ကံပွင့် ကံမြင့်လာဘ်ပွင်ခြင်းနှင့်အမျိုးမျိုးသောပွင့်လန်းမှု့များအတွက်

နရသီဟပတေ့မင်း၏ အရီးဖွားစော ကျောက်စာရှိ သက္ကရာဇ် ၆၂၇-၆၃၇ ခုတည်သော “ ဓမ္မရာဇိကဘုရား” မြောက်ဘက်ရှိ “ ကုသသမုတိ” ဘုရားအာရုံခံနှင့် တိုက်မအကူးမျက်နှာကြက်တွင် ဇာတာတော်ပေါင်း (၅) စောင်ကို တွေ့ရှိရပါသည်။

  • အရှင်ဗုဒ္ဓမြတ်စွာဘုရား ပဋိသန္ဓေယူသော ဇာတာတော်။
  • ဖွားတော်မူသော ဇာတာတော်။
  • ပွင့်တော်မူသော ဇာတာတော်။
  • ပရိနိဗ္ဗာန်စ့တော်မူသောဇာတာတော်။
  • အလယ်၌ မထင်မရှား ဖတ်၍မရသော ဇာတာတော်ဟူ၍ ဇာတာတော်ပေါင်း (၅) စောင်ကို တွေ့ရှိရပါသည်။ ထိုဇာတာများအနက် ပွင့်တော်မူသော ဇာတာတော်ကို အထက်တွင် ဖော်ပြပေး လိုက်ပါတယ်။

ပွင့်သောဟူ၍ ရေးထားသော ဇာတာတော်ကို ထိုခေတ်ထိုကာလစ၍ ယနေ့ထက်တိုင် ကံပွင့် ကံမြင့် လာဘ်ပွင်ခြင်းနှင့် အမျိုးမျိုးသော ပွင့်လန်းမှု့ကို ပေးစွမ်းနိုင်သော နိမိတ်ဆောင်သည်ဟု ယူဆကာ ဆောင်ယူလေ့ရှိပါသည်။ အလုံးစုံသောအောင်ခြင်းနှင့်တကွ ဘုရားအဖြစ်ရောက်တော်မူသော ဂြိုဟ်နက္ခတ်ပုံ ဇာတာတော်သည်လောကီလူသားတို့ တရိုတသေ တန်ဖိုးထား ဆောင်ယူသော အဆောင်အဖြစ် ထိုခေတ်ကာလ ပုဂံမှသည် ယနေ့တိုင် သုံးစွဲခြင်းပြုသည်။

အညာဒေသများတွင် နေအိမ်ဘုရားစင်၊ ဈေးဆိုင် ၊ အရောင်းအ၀ယ်ပြုသောနေရာ ၊ ငွေကြေးကံပွင့်လိုသော နေရာများတွင် ပွင့်သောဇာတာကို ရေးဆွဲပူဇော်လေ့ရှိပါသည်။ ဤဇာတာတော် ရေးဆွဲ ပူဇော်ထား သောကြောင့် လာဘ်ပွင့်သည်။ ကံပွင့်သည်။ အရောင်းအ၀ယ် ကောင်းသည်။ ခေတ်ကာလ အလိုက်လျှော်ညီသော ငွေအစုလိုက် အပုံလိုက် ၀င်ခြင်းနှင့် ထီပေါက်ခြင်းများ ဖြစ်ထွန်းစေသည်ဟု ဆိုကြသည်။ ဘုရားစင် ၊ အလုပ်ခန်း၊ အရောင်းအ၀ယ်နေရာ၊ ရုံးခန်း၊ ငွေသိမ်းကောင်တာ၊ မြင့်မြတ်သောနေရာ များတွင် ချိတ်စွဲ ပူဇော်ခြင်းဖြင့် အကျိုးထူး ရရှိစေသည်။

ပညာသင်ကြားသူ ကျောင်းသူကျောင်းသား များအဖို့ လက်ကိုင်ပ၀ါ အဖြူပေါ်တွင် ရေးကူးဆောင်ယူ၍ စာမေးပွဲဖြေဆိုခြင်း ၊ စာကျက်လေ့လာခြင်းများ ပြုဆောင်၍ ထူးခြားစွာ ကံမြင့်မားခြင်း စိတ်အာရုံလန်းဆန်း ကြည်လင်၍ စူးစိုက်မှုအားကောင်းခြင်းနှင့် ညာဏ်အလင်းပွင့်လန်းခြင်း ၊ ထူးချွန်စွာ အောင်မြင်ခြင်းများ ရရှိနိုင်သည်။ အတတ်ပညာ အခြေတည်၍ အောင်မြင်ကြီးပွားမှု့ကို ဖန်တီးလိုသူ မည်သူမဆို ဆောင်ယူ၍ ညာဏ်အလင်းသစ်ဖွင့်ကာ ကြံစည် ရည်ရွယ်သလောက် ပေါက်မြောက်မည်။

အချို့သည်ကား မဟိဒ္ဓိလမ်းအတွက် ဘာသာရေးအတွက် ၊ ၀ိပဿနာအတွက် နိတ်ထူးသော ပွင့်သောဓာတ် သက်ရောက်သည့် ဇာတာတော်ဟူ၍ ယူဆဆောင်ယူခြင်း ပြုကြသည်။ အချို့သည် ပွင့်သော ဇာတာတော်ပုံကို ရွှေပြား ၊ ငွေပြားတွင် ရေးထိုးကာ ဘုရားဆင်းတုတော် ရုပ်ပွားတော်များနှင့်အတူ တကွ ကိုးကွယ် ပူဇော်ကြသည်။

အးလုံးသော မိတ်ဆွေများ၏ အစစအရာရာ ပွင့်လန်းစေခြင်း အကျိုးငှာ သင်တို့၏ အကျိုးကို ထာဝစဉ် လိုလားသော ဗေဒင်ဆရာတစ်ဦး အနေနှင့် ( ထိုင်းနိုင်ငံစံတော်ချိန် - ညဘက် (၃း၁၅) တိတိတွင် ပြန်လည် ညွန်ပြပေးလိုက်ရပေသည်။

ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့
sayaheintintzaw@gmail.com
+6687 415 0022

အပြည့်အစုံဆက်လက်ဖတ်ရန်...

