစေ....
ဤနေရာတွင် ဗေဒင်ပညာအား အထက်ဂိုဏ်းပညာဟူသော အသုံးအနှုံးကို သုံးနှုံးပါမည်။

အထက်ဂိုဏ်းပညာအဆင့်(၁)
  1. မဟာဘုတ်ပညာကို လေ့လာပါ။
  2. ဗေဒင်ဟောရန် ပရိကံယူပုံ။
  3. ဗေဒင်ဆရာ တစ်ဦး လိုက်နာ ကျင့်ကြံရမည့် ကျင့်စဉ်။
  4. ဗေဒင်ဆရာ တစ်ဦး၏ ၀တ်စားဆင်ယင်မှု့။

အထက်ဂိုင်းပညာ အဆင့်(၂)

  1. ဆန်းပညာနှင့် အနေ အထိုင်။
  2. ဂြိုဟ်ပရိယာယ်နှင့် သက်ရောက်။
  3. ဌာန်-ကရိုဏ်း အကြောင်း။
  4. သံပြင်း-သံပေါ့အကြောင်းများ။
  5. ဖို-မ အကြောင်း။
  6. သံတို သံရှည် အကြောင်း။
  7. ၀ုဒ္ဓိ အစဉ်အကြောင်း။
  8. ဗြုပ္ပါဒ် အကြောင်း။

အထက်ဂိုဏ်းပညာအဆင့်(၃)

  1. သုံးတန်ပေါ်နိစ်။
  2. အတ္တတိုင် ပရတိုင်။
  3. မိတ် - ရန် - ဓါတ် - ဥဒါသိန်။
  4. ပရိဝါရ- အာယုစသည့် အရပ်ဒေသများ။
  5. ပြီး-ပိုင်-စပ်-လုပ် (ကာရကများ)
  6. သုံးတန်ပေါ်နိစ်တိုင် အားစစ်ခန်း။
  7. သက်ရောက် ရှစ်ပုံ ဟောနည်း။
  8. ကိန်းစပ်နည်း။

အထက်ဂိုဏ်းပညာအဆင့်(၄)

  1. ၀ဲယာတိုင်(နာမက္ခရတိုင်)
  2. မူလဇေယျတိုင်။
  3. ကောဇာဇေယျတိုင်။
  4. တိုင်-ဆန့်ကျင်၊ တိုင်ကျိုး-တိုင်ကောင်း။
  5. အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်။
  6. လုပ်ငန်းအမည် ၊ ဆိုင်းဘုတ်အရောင်။
  7. ကံကောင်းစေသော အရောင်ရွေးချယ်ခြင်း။
  8. ကျောက်မျက်ရတနာ အဆောင်ရွေးချယ်ခြင်း။
  9. ဓာတ်ခန်း အမည်။
  10. စောင့်ရှောက်သည့် ဘိုးတော်။
  11. စိပ်ရမည့် ပုတီးစိပ် အဓိဋ္ဌာန်။
  12. မင်္ဂလာ ဇာတာတိုက်ခြင်း။

အထက်ဂိုဏ်းပညာအဆင့်(၅)

  1. အင်္ဂ၀ိဇ္ဇာ။
  2. ဓာတ်ရိုက်-ဓာတ်ဆင်။
  3. ကာလကြီးဇာတာ။
  4. နာမည်ပေးနည်း။
  5. အင်္ဂ၀ိဇ္ဇာ ဟောနည်း။
  6. ဟင်္သာကိန်း။
  7. သိကြားဂိုဏ်း ဓာတ်ရိုက် ဓာတ်ဆင်အားလုံး။
  8. အင်္ဂ၀ိဇ္ဇာတွင် ဖော်ပြထားသော အင်းစမများ။

အထက်ဂိုဏ်းပညာအဆင့်(၆)

