ဒေါက်တာမင်းသိင်္ခဆိုတာ......

ဆရာကြီးပါရဂူရေးသားသောအဘမင်းသိင်္ခအကြောင်း

ပါရဂူ-အိုရှိုး-မင်းသိင်္ခ

မင်းသိင်္ခနှင့် မိမိ၏ ပေါင်းစည်းညီညွှတ်မှု၌ “ပွိုင့်” နှစ် “ပွိုင့်” ရှိသည်။ ပထမ“ပွိုင့်” မှာ သိဒ္ဓတ္ထနှင့် ပတ်သက်သည်။ မိမိလည်း သိဒ္ဓတ္ထ၀တ္ထုကို နှစ်ခြိုက်လွန်း အားကြီးသောကြောင့် မြန်မာပြန်ဆိုခြင်းဖြစ်သည်။ မိမိ မြန်မာပြန်သော သိဒ္ဓတ္ထကို မင်းသိင်္ခကလည်း သည်းခြေကြိုက်ဖြစ်နေသည်။ ငါးထပ်ကြီးဘုရားလမ်း နံပါတ် ၃ ၌ နေစဉ်လွန်ခဲ့သော အနှစ် ၃၀-ခန့်က ကျွန်တော့်အိမ်ရှေ့ လူတစ်ယောက်လာရပ်ပြီး “ဆရာကျွန်တော့်ကို သိသလား” ဟု မေးသောအခါ နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး၊ ဆံပင်ရှည်လျားနေပြီး ၀တ်ဖြူစင်ကြယ် ၀တ်ထားသူဖြစ်၍ မိမိ ယောင်ဝါးဝါးဖြစ်နေစဉ်.....

အိမ်ရှေ့ရပ်နေသော ပုဂ္ဂိုလ်က -“ကျွန်တော် မင်းသိင်္ခပါ။ အခုနံရံတစ်ဖက်က အပြင်ဖက် ရောက်လာလာခြင်း ဆရာ့ဆီကို တန်းလာခဲ့တာ ဖြစ်တယ်။ ဆရာ့ကို ပြောစရာတစ်ခုရှိလို့ လာခဲ့တာပါ။ ကျွန်တော်တစ်ဖက်နံရံမှာ ရှိစဉ်အခါက ဆရာ မြန်မာပြန်တဲ့ သိဒ္ဓတ္ထ၀တ္တုကို ဘယ်ပြန်ညာပြန် အခေါက်ခေါက်အခါခါ ဖတ်တဲ့အတွက် သိဒ္ဓတ္ထုဝတ္တု ဘယ်နေရာဘာရှိတယ်ဆိုတာ ကျွန်တော် အရအမိရှိနေတယ် ဆရာမယုံရင် မေးကြည့်ပါလား။ ကျွန်တော်ချက်ခြင်း ကောက်ခါငင်ခါ ပြောပြနိုင်တယ်” ဟု ပြောပြသည်။

မင်းသိင်္ခပြောပြချက်ကို ကြားရသောအခါ မင်းသိင်္ခမှန်း သိသွားသည်ဖြစ်၍ ကျွန်တော်ထပြီး ဖက်လှဲတကင်း လုပ်ပြီးလျှင် “ သိဒ္ဓတ္ထနှင့် ပတ်သက်ပြီး ဆရာပြောတာ ကျွန်တော် ယုံပါတယ် မေးစရာမလိုပါဘူး” ဟု ပြောသောအခါ မင်းသိင်္ခသည် အိမ်ထဲဝင်မထိုင်ဘဲ ချက်ခြင်း ခြံထဲကထွက်သွားသည်။ ထိုနောက် နှစ်အနည်းငယ်ကြာသွားသောအါ မင်းသိင်္ခ မရမ်းတလင်းခြံထဲ ရောက်နေပြီး ကျွန်တော့်ကို သူထံလာဖို့ အကြိမ်ကြိမ်မှာသည်။ သို့သော်လည်း ကျွန်တော် တော်တော်နှင့် မသွားဖြစ်ခဲ့။ အခမ်းအနားတစ်ခုလုပ်ပြီး ဖိတ်မန္တက ပြုသောအခါကျမှ ဆရာမင်းသိင်္ခထံ ရောက်သွားသည်။