လိုအင်ပြည့်ရာ-ဆွမ်းပဒေသာကပ်လှူပူဇော်နည်း

တစ်နေ့သ၌ ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းသို့ ကျွန်ုပ်နှင့် သားအမိအရင်းအချာများပမာ ရင်းနှီးသော ဒေါ်အေးမေဟု အမည်ရသော အမျိုးသမီးကြီးတစ်ဦးသည် ရောက်ရှိလာလေ၏။ သူနှင့်အတူ အသက်အားဖြင့် ဒေါ်အေးမေနှင့် မတိမ်းမယိမ်းခန် အဒေါ်ကြီးတစ်ဦးလည်း ပါလာလေ၏။ ဒေါ်အေးမေနှင့် ကျွန်ုပ်သည် သားအမိအရင်းအခြာများပမာ လွန်စွာချစ်ခင် ရင်းနှီးကြသည်ဖြစ်ရာ ဒေါ်အေးမေသည် ကျွန်ုပ်အား ဆရာဟုပင် မခေါ်ပဲ နွေးထွေးစွာ ငါ့သားဟုပင် ခေါ်လေ၏။ ကျွန်ုပ်ကလည်း အမေဟုပင် ခေါ်မိ၏။ ထိုဒေါ်အေးမေသည် ကျွန်ုပ်ကို မြင်မြင်ချင်း ...

ဘယ်လိုလည်း ငါ့သား နေကောင်းရဲ့လား။ ဟိုတစ်နေ့က သတင်းကြားတယ်။ မင်းကို ရဲဖမ်းခံရတယ်ဆိုဟု မေးလေတော့၏။ ထိုအခါ ကျွန်ုပ်က....

ဟုတ်ပါတယ်အမေ။ တနင်္ဂနွေနေ့က ဆိုပါတော့ ။ ကျွန်တော့်ကို ပုလိပ်ဝင်ဖမ်းတာလေ။ တိုင်တဲ့လူရှိလို့ ပြောတာပဲဟု ကျွန်ုပ်က ပြန်ပြောလိုက်လေလျှင် ဒေါ်အေးမေက....

ငါ့သားကို ဘာအမှု့နဲ့ဖမ်းတာလဲဟု မေးလေ၏။ ထိုအခါကျွန်ုပ်က ဗေဒင်ဟောတဲ့အမှု့ပါဟု ပြန်ပြောလိုက်လေ လျှင် ဒေါ်အေးမေက အမလေး ဗေဒင်ဆရာက ဗေဒင်မဟောလို့ ဘာလုပ်ရမလဲ။ ကြံကြံဖန်ဖန်တော် ၊ ဗေဒင်ဆရာက ဗေဒင်ဟောလို့ အဖမ်းခံရတယ်ဆိုလို့ ကြားကြားဖူးပေါင်တော်ဟု ကျွန်ုပ်အား ပြန်ပြောလေတော့၏။

ထိုအခါ ကျွန်ုပ်က အော် အမေရယ်။ ကျွန်တော်တို့ ကိုယ့်မြန်မာနိုင်ငံမှာ ဆိုရင်တော့ အဲလို အဖမ်း ဘယ်ခံရပါ့မလဲ။ အခုတော့ သူများနိုင်ငံမှာဆိုတော့ သူများဥပဒေပေါ့ အမေရယ်။ ကျွန်တော်တို့ကို သူတို့ သိတာက မြန်မာနိုင်ငံကနေ တရားမ၀င် ခိုးဝင်လာတဲ့ ရွေ့ပြောင်းအလုပ်သမားလို့ပဲ သူတို့က သိတာလေ။ ဗေဒင်ဆရာလို့တော့ ဘယ်သိပါမလဲ။ ကျွန်တော်တို့ရဲ့ အလုပ်သမား ယာယီပတ်စပို့မှာလဲ ကျွန်တော့်ကို ဗေဒင်ဆရာလို့ ရေးထားတာမှ မဟုတ်တာ။ နောက်ပြီး ကျွန်တော့်ရဲ့ နေထိုင်ခွင့်ကဒ်ထဲမှာ ပါတာက အလုပ်ရုံတစ်ရုံက အလုပ်သမားလို့ပဲ ရိုက်ထားရတာ။ အဲဒီတော့ ကျွန်တော်က ကိုယ်ပိုင်အလုပ်လုပ်ခွင့် မရှိဘူးတဲ့။ ဥပဒေအရ စကားပြောရင်တော့ သူတို့မှန်ပါတယ်။ သူတို့မှာ လုပ်ပိုင်ခွင့် ရှိတာပဲလေဟု ကျွန်ုပ်က ပြန်ပြောလိုက်လေလျှင် ဒေါ်အေးမေက

အင်း .... အမေလည်း ငါ့သားသတင်းကို ကြားလိုက်ရတော့ စိတ်မကောင်းပါဘူး။ အခုရော ဘယ်လို ဖြစ်သွားပြီလည်း။ နောက်တစ်ခါ လာဖမ်းနေဦးမယ်နော်ဟု စိတ်ပူသောလေသံဖြင့် ကျွန်ုပ်အား ပြောလေ၏။

ဟုတ်ကဲ့အမေ။ ကျွန်တော့်အတွက်တော့ စိတ်မပူပါနဲ့။ နောက်တစ်ခါ သူတို့လာမဖမ်းအောင် ကျွန်တော့် သူတို့နဲ့ ဆောင်ရွက်လာခဲ့ပါပြီဟု ကျွန်ုပ်က ပြန်ပြောလိုက်လေလျှင် ဒေါ်အေးမေက ...

ဘယ်လို ဆောင်ရွက်ခဲ့တာလဲ ငါ့သားရဲ့ဟု ကျွန်ုပ်အား ပြန်မေးလေ၏။ ထိုအခါ ကျွန်ုပ်က အော်.. အမေကလည်း ဒါကတော့ လျှို့ဝှက်ချက်လေဟု ရီလျှက်ပြောလိုက်လေလျှင် ဒေါ်အေးမေက တစ်ချက်မျှ စဉ်းစားလိုက်၍ ဟုတ်ပြီ ... သိပြီ သိပြီ၊ အမေ သဘောပေါက်ပြီ၊ အမလေး ဗေဒင်ဆရာတောင် ဗေဒင်ဟောဖို့ မလွယ်ပါလား ဟု ပြန်ပြောလေတော့၏။