  1. ယတြာအားလုံး။
  2. သဘာဝယတြာ။
  3. ယေဘုယျယတြာ။
  4. ဓာတ်ယတြာ။
  5. ဆန်ပုံယတြာ။
  6. န၀င်းယတြာ။
  7. ဓာတ်ကြီးလေးပါးယတြာ။
  8. ကျန်းမာရေးယတြာ။
  9. ပဋ္ဋိပုစ္ဆယတြာ။
  10. စလွယ်ယတြာ။
  11. ဒေါင်းဆေးယတြာ။

အထက်ဂိုဏ်ပညာအဆင့်(၇)

  1. လက္ခဏာ။
  2. ဂဏန်းဗေဒင်။
  3. တားရော့။
  4. ဂြိုဟ်ခုံ-လမ်းကြောင်း၊ လက္ခဏာယတြာ။
  5. ဂဏန်းတစ်လုံးချင်း အဓိပ္ပါယ်။
  6. ဂျစ်ပစီဟောနည်း-၅၂နည်း။
  7. တားရော့ ၅၂ချပ်နှင့် ၅၆ ချပ်။
  8. တားရော့ ထုံးကူးပုံ။

အထက်ဂိုဏ်ပညာအဆင့်(၈)

  1. ဧကံသ (အဘမင်းသိင်္ခ၏ မူပိုင်ပညာရပ်)
  2. ဖလဒီပကနှင့် စန်းတစ်လုံးဆောင် ပြည်လုံးအောင် အဟော။
  3. ကောဇာ ၊ ဇာတာအဟော။
  4. နက္ခတ် အ၀င် အထွက်။
  5. ခါးပါတ်နက္ခတ် အကြောင်း။
  6. စုတ်-ဥပါဒ် ရွေးနည်း။
  7. ဧကံသဟောနည်း။
  8. ရီဂျင်းအကြောင်း။

အထက်ဂိုဏ်းပညာအဆင့်(၉)-နောက်ဆုံးအဆင့်။

  1. အဆောင်လက်ဖွဲ့များအကြောင်း။
  2. စိတ်ပညာကျင့်စဉ်။
  3. အာရုံယူနည်း။
  4. အမိန့်တော်ပြန်တမ်း မန္တာန်များ။
  5. သတ်မှတ်ထားသော အရွတ်အဖတ်များ။
  6. အကြောင်းအရာ အမျိုးမျိုး အတွက် ပြင်ဆင်ပုံ ပြင်ဆင်နည်းများ။
  7. အိမ်ဆောက် -ကျောင်းဆောက်-ဆိုင်ဖွင့် အခါပေးခြင်း။
  8. မင်္ဂလာရက်ရွေးပေးခြင်း။
  9. မြေသန့်၊ ရက်ရာဇာ၊ ပြဿဒါး၊ လာဘ်နေ၊ နတ်နေရွေးခြင်း။
  10. ဟောစာတမ်း နှစ်တို နှစ်ရှည်ရေးနည်း။
  11. သွေးတိတ်-ခေါင်းကိုက်-မက္ခရုမန်း စသည်။
  12. အင်းစမများ။
  13. ပုဂ္ဂလပညတ်ယတြာများ။
  14. အင်းဖယောင်းတိုင် လုပ်နည်းများ
  15. ရတနာဒီပံ စီရင်ပုံနည်း။
  16. ယကြာဝဠာသဘောတရားများ။
  17. ဗေဒင်ဟောခန်း ပြင်ဆင်ပုံ ပြင်ဆင်နည်းများ။
ကဲ... ဒီလောက်ဆိုရင် သင်စဦး ဗေဒင်ဝါသနာရှင်များ ၀ါသနာရှင် အဆင့်မှ ပညာရှင်အဆင့်သို့ လွယ်ကူစွာ တက်လှမ်းနိုင်ပါ စေကြာင်း ဆုမွန်ကောင်း တောင်းလိုက်ပါရစေ.....


အပြည့်အစုံဆက်လက်ဖတ်ရန်...