ထိုအကြိမ်တွေ့သောအခါ၌လည်း မင်းသိင်္ခက “ ကျွန်တော် မျက်စိ သိပ်မကောင်းတဲ့အတွက် သိဒ္ဓတ္ထကို မဖတ်နိုင်တော့ဘူး။ ဒါပေမယ့် သိဒ္ဓတ္ထ အစွဲအလမ်းကြီးတဲ့အတွက် ကျွန်တော်တပည့် ကိုကျော်ပြောင်ကိုသိဒ္ဓတ္ထ အသံသွင်းခိုင်းတာ အခွေရှစ်တွေရှိတယ်။ အဲဒီအခွေရှစ်ခွေကော်ပီ ဆရာ့ကိုပေးလိုက်မယ်” ဟူ၍ မင်းသိင်္ခက ပြောသည်။ ယင်းသို့အားဖြင့် သိဒ္ဓတ္ထသည် မိမိနှင့်မင်းသိင်္ခ ပေါင်းစည်းညီညွတ်မှုအတွက် “ပွိုင့်”တစ်ပွိုင် ဖြစ်လာသည်။

နောက် ပွိုင့်တစ်ပွိုင့်ကား “အိုရိုး” ဖြစ်သည်။ အိုရိုးကို မိမိကလည်း နှစ်သက် သဘောကျသည်။ မင်းသိင်္ခကလည်း အိုရိုး အသည်းစွဲတစ်ယောက် ဖြစ်သည်။ မိမိအပါ်၌ လွှမ်းမိုးနေသော အိုရှိုး၏ သြဇာသည် အလွန်တရာ လေးနက်သည်။ မင်းသိင်္ခအပေါ်၌ လွှမ်းမိုးနေသော အိုရှိုး၏ သြဇာသည်လည်း မသေးငယ်လှပေ။ သို့သော်လည်း မိမိအပေါ်နှင့် မင်းသိင်္ခအပေါ် လွှမ်းနေသော အိုရှိုး၏ သြဇာသည် တစ်ဦးနှင့်တစ်ဦး တူညီမှုမရှိပေ၊ မိမိက ဟင်းအိုးတစ်အိုးထဲက ဟင်းဖတ်များကို တစ်ဖတ်ပြီးတစ်ဖတ် ဆယ်ပြီး စားသည့်ပုံစံမျိုးနှင့် အိုရှိုး၏ အရေးအသားများကို မြန်မာမှုပြုသည်က များသည်။ မင်းသိင်္ခက ကျွန်တော် ဟင်းဖတ်များ တစ်ဖတ်ပြီးတစ်ဖတ် ဆယ်ယူ စားသုံးနေသော ဟင်းအိုးထဲက အငွေ့အသက်မျှလောက်သော ယူသည်။

“မနောမယ ထမင်းဝိုင်း” ခေါင်းစဉ်ဖြင့် မင်းသိင်္ခရေးသောစာများထဲတွင် အိုရှိုး၏ အရိပ်အယောင် လွှမ်းနေသည်ကို အိုရှိုး၏ စာအများအပြား ဖတ်ထားသူမှလွဲ၍ တခြားသူရိပ်မိဖို့ မလွယ်ပေ။ မင်းသိင်္ခသည် အိုရှိုးအစွဲ ကြီးမား လွန်းလှသည်ဖြစ်၍ ဒုတိယအကြိမ် အိန္ဒိယကို သွားသည်။ ထိုအချိန်၌ အိုရှိုးမရှိတော့သည်မှာ ၁၆ နှစ်လောက်ကြာ သွားပြီ။ သို့သော်လည်း မင်းသိင်္ခသည် “အိုရှိုးဖောင်ဒေးရှင်း” ကို မရာက်ရောက်အောင်သွားခဲ့သည်။ အိန္ဒိယမှ ပြန်လာသောအခါ မင်းသိင်္ခ၏ အသွင်အပြင် အတော်ပြောင်းလဲသွားသည်ကို တွေ့ရသည်။ ယခင်က ပိတ်ဖြူစင်ကြယ် ၀တ်လေ့ဝတ်အစားကို မ၀တ်တော့ဘဲ ယောဂီရောင် အ၀တ်အစားကိုသာ ၀တ်ရုံသည်ကို တွေ့လာရသည်။ သူ၏ ၀တ္ထုစာအုပ်အမည်ဖြင့် မှည့်ထားသော အဆောင်များကိုလည်း “ရာဇဂြိုဟ်” အဆောင် အမည်များကို ပြောင်းလဲမှည့်ထားသည်ကို တွေ့ရသည်။