(မှတ်ချက်- အလုပ်သမား မှတ်ပုံတင် ကိုင်ဆောင်ထားသော မြန်မာပြည်သား ရွေ့ပြောင်းအလုပ်သမားများ မည်သူမဆို ကိုယ်ပိုင်စီးပွားရေး (မညသည့်အလုပ်ကိုမျှ) လုပ်ခွင့်မရှိဟု သိရပါသည်။ လုပ်ချင်ပါက သူတို့နှင့် .............ဟု သိရပါသည်။)

ကဲပါ အမေရယ်။ ဒီနေ့ အမေတို့လာတာ ကျွန်တော် ဘာကူညီပေးရမလဲဟု ကျွန်ုပ်က မေးလိုက်လေလျှင် ဒေါ်အေးမေက သူမနှင့် အတူလာသော အမျိုးသမီးကြီးဘက်သို့ ညွန်ပြရင်း သူနာမည်က မထွေးရီလို့ ခေါ်တယ်သားရေ။ အမေတို့နဲ့ အိမ်နီးနားချင်းတွေပဲ။ အခု သူက ဗေဒင်တွက်ကြည့်ချင်တယ်ဆိုလို့ ငါ့သားဆီ ကို ခေါ်လာခဲ့တာ။ အဲဒါ သူ့ကို ဗေဒင်တွက်ကြည့်ပေးပါဦးဟု ပြောသောကြောင့် ကျွန်ုပ်လည်း ဒေါ်ထွေးရီ၏ အမည် မွေးသက္ကရာဇ် မွေးနေ့များကို မေး၍ ဗေဒင်တွက် ဗေဒင်ဟောပေးလိုက်လေတော့၏။

ထို့နောက် ဒေါ်ထွေးရီမှ ကျွန်ုပ်အား အောက်ပါအတိုင်း ပြောလေတော့၏။

ဒီလိုပါ ဆရာလေးရယ်။ ကျွန်မက အသက်ကလည်း ကြီးပြီဆိုတော့ အလုပ်ရုံတွေ ဘာတွေလည်း ကျွန်မတို့ အသက်အရွယ်ကို လက်မခံတော့ဘူးလေ။ အဲဒီတော့ ကျွန်မက အလုပ်ရုံမှာတော့ မလုပ်ပါဘူး။ အိမ်နီးနားချင်း က ကလေးလေးတွေကို လခယူပြီး ထိမ်းပေးပါတယ်။ အခုလောလောဆယ် ကျွန်မကို လာအပ်ထားတဲ့ ကလေးလေးတွေ ၃-ယောက်တော့ရှိတယ်ဆရာဟု ပြောလေ၏။

ထိုအခါ ကျွန်ုပ်က ဘယ်က ကလေးလေးတွေလည်း ဒေါ်ထွေးရီရဲ့ဟု မေးလိုက်လေလျှင် ဒေါ်ထွေးရီက

ဒီလိုလေ ဆရာရဲ့။ အခု ကျွန်မတို့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာပြည်သား အိမ်ထောင်သည်တွေက ကလေးမွေးတယ်ဆိုရင် သူတို့ကလေးကို သူတို့ ထိမ်းနေရမယ်ဆိုရင် လစဉ် အခန်းခနဲ့ စားစရိတ်နဲ့ မတတ်နိုင်ဘူးလေ။ အဲဒီတော့ သူတို့က ကလေးတစ်ယောက်မွေးလာပြီဆိုရင် တစ်လလောက်ပဲ အလုပ်နားနိုင်တယ်။ နောက်လတွေကြတော့ ကျွန်မတို့ဆီလာအပ်ထားပြီး ကလေးအမေတွေက အလုပ်ဆင်း လုပ်ကြတယ်လေ ဆရာရဲ့။ အဲဒီတော့ မနက်ဆိုရင် အလုပ်မသွားခင် ကလေးကို လာပို့ထားကြတယ်။ ညနေ အလုပ်က ပြန်လာမှ သူတို့ကလေးကို ပြန်လာခေါ်ကြရတာ ဆရာရဲ့။ ကျွန်မက အဲဒီကလေးထိမ်းတဲ့ အလုပ်လေးကို တစ်ဖက်တစ်လမ်းက လုပ်တာဟု ပြောပြလေ၏။ ထို့နောက် ဒေါ်ထွေးရီက ဆက်လက်၍

အဲဒီတော့ ဆရာလေးရယ်...။ ကျွန်မတို့ အသက်အရွယ်က အသက်လေးလည်း ရလာပြီ။ အလုပ်အကိုင်က လည်း လက်မခံတော့ဘူး ၀င်ငွေတွေကလည်း ကျဆင်းလာပြီဆိုပေမယ့် ကျွန်မတို့ရဲ့ လိုအင်ဆန္ဒလေးတွေက တော့ ကျန်နေသေးတယ် ဆရာလေးရေ။ မြနမာပြည်ကို ပြန်ပြီး ကိုယ့်အိုးကိုယ့်အိမ်လေးနဲ့ နေချင်တာတို့၊ သားလေးကို ရဟန်းပြုပေးပြီး မြေးလေးကို ကိုရင် ၀တ်ပေးချင်သေးတယ်။ အဲဒီတော့ ဆရာလေးရေ။ အဲဒီလို လိုအင်ဆန္ဒလေးတွေကို အောင်မြင်စေမယ့် ယတြာနည်းလေး အဆောင်လေးရှိရင် ညွန်ပြပေးပါဦး ဆရာလေးရယ်ဟု ဒေါ်ထွေးမေက ပြောလေသောကြောင့် ကျွန်ုပ်လည်း အောက်ဖော်ပြပါ ဣစ္ဆာသယ ဆွမ်းကပ်နည်းအား သင်ပြပေးလိုက်လေတော့၏။

လင်ဗန်းအ၀ိုင်း တစ်ချပ်အတွင်း ဆွမ်းကိုးပုံပုံ၍ ဘုရားကပ်လှူခြင်း ၊ ဘုရားမီးပူဇော်ခြင်း ဖြစ်၏။ တနင်္ဂနွေနေ့ တွင် ဆောင်ရွက်ရန်ဖြစ်၏။ နံက်ပိုင်း နေထွက်ချိန်ကို ဆောင်ရွက်ရန်ဟု ဆိုထားသောကြောင့် တနင်္ဂနွေနေ့ နံက်(၆း၄၅) သည် ဆောင်ရွက်ရန် အခါကောင်းဖြစ်၏။

