အစကောင်းပြီး-အနှောင်းမသေချာသူ....
ကျွန်ုပ်၏ ဗေဒင်ဟောခန်းကလေး အောင်မြင်မှု့ရစေရန်အတွက်လည်း ကျွန်ုပ်သည် နေ့မအားညမနား ကြိုးစားရ လေသည်။ ထိုကဲသို့ ကြိုးစားရာ၌ မှော်ဘီမြို့ ၊ မရမ်းတလင်း ၊ အယူတော်မင်္ဂလာခြံတွင် သန္ဓေတပည့် အဖြစ်ဖြင့် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသောကြောင့် ရရှိခဲ့ရသော အတွေ့အကြုံများမှာ ကျွန်ုပ်အတွက် များစွာ အထောက်အပံ့ ဖြစ်လေ၏။ အဘသည် သူ၏ မရမ်းတလင်းခြံကြီးကို အောင်မြင်စေရန် နေ့မအားညမနား ကြိုးစာပြခဲ့၏။ နေ့စဉ်နေ့တိုင်း နေရာစုံမှ ရောက်ရှိလာကြသော (၇)-ရက်သားသမီး အပေါင်းတို့အား မနောမယထမင်း၊ မနောမယလဘက်ရည်များနှင့် ဧည့်ခံကျွေးမွေး၍ အဘထံ ရောက်လာကြကုန်သော လူအပေါင်းတို့အား ယတြာကြေး အခကြေးငွေ တစ်ပြားတစ်ချပ်မှမတောင်းခံပဲ ယတြာချေပေးခဲ့၏။ ထိုသည်မှာ အဘမင်းသိင်္ခ၏ လူအများအပေါ်တွင် ထားရှိခဲ့သော စေတနာမေတ္တာကြောင့်ပင် မဟုတ်ပါလား။
ကျွန်ုပ်သည်လည်း ထိုင်းနိုင်ငံတွင် ဗေဒင်လက္ခဏာဟောခန်းဖွင့်ရာတွင် များစွာသော အခက်အခဲများကို ကြုံတွေ့ခဲ့ရသည်သာ။ ထိုအခက်အခဲတိုင်း အခက်အခဲတိုင်းကို ကျော်လွှားဖြေရှင်းခဲ့၏။ အဘမင်းသိင်္ခ၏ “ပြီးတော့လည်းပြီးသွားမှာပါ”ဟူသောစကားနှင့် “ဘာပဲလုပ်လုပ်အဖြစ်ရှိအောင်လုပ်” ဟူသော စကားနှစ်ခွန်းသည် ကျွန်ုပ်အတွက် လမ်းပြဖြစ်ခဲ့၏။ ထိုကဲ့သို့ နေ့မအားညမနား ကြိုးစားအားထုပ်လာခဲ့ရာ တစ်နှစ်ခွဲခန့်အကြာတွင် ကျွန်ုပ်၏ ဆရာသခင်ဖြစ်သော အဘမင်းသိင်္ခသည် ဤမြေကမ္ဘာမှ ပြန်လည်ထွက်ခွါသွားပြီဟူသော သတင်းကို ကြားရလေသောကြောင့် ကျွန်ုပ်သည် လွန်စွာ ၀မ်းနည်းပူဆွေး သောကရောက်ရ၏။ ကျွန်ုပ်သည် မြန်မာပြည် အဘ၏ဈာပနသို့ ပြန်မည်ဟုကြိုးစားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မပြန်နိုင်ခဲ့ပါ။
တစ်နေ့တွင် ကျွန်ုပ်ထံသို့ ဗေဒင်လက္ခဏာသင်ယူလိုသော လူတစ်ယောက် ရောက်ရှိလာခဲ့လေ၏။ ထိုသူ၏ အမည်မှာ မောင်ဝင်းဟူ၍ဖြစ်လေ၏။ လူနာမည်ကသာ မောင်ဝင်းဖြစ်၍ ၎င်း၏ အသားအရည်မှာ လူနာမည်နှင့် မလိုက်အောင် လွန်စွာပြာနှမ်းနှမ်း ဖြစ်နေလေ၏။ အသားအရည်ပင် ပြာနှမ်းနှမ်း ဖြစ်သည်မဟုတ်။ ထိုသူ၏ အသံမှာလည်း ချောက်ကပ်ကပ်ဖြစ်နေ၏။ ထိုင်သောအခါ အုပ်နံရံကို မှီထိုင်တတ်၏။သူ၏ အမူအရာများသည် ပြင်းရိသော ၀ိရိယမရှိသော ဇွဲမကောင်းသော သူ၏ စရိုက်လက္ခဏာကို ပြသလေ၏။