မင်းသိင်္ခသည် အိုရှိုးဗွီဒီယို အခွေတစ်ခုကို ယူဆောင်လာသည်။ မင်းသိင်္ခ ယူဆောင်လာသော အိုရှိုး ဗီဒီယိုအခွေကို ပြမှ မိမိလည်း အိုရှိုးအသွင်အပြင်ကို တွေ့မြင်သိရှိရခြင်းဖြစ်သည်။ မိမိက မှာလိုက်သည့်အတွက် မင်းသိင်္ခသည် အိုရှိုးရေးသော အင်္ဂလိပ်ဘာသာစာအုပ် ၁၅ - အုပ် လောက်ကို ၀ယ်ယူလာသည်။ ယင်းစာအုပ်များထဲက အချို့ကို မိမိဌား၍ ဖတ်ကြည့်သည်။ ယင်းစာအုပ်ထဲက ကလေးပြဿနာနှင့် ပတ်သက်ပြီး ရေးထားသည့် စာအုပ်တစ်အုပ်ကို မနောမယ ဂျာနယ်ထဲတွင် အပတ်စဉ် ဘာသာပြန်ထည့်ခဲ့သည်။ ယင်းဆောင်း ပါး များစုပြီး ပြုံးပန်းတစ်ရာ စာပေက စာအုပ်ရိုက်နှိပ်ထုတ်ဝေသည်။

ယခုနှစ်ပေါင်း အတန်ကြာလာသောအခါ ဆရာမင်းသိင်္ခသည် မိမိနှင့် စည်းလုံးညီညွတ်မှု ပွိုင့်နှစ်ပွိုင်ဖြစ်သော သိဒ္ဓတ္ထနှင့် အိုရှိုးကိုလည်းကောင်း၊ သူ၏၀တ္ထုအရေးအသားများကို တသသဖြစ်နေသော စာဖတ်ပရိသတ် ကိုလည်းကောင်း ဗေဒင်ယတြာနှင့် ပတ်သက်သော သူ၏ တပည့်တပန်းများ ကိုလည်းကောင်း၊ တိုင်းပြည်အနှံ့ ပျံ့နေသော သူ့ပရိသတ်ကိုလည်းကောင်း ခွဲခွာပြီး တမလွန်ဘ၀ ရောက်ရှိသွားပြီ။ သူ၏ ပရိသတ်များသည် မိမိတို့ စွဲလန်းကြည်ညိုနေသော ဆရာမင်းသိင်္ခ ကွယ်လွန်အနိစ္စ ရောက်သွားသည်အတွက် နှမြောတသနေမည်မှာ အမှန်ပင်ဖြစ်သည်။

နာမည်ကျော်ကြားလှသော စာရေးဆရာကြီးနှစ်ဦး
အရူးအမူးစွဲလန်းခဲ့သော သိဒ္ဓတ္ထ အမည်ရှိသော စာအုပ်၏ အဖုံး




အပြည့်အစုံဆက်လက်ဖတ်ရန်...