လင်ဗန်းတစ်ချပ်အတွင်း၌ သန့်ရှင်းစင်ကြယ်စွာ ဆေးကြော၍ လင်ဗန်းအလယ် တည့်တည့်မှာ ဆွမ်းအပုံကြီးတစ်ပုံ ပုံရမည်။ ဘေးမှ ပတ်ရံ၍ ဆွမ်းရှစ်ပုံ ပုံ၇မယ်။ အဲဒီ ဆွမ်းအသီးသီပေါ်မှာတော့ အုန်းသီးစိပ်တစ်စိပ်ဆီ တင်ရမယ်။ ထန်းလျှက်တစ်ခဲဆီ တင်၇မယ်။ ဆီစိမ်ထားသော လက်ဖက်သန့်သန့် တစ်ပုံစီ တင်ရမယ်။ အခွံနွာထားသော ငှက်ပျော်သီးမှည့် တစ်လုံးစီ တင်ရမယ်။ အဲဒီတော့ နားလည်အောင် ပြောရရင်တော့ ဆွမ်းက (၉) ပုံနော်။ အဲဒီကိုးပုံစလုံးပေါ်မှာ အုန်းသီးစိပ် ၊ ထန်းလျှက် ၊ လက်ဖက် ၊ ငှက်ပျော်သီးမှည့် အားလုံးကို တင်ရမယ်။ ပိုပြီးမျက်လုံးထဲမှာ မြင်အောင် အောက်တွင် ပုံလေးနဲ့ ပြပေးလိုက်ပါတယ်။

အပေါ်က ပုံလေးကို ကြည့်လိုက်ပါ။ အလယ်သည် ဘုရားအားရည်စူးခြင်း ဖြစ်သောကြောင့် ပထမဦးဆုံး ဆွမ်းတင်ရမည်။ အုန်းသီးစိပ် ၊ ထန်းလျှက် ၊ လက်ဖက် ၊ ငှက်ပျော်သီးမှည့် အားလုံးကို ပြီးပြည့်စုံအောင် တင်ရမယ်။

ထို့နောက် မည်သည့်နေ့သားသမီးဆို တနင်္ဂနွေမှစ၍ အထက်ပါအတိုင်း ပြည့်စုံစွာ တင်ရမည်။ ထို့နောက် နာရီ လက်တံ သွားသကဲ့သို့ အစဉ်အတိုင်း တင်သွားရမည်။ တနင်္လာ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး၊ စနေ ၊ ကြာသပတေး ၊ ရာဟု ၊ သောကြာ အစ၇ှိသည်ဖြင့် ပြည့်စုံစွာ တင်သွားရမယ်။

ဟုတ်ပြီနော်။ အားလုံးဆွမ်းပွဲကို ပြင်ပြီးသွားပြီဆိုရင် တနင်္ဂနွေနေ့ နံက် (၆း၄၅) တိတ်မှာ အသင့်ပြင်ထားတဲ့ ဆွမ်းလင်ဗန်းကို လက်နှစ်ဖက်နှင့် ရိုသေစွာ မယူလျှက် ဘုရားတွင် ဆွမ်းကပ်လှူပေါ့ဗျာ။ အားလုံးသတ္တ၀ါတို့ အား မေတ္တာပို့ပေးခြင်း၊ မိမိ၏ ကုသိုလ်ကောင်းမှုတို့အား အမျှအတန်း ပေးဝေပေးခြင်း ပြုရမယ်။

နောက် ဖယောင်းတိုင် အကြီးတစ်တိုင်ကို အလယ်မှာ ထွန်း၊ ဘေးနှစ်ဘက်ကနေ ပုံမှန်းဖယောင်းတိုင် တစ်ဘက်လေးတိုင် ထွန်းပါ။ အားလုံး (၉)တိုင် ထွန်းညှိပူဇော်ပြီး လိုရာဆုတောင်းပေါ့။ ယတြာကတော့ ဒီလောက်ပင် ဖြစ်လေ၏။ ကျွန်ုပ်သည် အထက်ပါအတိုင်း ဒေါ်ထွေးရီအား ဣစ္ဆာသယ ဆွမ်းကပ်နည်းအား သင်ပေးလိုက်လေတော့၏။ ကျွန်ုပ်နှင့် သားအမိအရင်း အချာများပမာ လွန်စွာရင်းနှီး ခင်မင်လှသော ဒေါ်အေးမေနှင့် ဒေါ်ထွေးရီတို့နှစ်ဦးသည် ကျွန်ုပ်အား ကျေးဇူးတင်စကားများကို ပြောဆိုကြပြီးလျှင် ဘုရားကန်တော့ပြီး ပြန်သွားကြလေ တော့သတည်း။

မှတ်ချက်=

အထက်ပါ ဣစ္ဆာသယ ဆွမ်းကပ်နည်းသည် မြန်မာနိုင်ငံတွင် ပုဂံခေတ်ကပင် အင်မန်ကျော်ကြားသည့် ပုဂံ တတိယမင်းဆက် ပျူစောထီး၏ ဆရာရသေ့မှ စတင်ခဲ့သောနည်း ဖြစ်၏။ ထိုဆရာရသေ့သည် ပျူစောထီး (၇) နှစ်သားကပင် မင်းဖြစ်ရမည့်သူဟု ဟောကိန်းထုပ်ထားသူလည်း ဖြစ်လေ၏။ ရူပနိကာယ် ၊ သဒ္ဒနိကာယ် အထွေထွေ အထူးထူးသော လောကီပညာရပ်တို့ကို ကျွမ်းကျင်တတ်သိ နားလည်သူ ဖြစ်၏။ ဆရာရသေ့သည် ပုဂံ ပထမဆုံး မင်းဆက် ရသေ့ကြောင်မင်းအဖြစ် နန်းစံခဲ့သူ ဖြစ်၏။ ရသေ့ကြောင်မင်းနောက်မှ ပျူစောထီးမင်း နန်းတက်ခဲ့ခြင်း ဖြစ်၏။ ထိုဆရာရသေ့သည် ရှေးအဆက်ဆက်မှ အတတ်ပညာများစွာကို တတ်သိခဲ့သူ ဖြစ်သည့်အားလျှော်စွာ ဣစ္ဆာသယ ဆွမ်းကပ်နည်း အကြောင်းကို စီရင်ခဲ့သူတည်း။