သူသည် ကျွန်ုပ်ထံတွင် ဗေဒင်လက္ခဏာပညာရပ်များကို သင်ယူလိုသူဖြစ်၏။ သူသည် ကျွန်ုပ်ကို ဆရာတင်လို၏။ ကျွန်ုပ်ကသူ့ကို တပည့်အဖြစ် လက်မခံလိုပေ။ သူ၏ ဥပဓိရုပ်နှင့် သူ၏ အမူအရာ အမူအကျင့် နေပုံထိုင်ပုံများကို အကဲခတ်ကြည့်လေရာ သူသည်မုချ အောင်မြင်ထွန်းပေါက်မည့် လူသားတစ်ဦး အဖြစ်မမြင်။
နောက်ဆုံးတွင် ကျွန်ုပ်သည် သူ၏ ညာဘက်လက်ဖ၀ါးကို အမှတ်မထင် ကြည့်မိလေ၏။ သူ၏ ညာဘက်လက်ဖ၀ါးကို ကြည့်မိမှ ကျွန်ုပ်သည် ထိုသူအား တပည့်တစ်ဦးအဖြစ် လက်မခံလိုသော ကျွန်ုပ်၏ ဆုံးဖြတ်ချက်များသည် ပို၍မှန်ကန်ကြောင်း သိရလေတော့၏။ ထိုသူ၏ ညာဘက်လက်ဖ၀ါးတွင် ညာဏ်လမ်းကြောင်းသည် အင်္ဂါဂြိုဟ်ခုံမှစ၍ အသက်လမ်းကြောင်းကို ဖြတ်၍ဆင်းသွား၏။ ထိုလက္ခဏာပိုင်ရှင် အများစုသည် အစကောင်းသော်လည်း အနှောင်းမသေချာသော လူစားမျိုး ဖြစ်လေ၏။ မည်သည့် ပညာရပ်ကိုပဲသင်သင် အစပိုင်းတွင် ဟုတ်သလိုလို ရှိသော်လည်း နောက်ပိုင်းတွင် အဖျားရူးသွား သော လူးစာမျိုးဖြစ်လေသောကြောင့် ထိုသူကဲ့သို့လူစားမျိုးသည် မည်သည့်ပညာရပ်တွင်မျှ ထွန်းပေါက်အောင်မြင်မှု့ မရှိ။ အောက်ပါ လက္ခဏာပုံကို ကြည့်ကြည့်ပါ။
ထိုကဲ့သို့သော လက္ခဏာပိုင်ရှင်များသည် ဗေဒင်ပညာတစ်ခုတည်းတွင် မဟုတ် ၊ မည်သည် ပညာရပ်ကိုပဲ သင်သင် ၊ မည်သည် အသက်မွေးဝမ်းကြောင်း အလုပ်ကိုပဲ လုပ်လုပ်၊ အစပိုင်းတွင် ဟုတ်သလိုလို ရှိသော်လည်း နောက်ဆုံးတွင် အဖျားရှုးသွားတတ်လေသောကြောင့် ကျွန်ုပ်သည် အောက်ပါအတိုင်း ၎င်းအား ပြောပြလိုက်လေတော့သတည်း။
ကိုဝင်းရေ...။ အကြောင်းကြောင်းကြောင့် ခင်ဗျားကို ကျွန်တော်တပည့်အဖြစ်လက်မခံနိုင်တာ စိတ်တော့ မကောင်းပါဘူးဗျာ။ ဒါပေမယ့် ဗေဒင်ပညာဂမ္ဘီရပညာရပ်တွေနဲ့ ပါတ်သက်ပြီး ခင်ဗျားသိချင်တာရှိရင် အချိန်မရွေး လာမေးပါဗျာ။ ကျွန်တော်သိသလောက် ပြန်ပြောပြပေးပါ့မယ်ဟု ပြောလိုက်လေတော့သတည်။
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ



















heintinzaw