ကျွန်တော့်အဘမင်းသိင်္ခ



အဘ....
အဘပြောတဲ့ ဘာပဲလုပ်လုပ် အဖြစ်ရှိအောင်လုပ်ဆိုတဲ့ စကားဟာ
ကျွန်တော်တို့ကို ပေါ့ပေါ့နေ ပေါ့ပေါ့စား ဘ၀ကနေ လွတ်မြောက်စေခဲ့ပါတယ်။


အဘ......
အဘပြောတဲ့ နောက်မဆုတ်နဲ့ ဆိုတဲ့ ပုံပြင်လေးဟာ
ကျွန်တော်တို့ကို ဇွဲသတ္တိတွေ ရှိစေခဲ့ပါတယ်။စိတ်ဓါတ် ကြံ့ခိုင်စေခဲ့ပါတယ်။


အဘ....
အဘပြောတဲ့ မပျင်းနဲ့ ဆိုတဲ့ စကားလေးဟာ
ကျွန်တော့်ကို ၀ီရိယတွေ ရှိစေခဲ့ပါတယ်။ အလုပ်ကြိုးစားသူ အလုပ်ကို တန်ဖိုးထား ချစ်တတ်သူဖြစ်စေခဲ့ပါတယ်။


အဘ....
အဘပြောတဲ့ ချဲလင့်ခ်ျ-စိန်ခေါ်မှု့ ဆိုတဲ့ ပုံပြင်လေးဟာ
ကျွန်တော့်ကို အခက်အခဲ အနှောင့်အယှက် ဆန့်ကျင်ဖက် အတားအဆီးများကို
ရင်ဆိုင်ရဲသူ ကြိုဆိုရဲသူ ဖြစ်လာစေခဲ့ပါတယ်။


အဘ.....
အဘပြောတဲ့ ဂေါ့ဖားသား ဆိုတဲ့ ဇာတ်လမ်းကလေးတွေဟာ
ကျွန်တော့်ကို ကျွန်တော် ယုံကြည်မှု့တွေ ရစေခဲ့ပါတယ်။ အရာရာကို သေသေချာချာ
အကွက်ချပြီးမှ စနစ်တကျ လုပ်တတ်သူ ဖြစ်လာစေခဲ့ပါတယ်။


အဘ.....
အဘပြောတဲ့ သိဒ္ဓတ္ထ ၀တ္ထုဇာတ်လမ်းလေးတွေဟာ
ကျွန်တော့်ကို ကျွန်တော် ပြန်ရစေခဲ့ပါတယ်။ မင်းသိမ်းခိုင်ကို မင်းသိမ်းခိုင်အား ပြန်ပေးခဲ့ပါတယ်။



အဘ....
အဘပြောတဲ့ ဓမ္မလေးတွေဟာ
ကျွန်တော်ကို အရာအားလုံးကို လက်ခံနိုင်တဲ့သူ ဖြစ်လာစေခဲ့ပါတယ်။



အဘ.......
အဘပြောတဲ့ စစ်ဘုရင် ဆွန်ဇူးရဲ့ ပုံပြင်လေးတွေဟာ
ကျွန်တော်တို့ကို အရာရာကို ကြိုတင် ပြင်ဆင်ထားတတ်သူ
အဆင်သင့် ဖြစ်မှ လုပ်တတ်သူ ဖြစ်လာစေခဲ့ပါတယ်။


အဘ.....
အဘပြောတဲ့ ဘုရားလောင်းဇာတ်တော်တွေဟာ
ကျွန်တော်တို့ကို အနစ်နာ ခံတတ်သူ ပေးဆပ်ရဲသူ ဖြစ်လာစေခဲ့ပါတယ်။


အဘ.....
အဘပြောပြတဲ့ ဒုတိယကမ္ဘာစစ်က ဂျပန်သူရဲကောင်းတွေရဲ့ အကြောင်းအရာလေးတွေဟာဘ၀ အဓိပ္ပါယ် ဘ၀တန်ဖိုးကို နားလည်စေခဲ့ပါတယ်။



အဘ.....
အဘပြောပြတဲ့ မြန်မာမင်း (၁၅၁)ပါးရဲ့ ရာဇ၀င် သမိုင်း ကံကြမ္မာတွေဟာ
ကျွန်တော်တို့ကို ယောက်ျားကောင်း ယောက်ျားမြတ်တွေကိုအားကျစေခဲ့ပါတယ်။