ထိုနည်း၏ အမည်ကား ဣစ္ဆာသယ ဆွမ်းကပ်နည်း ဖြစ်ပေရာ လိုတိုင်းပြည့်စေသော ဓာတ်ဆောင်သည်။ ပညာလိုလားသော သူတို့အတွက် ပညာဥာဏ်နှင့် ပြည့်စုံကြကုန်၏။ ဥစ္စာဓနကို လိုလားသော သူများအတွက် ဥစ္စာကို ရကြကုန်၏။ လာဘ်လာဘ ပေါကြွယ်ဝခြင်း၊ အလုပ်အကြံအစည် အောင်မြင်ခြင်းတို့၌ ၊မတောင့်မတ ရရှိကြကုန်၏။ မကောင်းသော ဂြိုဟ်စီးဂြိုဟ်နင်းများ ၊ ဘေးဥပ္ပါဒ်များ ကင်းဝေးကြကုန်၏။ ခရီးဝေးသွားလို သူများ ၊ ခရီးကိစ္စ အဆင်ပြေချောမောကြကုန်၏။ နေရာကောင်း အလုပ်ကောင်း ရလိုသူတို့ သည်လည်း နေရာကောင်း အလုပ်ကောင်းရရှိကြကုန်၏။ ရာထူးတိုးလိုသူများ ၊ ဘ၀အဆင့် မြင့်မားလိုသူတို့သည်လည်း မြင့်မားကြကုန်၏။ အထွေထွေ အထူးထူးသော လူသားတို့၏ ဆန္ဒမှန်သမျှတို့ အား လွယ်ကူစွာ ချောမောစွာ ပြည့်စုံကြပါစေခြင်း အကျိုးငှာ သင်တို့၏ အကျိုးစည်းပွားကို အမှန်တကယ် လိုလားသော ဗေဒင်ဆရာတစ်ဦး အနေနှင့် စေတနာကောင်းဖြင့် ဖော်ပြပေးလိုက်ရပေသတည်း။

စေတနာကောင်းဖြင့်
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့
Ph- +6687 415 0022
EMAIL- Sayaheintintzaw@gmail.com

အပြည့်အစုံဆက်လက်ဖတ်ရန်...

ဘ၀တိုက်ပွဲအတွက် အောင်လံ ထူယတြာ

ဟိုးရှေးခေတ် မြန်မာဘုရင်များသည် စစ်ချီစစ်တက် စစ်ထွက်တော့မည် ဆိုပါက မိမိတို့ကိုးကွယ်သော လောကီပညာ နှံ့စပ်သော ဆရာတော်များထံသို့ ချဉ်းကပ်ကြ၍ အဆောင်များ အစီအရင်များ တောင်းတတ်ကြလေ၏။ ဆရာတော်ကြီးများကလည်း စစ်ချီမည့်စစ်တပ်ရှေ့ အလံတော်တွင် အောင်ပွဲဝင် အင်းစမတော်များကို စီရင်ပေးလိုက်လေ၏။ ထိုအကြောင်းကို လောကီပညာနှင့် ပါတ်သက်သော ရှေးရာဇ၀င်များတွင် လေ့လာရ၏။ မင်းတိုင်ပင် မင်းကိုးကွယ်သော ဆရာတော်ကြီးများကိုယ်တိုင် စစ်တိုက်ထွက်မည့် မိမိတို့ တိုင်းနိုင်ငံမှ စစ်သားများ ဘေးအန္တရာယ် ကင်းရှင်းစေရန် တိုက်ပွဲတွင် အောင်နိုင်စေရန် စသည်ဖြင့် အဆောင်များ အင်းများ အစီအရင်များကို စီရင်ပေးလိုက်တယ်လို့ လေ့လာရတယ်။

အခု ကျွန်တော် ပြောပြချင်တဲ့ ယတြာအကြောင်းကတော့ ဘ၀တိုက်ပွဲ အတွက်ပါ။ နေ့စဉ်နှင့်အမျှ လူသားတိုင်း လူသားတိုင်းဟာ အိမ်ထောင်ရေး စီးပွားရေး လူမှု့ရေး ပညာရေး စတဲ့ တိုက်ပွဲမျိုးစုံကို အချိန်ပြည့် တိုက်ပွဲဝင်နေရတယ်။ အဲဒီ ဘ၀တိုက်ပွဲကြီးတွေမှာ တိုက်ပွဲတိုင်း အောင်မြင်စေရန် ဘေးအန္တရာယ် ကင်းရှင်းစေရန် တိုးတက် အောင်မြင်စေရန် အတွက် ဒီယတြာနည်းကို ဆောင်ရွက် ကြည့်လိုက်ပါ။ ထူးခြားလာပါလိမ့်မယ်။ အထောက်အကူ ဖြစ်လာပါလိမ့်မယ်။

ဒီယတြာနည်းရဲ့ မြစ်ဖျားခံရာမှာ သက္ကရာဇ် ၇၄၄၊ တစ်ခုသော ကာလတွင် “ရာဇဓိရာဇ်”ဘွဲ့ ခံယူမယ့် ဗညားနွဲ့ မင်းသားဆီမှာ စတင်အမှု့ထမ်း ခစားမည့် နောင်သောအခါတွင် “ရာဇမနု” ဘွဲ့ရ မင်းတိုင်ပင်ပညာရှိ “မင်းကံစည်”၏ နည်းဖြစ်ပါသည်။ ၀ါကမော့ရွာဖွား သာမန်လူသားဘ၀မှ ထူးခြားသော ပညာပါရမီ အခံအားကောင်းခြင်းနှင့်တကွ “မတိုင်ဆရာ”ထံမှ ဗေဒင်အတတ်ကို လေ့လာတတ်မြောက်၍ မင်းပွဲဝင်ပညာရှိ ဖြစ်လာသူတည်း။

မင်းကံစည်၏ နည်းပေါင်းများစွာအနက် “အောင်လံထူ အောင်ဓာတ်ယူ”သော နည်းသည်ကား အလွန်ထိရောက်လှသော နည်းကောင်းတစ်ရပ်ဖြစ်သည်။ နာမည်ကျော်ကြား ထင်ရှားစေရန်အတွက်လည်း ကောင်း ။ ရန်အလုံးစုံကို အောင်စေရန်အတွက်လည်းကောင်း အထူးကောင်းသော နည်းဖြစ်သည်။ ပညာစာမေးပွဲ ၊ အလုပ်စာမေးပွဲ ၊ အင်တာဗျူဖြေဆိုမည့်သူများအတွက် ဆောင်ရွက်အောင်မြင်မှု့ ရစေသည်။ ရပ်ဝေးခရီးသွား စွန့်စားအလုပ်လုပ်ကိုင် လိုသူများ လိုရာခရီးရောက်၍ အကြံအစည်များ အထမြောက် အောင်မြင်စေသော နည်းဖြစ်သည်။