အဘ.......
အဘပြောပြတဲ့ မြန်မာ့ သမိုင်း ကမ္ဘာ့သမိုင်းတွေက
ကျွန်တော်တို့ကို “လူအ”တစ်ယောက် အဖြစ်ကနေ လွတ်မြောက်စေခဲ့ပါတယ်။



အဘ.....
အဘ ပြောပြတဲ့ သခင်အောင်ဆန်း ၊ဆရာစံ ။ ဂျိုဇေရီဇော်၊ မဟတ္တမဂန္ဓီတို့ရဲ့ အကြောင်းအရာတွေဟာ ကျွန်တော်တို့ကို ကြက်သီး မွှေးညှင်းတွေ တဖွားဖွား ထလာစေခဲ့ပါတယ်။



အဘ......
အိပ်ယာဝင်တိုင်း အဘ ပြောပြတဲ့ ထွေလီကာလီ ပုံပြင်လေးတွေဟာ
ကျွန်တော်တို့ကို လူချစ်လူခင်များသူ ၊ အပေါင်းအသင်း ဆံ့သူ ၊ လူရာဝင်သူ ဖြစ်လာစေခဲ့ပါတယ်။



အဘ......
အဘ ပြောပြတဲ့ သရဲအကြောင်းလေးတွေဟာ လူတွေကို
ဘ၀အမောတွေ ပြေပြီး ရယ်မော ပျော်ရွှင်မှု့တွေကိုပေးစွမ်းနိုင်ခဲ့ပါတယ်။


အဘ......
အဘပြောပြတဲ့ “သဘာဝ”ဆိုတဲ့ အကြောင်းအရာလေးတွေဟာ
ကျွန်တော်တို့ကို သဘာဝကို နားလည်တတ်သူ သဘောပေါက်သူ ဖြစ်လာစေခဲ့ပါတယ်။



အဘ.....
အဘပြောပြတဲ့ ဓမ္မပုံပြင်လေးတွေဟာ
ကျွန်တော်တို့ရဲ့ တွေဝေ မိန့်မော မှု့တွေကို ကင်းစင်စေခဲ့ပါတယ်။



အဘ....
အဘပြောတဲ့ ဘယ်နေရာ ဘယ်ဒေသကိုပဲ ရောက်ရောက် ရှင်သန်နေရမယ် ဆိုတဲ့ စကားဟာကျွန်တောတို့ရဲ့ စိတ်ဓါတ်ကျ အားငယ်နေမှု့ကို ကျေပြောက်စေခဲ့ပါတယ်။



အဘ........
အဘပြောပြတဲ့ ခဲတံပုံပြင် ၊ နပိုလီယံ ပုံပြင်လေးတွေဟာ
ကျွန်တော်တို့ကို ဆုံးဖြတ်ချက် မြန်သူ ဖြစ်လာစေခဲ့ပါတယ်။



အဘ.....
အဘပြောတဲ့ “အသက်ရှင်နေကြောင်း အလုပ်လုပ်ခြင်းနဲ့ သက်သေပြရမယ်ဆိုတဲ့
စကားဟာ ကျွန်တော်တို့ကို လူပြင်းဘ၀ကနေ လွတ်မြောက်စေခဲ့ပါတယ်။



အဘ.......
အဘပြောပြတဲ့ ဘိုးဘိုးအောင်း နဲ့ ဘိုးတော် ဦးဝိုင်း ပုံပြင်ကလေးဟာ
ကျွန်တော်တို့ကို “သြဇာ နဲ့ အာဏာ ” ကို ခွဲခြား သိမြင်တတ်သူ ဖြစ်လာစေခဲ့ပါတယ်။


အဘ.....
အဘ ပြောပြတဲ့ “ဂမ္ဘီရ နှလုံးသား” ဆိုတဲ့ အကြောင်းအရာလေးဟာ
(၉)နှစ်ကြာ သင်ယူ ဆည်းပူးရင်း မတတ်မြောက်ခဲ့တဲ့ ၊ နားမလည်ခဲ့တဲ့
ဂမ္ဘီရယတြာပညာကို (၉)မိနစ် အတွင်းမှာပင် တတ်မြောက်စေခဲ့ပါတယ်။




အဘ......
ဘာမှ မပြောပဲ သင်ပေးခဲ့တဲ့ အရာတွေဟာလည်း
ဘယ်သူကိုမှ ပြန်ပြောလို့ မရနိုင်ဘဲ တတ်မြောက်ခဲ့ပါတယ်။

အပြည့်အစုံဆက်လက်ဖတ်ရန်...