လုပ်ပုံလုပ်နည်း အပြည့်အစုံမှာ ပိတ်အဖြူစတစ်စကို သုံးဒေါင့်တြိဂံပုံ အလံတစ်ခု ချုပ်လိုက်ပါ။ ပြီးရင် အဲဒီ ကြက်လျာအလံပေါ်တွင် မိမိတို့နေ့သားအလိုက် ဂဏန်းတွေကို ရေးသွင်းရပါမယ်။ ရေးတဲ့အခါမှာ တနင်္ဂနွေ၊ အင်္ဂါ ၊ စနေ ၊ ရာဟုသားသမီးများက မှင်အနက်နဲ့ ရေးရပါတယ်။ တနင်္လာ ၊ ဗုဒ္ဓဟူး၊ ကြာသပတေး ၊ သောကြာနေ့သားသမီးများက မှင်အနီနဲ့ ရေးရပါတယ်။ ပြီးရင် အဲဒီအလံလေးကို အောင်သပြေ(၃) ညွန့်နှင့်တွဲကာ ရွှေရောင်သုပ်ထားသော မြေအအိုးတွင် ထိုးစိုက်၍ ဘုရားလှူဒါန်းခြင်း အမြင့်တစ်နေရာမှာ တင်ထားခြင်းဖြင့် ဆောင်ရွက်ထားနိုင်လေ၏။ အားလုံး ဘ၀တိုက်ပွဲမှာ တိုက်ပွဲတိုင်း တိုက်ပွဲတိုင်း အနိုင်ရပြီး ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

အပေါ်ပုံကို ကြည့်ပါ။ နေ့သားအားလုံးအတွက် ဖော်ပြပေးလိုက်ပါတယ်။ သူ့နေ့သားနှင့်သူ အားလုံးရွေးချယ်၍ ဆောင်ရွက်နိုင်ပါ ကြောင်း စေနာကောင်းဖြင့် ဖော်ပြပေးလိုက်ပါတယ်။

အပြည့်အစုံဆက်လက်ဖတ်ရန်...

ဘာလုပ်လုပ် အောင်မြင်ချင်သူများအတွက် သက်ရောက် ဆန်ပုံယတြာ

တစ်ခုသောည၌ ကျွန်ုပ်သည် အခန်းထဲတွင် အခန်းထဲတွင် တစ်ယောက်တည်းထိုင်၍ ကျွန်ုပ်ကိုယ်တိုင် လုပ်မှရမည့် အလုပ်များကို ထိုင်စဉ်းစားနေမိလေ၏။ အခုတလော အလုပ်များသည် များသည်ထက် များလာလေသောကြောင့် ကျွန်ုပ်လုပ်ရမည့် အလုပ်များကို တွေးတောရင်း စိတ်မောသွားလေတော့၏။ ကျွန်ုပ်၏ ဗေဒင်ဟောခန်းတွင် လာရောက်အပ်နှံထားသော ဘ၀တစ်သက်စာ ဟောစာတမ်းများ ၊ အီးမေးလ်ပို့၍ ဟောစာတမ်းမှာယူထားကြသော သူများအားလည်း (၅)ရက်အတွင်း အရောက် ဟောစာတမ်း ပြန်လည်ပေးပို့ရမည် ဖြစ်ရာ တစ်ချို့ဆိုလျှင် သတ်မှတ်ထားသော (၅)ရက် အတိုင်းအတာကို ကျော်လွန်နေပြီပင် ဖြစ်လေရာ ဆရာ ဟောစာတမ်း မရောက်သေးပါဟု ထပ်မံ၍ အီးမေးလ်ပင် ပို့လာကြလေ၏။

နောက်တစ်ခု ဗေဒင်မေးလာကြသူများက အဆောင်လက်ဖွဲများ လိုချင်သည်ဟု ဆိုသောကြောင့် ရက်ချိန်းယူ၍ အဆောင်လက်ဖွဲ့များ စီးရင်ပေးရမည့် ကိစ္စများလည်းရှိလေ၏။ ထိုရက်ချိန်းများလည်း ပြည့်တော့မည် ဖြစ်လေရာ ဆရာ လာယူရတော့မလားဟု ဖုံးဆက်၍ မေးမြန်းကြသူများကို နောက်သို့ ရက်အနည်းငယ် စောင့်ပေးပါမည့်အကြောင်း ပြန်လည်တောင်းပန်ထားရလေ၏။

ထိုကဲ့သို့ ကျွန်ုပ်သည် တစ်ယောက်တည်း မအားမလပ်နိုင်အောင် အလုပ်များလျှက် ရှိလေရာ အခန်းထဲတွင် တစ်ယောက်တည်း ထိုင်၍ ဘယ်အလုပ်ကို အရင်လက်စသတ်ရမည်နည်းဟု စဉ်းစားမိရင်း ရင်ထဲတွင် မောပန်းလာလေတော့၏။ ဟိုအလုပ်လည်း လက်စမသတ် ဒီအလုပ်လည်း လက်စမသတ် ရှိနေလေတော့၏။ ထိုကဲ့သို့ ရှိနေလေရာ ကျွန်ုပ်သည် အလုပ်များကို ငြီးငွေ့သွားလေတော့၏။ ထို့ကြောင့် ကွန်ပြူတာကို ပိတ်ပစ်လိုက်၏။ စောင်တစ်ထည်ကို ကြမ်းပြင်ပေါ်တွင် ခင်းလျှက် ငါ အိပ်တော့မယ်ဟု ဆုံးဖြတ်ကာ အိပ်ယာထဲတွင် ကျောဆန့်လိုက်၏။ သိပ်မကြာခင် အချိန်တွင် ကျွန်ုပ်သည် အိပ်ပျော်သွားလေတော့၏။

ကျွန်ုပ်သည် အိပ်မက်မက်နေလေ၏။ အိပ်မက်ထဲတွင် ဆရာသခင် အဘမင်းသိင်္ခနှင့် တွေ့ရလေ၏။ ကျွန်ုပ်၏ အိပ်မက်ထဲတွင် အဘသည် စမ်းချောင်းလေးတစ်ခု ဘေးရှိ ၀ါးတဲလေးတစ်လုံးပေါ်တွင် စိတ်အေးချမ်းသာစွာ ထိုင်နေသည်ကိုတွေ့ရလေ၏။ အဘသည် ကျွန်ုပ်အား ပြုံးရွှင်စွာဖြင့် လာ ကောင်လေးဟု လှမ်းခေါ်လေ၏။ အဘရှေ့ တွင် သစ်သား စားပွဲလေးတစ်လုံးလည်း ရှိလေ၏။ ထိုစားပွဲပေါ်တွင် တားရော့ထုပ်လေး ရှိ၏။ ရေနွေးကြမ်း တစ်ဖန်ခွက်လည်း ရှိလေ၏။

အိပ်မက်ထဲတွင် အဘအား ကျွန်ုပ်သည် ရိုသေစွာရှိခိုးကန်တော့ပြီးနောက် အဘအား အဘတို့ကတော့ အေးအေးဆေးဆေးလေးကို ထိုင်နေလိုက်တာ။ ဘာအပူအပင်မှကို မရှိဘူးနော်အဘ။ ကျွန်တော်တို့ကတော့ လုပ်စရာအလုပ်တွေ တစ်ပုံတစ်ပင်ကြီး။ ဘယ်ကနေဘယ်လို စလုပ်လို့ လုပ်ရမှန်းကို မသိတော့တာ အဘရေ။ အဘလို အေးအေးချမ်းချမ်းလေး နေချင်လိုက်တာ အဘရယ်ဟု ကျွန်ုပ်က ပြောလိုက်လေလျှင် အဘသည် နူးညံ့စွာဖြင့် ပြုံးလေတော့၏။ ထို့နောက် အဘက

အလုပ်လုပ်တယ်ဆိုတာ မလုပ်သလိုလိုနဲ့ လုပ်ရတယ်ကွ။ အလုပ်ကို အင်တိုက်အားတိုက် ဘယ်တော့မှ မလုပ်လေနဲ့ကွ။ ဘာကြောင့်လည်းဆိုတော့ မင်းတို့ ပြောပြောနေတဲ့ အလုပ်ဆိုတာကြီးက မသေမချင်းကို လုပ်နေရမည့် အရာဖြစ်တယ်။ လူသားရယ်လို့ မွေးဖွားလာပြီ ဆိုကတည်းက အလုပ်တို့ တာဝန်တို့ဆိုတာ တွဲပါလာတာ မဟုတ်လား။ ဒါကြောင့် အလုပ်ဆိုတာကို ရှောင်လွဲလို့ ဘယ်တော့မှ မရဘူးကွ။

နောက်တစ်ခုက မင်းကို ငါပြောမယ်ကွ။ လူတော်တော်များများက ကောက်ရိုးမီးလို ဟုန်းခနဲ့ ထတောက်တတ်တဲ့ အကျင့်ရှိတယ်။ အရှိန်ကုန်သွားရင်တော့ ချက်ချင်းကို ငြိမ်သွားတော့တာ။ အဲဒီတော့ ကောက်ရိုးမီးလို မကျင့်နဲ့ကွ။ ဖွဲမီးလို တမြေ့မြေ့ တောင်လောင်နေတာက ပိုကောင်းတယ်ကွ။ ဒါကြောင့် အလုပ်လုပ်တဲ့ နေရာမှာ အင်တိုက်အားတိုက် အားကုန်သုံးပြီး လုပ်တဲ့ လူတွေဟာ ခနလေးနဲ့ အလုပ်ကို စိတ်ကုန်သွားတယ်။ ငြီးငွေ့သွား တတ်ကြတယ်။ ဒါကြောင့် ဖြေးဖြေးချင်း စိတ်အေးလက်အေးနဲ့ အလုပ်လုပ်တတ်အောင် လေ့ကျင့်ထားမယ်ဆို ရင် အလုပ်ကလည်း ပြီးစီးတယ်။ အလုပ်တွင် မကပါဘူး။ ဘယ်အရာမဆို ခရီးပေါက်တယ် ကောင်လေး။ ဒါကြောင့် ဖြေးဖြေးမှန်မှန်နဲ့ ခရီးရောက်အောင် ခရီးပေါက်အောင် သွားတတ်အောင် လေ့ကျင့်ထားပါ ကောင်လေးဟု ပြောလေတော့၏။ ထိုအခါ ကျွန်ုပ်ကလည်း

ဟုတ်ကဲ့ပါအဘ ။ ကျွန်တော် နားလည်ပါပြီ။ ကြိုးစားပါ့မယ်။ အခု ကျွန်တော် တစ်ခုလောက် မေးချင်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ လူတော်တော်များများက သူတို့တွေရဲ့ ဘ၀တွေ အောင်မြင်ချင်တယ်။ တိုးတက်ချင်တယ်။ ကျော်ကြားချင်တယ်။ ပြီးတော့ ပြဿနာတွေ အန္တရယ်တွေလည်း ကင်းဝေးချင်ကြတယ်။ နောက်ပြီး မိတ်ဆွေ အပေါင်းအသင်း အခြံအရံတွေလည်း ပေါများချင်တယ်။ လူချစ်လူခင်လည်း ပေါများချင်ကြ တယ်အဘ။ အဲဒီတော့ ကျွန်တော်တို့ ဗေဒင်ဆရာတွေဆီကို လာပြီး အကူအညီတောင်း တတ်ကြတယ်။ အဲဒီတော့ သူတို့တွေရဲ့ လိုအင်ဆန္ဒတွေ ပြည့်စုံအောင် သူတို့ မလိုချင်တဲ့ အရာတွေ မလာအောင် လာဘ်လာဘရွှင်လန်းအောင် ဘာယတြာ လုပ်ခိုင်းရင် ကောင်းမလဲ အဘဟု ကျွန်ုပ်က မေးလိုက်လေရာ အဘသည် ကျွန်ုပ်အား ခေတ္တ ငြိမ်သက်ကြည့်နေရာမှ မင်းဒီမှာ ခနစောင့်နေကွာဟု ပြောပြီးလျှင် ၀ါးတဲလေး၏ နောက်ဘက် တွင်ထားသော ဆန်ပုံးထဲမှ ဆန်များကို လက်ထဲတွင် ဆုပ်ကိုင်ရင်း တဲလေးပေါ်မှ ဆင်းသွားလေ၏။