ဆရာသခင်-ဒေါက်တာမင်းသိင်္ခ



တစ်ခါက ဤမြေကမ္ဘာသို့ လူထူး လူဆန်းကြီး တစ်ဦး အလည်အပတ် ရောက်ရှိ လာခဲ့ ဘူးပါသည်။ ထိုသူ၏ ဘ၀သည် လွန်စွာမှ ထူးခြား ဆန်းကြယ် လှဘိသကဲ့သို့ အင်မတန်မှလည်း ရိုးစင်းလွန်းလှ လေတော့သည်။ ထိုသူ၏ ဘ၀သည် မျက်ရည်စများ ငိုကြွေး ရှိုက်ညည်းသံများ ၊ ခံပြင်း တောက်ခေါက်သံများ ၊ ကြေကွဲမှု့များ အတိပြီးနေ၏။

ထို့အတူပင် အားပါးတရ လှိုက်လှိုက်လှဲလှဲ ၀မ်းသာအားရ ရယ်မောလိုက်သော အသံများ တစ်လောကလုံး ကိုကျေနပ်သော အပြုံးများဖြင့်လည်း ဝေဆာနေလေတော့၏။ ထိုသူ၏ ဘ၀သည် အထီးကျန် ဆန်လွန်းလှ ဘိတော့၏။ ထို့အတူပင် မိတ်ဆွေ သင်္ဂဟများလည်း ၀ိုင်းဝိုင်းရယ်မှ လည်နေလေတော့၏။

ထိုသူ၏ ဘ၀သည် အချို့တဲ့ အနွမ်းပါးဆုံးသော သနားစဖွယ် ဘ၀မျိုးဖြစ်၏။ ထို့အတူပင် လိုလေသေး မရှိသော အရာရာ ပြည့်စုံသော ချမ်းချမ်းသာသာ ဘ၀လည်း ဖြစ်လေတော့၏။ ထိုသူသည် လွန်စွာမှ ကြောက် တတ်သူ ၊ အသည်းငယ် တတ်သူ တစ်ဦးဖြစ်၏။ ထို့အတူ လွန်စွာမှ ရဲရင့်သော အကြောက်အရွံ့ ကင်းသော သူလည်း ဖြစ်လေတော့၏။

ထိုသူသည် လွန်စွာမှ သတိကြီး၏။ အရာရာတွင် အထူးပင် လက်ဖျားခါ လောက်အောင် စေ့စပ်သေချာ လွန်းသူ (သို့မဟုတ်) ဇီဇာကြောင် လွန်းလှသူ တစ်ဦး ဖြစ်လေ၏။ ထို့အတူပင် မည်သည့် အရာကိုမျှ ရင်ထဲမှာ သိမ်ဆည်း မထားတတ်သော ၊ ဘ၀ကို ပေါ့ပေါ့တန်တန်ပင် ဖြတ်သန်းသွားသော လွန်စွာမှ လွတ်လတ်ပေါ့ပါး သော လူတစ်ဦး ဖြစ်လေတော့၏။

ထိုသူသည် လွန်စွာမှ အစိုးရိမ် အကြောင့်ကြ ကြီး၏။ အရာရာကို အသက်နှင့် ထပ်တူ အလေးနက် ထားလေ၏။ ထို့အတူပင် သူ၏ စိတ်ကလေးသည် မိုးတိမ်လို လွင့်၍ စမ်းရေလို စီးဆင်းနေ လေ့တော့၏။ ဤကမ္ဘာ၌ လွန်စွာ ရက်စက်တတ်သော ၊ အညှာ အတာ ကင်းမဲ့သော ၊ အညှိုး အတေး ကြီးမား လွန်းလှသော ၊ မည်သည့် အရာကိုမျှ မထောက်ညှာတတ်သော လူနှစ်ဦးကိုရှာရမည်ဆိုလျှင် တစ်ဦးကိုသာ ရှာရပေတော့မည်။ ထိုသူသည် ထိုမျှ အထိ စိတ်ဓါတ် ခက်ထန် မာကြောလွန်း လှတော့၏။

ထို့အတူပင် ဤကမ္ဘာ၌ လွန်စွာ သနား ဂရုဏာ ကြီးသော ၊ အင်မတန် ကြင်နာတတ်သော အထူးပင် စိတ်နှလုံး နူးညံ့ သိမ်မွေ့သော ၊ အင်မတန်မှ ကဗျာဆန်သော ၊ အခြား တစ်ပါးသော သူတို့ကို ဘ၀နှင့် ရင်း၍ အသက်နှင့် ရင်း၍ ကူညီ ကယ်တင်လေ့ ရှိသော လူနှစ်ဦးကို ရှာရပါမည် ဆိုရင်လည်း တစ်ဦးကိုသာ ရှာရပေတော့မည်။ ထိုသူသည် ထိုမျှအထိ အကြင်နာကြီးသော ဂရုဏာ ရှင် ဖြစ်လေတော့၏။

ထို့ကြောင့်ပင်လျှင် ထိုသူသည် အချစ်ကြီး၏။ အမုန်ကြီး၏။ အစားကြီး၏။ အလွန် လောဘ ကြီး၏။ လောဘ လည်း လုံးဝမရှိ။ ထို့အတူပင် မာန်မာန လုံးဝ ကင်းစင်ကာ နှိမ်ချ ၀တ်တွားသော စိတ်နှလုံးသည်လည်း ရှိလေ၏။ အချို့က ထိုသူအား လူဆိုး လူမိုက် ၊ လူပေ လူတေကြီး အဖြစ် နှခေါင်း ရှုံ့ကြကုန်၏။ ဖယ်ကြဉ် ရှောင်ရှား ကြကုန်၏။ အချို့ကလည်း ထိုသူအား သူတော်ကောင်းကြီး ၊ သူတော်စဉ်ကြီး ၊ ငှက်တစ်သောင်း နားနိုင်သော ညောင်ပင်ကြီး အဖြစ် ပြေးဝင် ဆည်းကပ်ကြလေ၏။

လူအချို့တို့သည် ထိုသူအား တပည့်ကောင်းဟု အမှတ်ပေး ကြ၏။ အချို့ကလည်း တပည့်ဆိုး တပည့်မိုက်ဟု သမုတ်ကြလေ၏။ လူအချို့တို့သည် ထိုသူအား ဆရာကောင်းဟု မှီဝဲ ဆည်းကပ် ကြ၏။ အချို့ကလည်း ထိုသူကို ပင်ဆရာ ဆိုးဟူ၍ စွန်ခွါ ထွက်ပြေးကြလေ၏။ အချို့ အချို့သော သူတို့သည် ထိုသူအား နှိမ့်ချကြ၏။ အနိုင် ကျင့်ကြ၏။ အချို့ကလည်း တန်းတူ ရည်တူ သဘောထား၍ ဆက်ဆံ ကြလေ၏။ အချို့ကလည်း ဆရာတင်ကာ အနန္တော အနန္တ ငါးပါး ဂိုဏ်းဝင်အဖြစ် ရိုကျိုးကြလေ၏။

လူအချို့သည်ကား ထိုသူ ဘာလုပ်လုပ် ၊ ဘာပြောပြော သည်းညည်းခံကြ၏။ သဘောပေါက်ပေးကြ၏။ အချို့ကလည်း ထိုသူအပေါ်ဆီလို အပေါက်ရှာ၍ အကျအန အပြစ်ပြောကြလေ၏။ အချို့သည် ထိုသူ စော်ကား သမျှကို ခေါင်းငုံ့၍ ခံကြ၏။အချို့က ထိုသူအား စော်ကား မော်ကားပြုကြလေ၏။


အပြည့်အစုံဆက်လက်ဖတ်ရန်...