ထို့နောက် ၀ါးတဲလေး၏ ရှေ့ဘက်ရှိ မြေပြောင်ပြောင်ပေါ်တွင် သူယူသွားသော ဆန်များကို အပုံလေးများ ချရင် သတ္တ၀ါများကို ကျွေးမွေးနေလေ၏။ အဘ၏ ပါးစပ်မှလည်း တဖွဖွ ရွတ်ဆို၍ နေလေတော့၏။ ထို့နောက် အဘသည် တဲပေါ်တွင် ထိုင်နေသော ကျွန်ုပ်အား လှည့်ကြည့်လိုက်ပြီးလျှင် ကျွန်ုပ်အား ပြုံးပြလိုက်လေတော့၏။ ထိုအချိန်တွင် ကျွန်ုပ်သည် အိပ်ယာမှ လန့်နိုးသွားလေ၏။ ကျွန်ုပ်သည် အိပ်ယာထဲမှ မထသေးဘဲ နာရီးကို လှမ်း၍ ကြည့်လိုက်လေရာနံက် (၇)နာရီပင် ထိုးနေပြီ ဖြစ်လေတော့၏။

ကျွန်ုပ်သည် အိပ်ယာမှ ထ၍ ရေမိုးချိုး သွားတိုက် အ၀တ်အစားလဲပြီးလျှင် မြတ်စွာဘုရားအား ရေသပ္ပါယ်ခြင်း ၊ မျက်နှာသစ်ရေ ကပ်ခြင်း၊ သောက်တော်ရေ ၊ ဖယောင်းတိုင် ၊ အမွှေးတိုင်များ ကပ်လှူပူဇော်ခြင်း၊ အစရှိသည်ဖြင့် မိုးသောက် ဘုရား ဝေယျာဝစ္စများကို လုပ်ပြီး ဘုရားရှိခိုးပြီးလျှင် ခေတ္တတခနမျှ ငြိမ်သက်စွာ ထိုင်နေရင်း ညတုန်းက အဘမင်းသိင်္ခကို အိပ်မက်မက်ခဲ့သည့် အကြောင်းကို ပြန်လည်တွေးတောမိလေတော့၏။ ထို့နောက် ဆက်လက် စဉ်းစားကြည့်နေမိ၏။ ကျွန်ုပ်သည် အိပ်မက်ကို အစမှ အဆုံးတိုင် ပြန်လည်၍ မှတ်မိနေ၏။ ကျွန်ုပ်က အဘအား ယတြာအကြောင်း မေးခွန်းမေးခဲ့၏။ အဘက ဆန်များကိုယူ၍ မြေပြောင်ပြောင်တွင် ပုံ၍ သတ္တ၀ါများအား ချကျွေးနေ၏။ ကျွန်ုပ်၏ မေးခွန်းအား အဘသည် ပြန်လည်၍ မဖြေခင်မျာပင် ကျွန်ုပ်အိပ်ယာမှ လန့်နိုးလာခဲ့၏။

အိပ်မက်ထဲတွင် အဘသည် ဆန်များကို ပုံ၍ သတ္တ၀ါများအား ချကျွေးပြခဲ့လေ၏။ ထိုသည်ပင်လျှင် အဘ၏ အဖြေပင် ဖြစ်သလောဟု တွေးတောကြည့်နေမိလေ၏။ ဆက်လက်၍ ကျွန်ုပ်တို့အား အဘသင်ထားပေးခဲ့သော ဆနပုံယတြာကို ချက်ချင်း သတိယလိုက်မိလေတော့၏။ ဆန်ပုံယတြာကို ဆန်းဗေဒင်နည်းနှင့် အခြေခံ၍ ဆောင်ရွက်ရခြင်းပင် ဖြစ်၏။ ထိုဆန်ပုံယတြာမှာ လွန်စွာ ထူးခြား၍ လွန်စွာမှလည်း အစွမ်းထက်သော ပွဲတွေ့ ယတြာပင် ဖြစ်လေ၏။ ထိုယတြာကို ကျွန်ုပ်သည် မကြာမကြာ ကိုယ်တိုင်လည်း ဆောင်ရွက်ဖူး၏။ ကျွန်ုပ်၏ ဗေဒင်မေးသော ဗေဒင်ပုရိသတ်များအားလည်း မကြာမကြာ ဆောင်ရွက်ခိုင်းဘူးလေ၏။ ကွန်ုပ်ရော သူတို့ပါ အဆင်ပြေကြလေ၏။ ထို့ကြောင့် ကျွန်ုပ်အား မြင်ဘူးတွေ့ဘူးခြင်း မရှိသော ကျွန်ုပ်ကလည်း တစ်ကြိမ်တစ်ခါဘူး မျှ ဆုံတွေ့ဘူးခြင်း မရှိကြသော အွန်လိုင်းမှ မိတ်ဆွေများအတွက် ပြည့်စုံစွာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ လုပ်ဖြစ်အောင် လုပ်ကြည့်ပါဟုသာ တိုက်တွန်းလိုက်ပါတယ်။

လွန်စွာထူးခြားသော သက်ရောက်ဆန်ပုံယတြာ

နံပါတ်(၁)က သင်ဟာ ဒီနှစ် ဘာသက်ရောက်လဲဆိုတာကို အရင်သိအောင် လုပ်ရမယ်။

သင်၏ အသက်ကိုတည်ပါ။ ၈-နှင့်စားပါ။ အကြွင်းအတိုင်း သင်၏မွေးနံ ဂြိုဟ်အိမ်ကစ၍ မျှားပြထားတဲ့အတိုင်း ထောက်ပါ။ ၁-ကြွင်းလျှင် ၁-ကွက်ထောက်ပါ။ ၂-ကြွင်းလျှင် ၂-ကွက်ထောက်ပါ။ ၃-ကြွင်းလျှင် ၃-ကွက်ထောက်ပါ။ ၄-ကြွင်းလျှင် ၄-ကွက်ထောက်ပါ။ ၅-ကြွင်းလျှင် ၅-ကွက်ထောက်ပါ။ ၆-ကြွင်းလျှင် ၆-ကွက်ထောက်ပါ။ ၇-ကြွင်းလျှင် ၇-ကွက်ထောက်ပါ။ ၀-ကြွင်းလျှင် (၈-ကြွင်း) ၈-ကွက်ထောက်ပါ။ ကျရာ ဂြိုဟ်ခွင်ဟာ မိတ်ဆွေရဲ့ သက်ရောက်ရာ ဂြိုဟ်ခွင်ပါပဲ။ အောက်မှာ ကျွန်တော်ပုံတစ်ပုံ တင်ပြပါ့မယ်။

ဥပမာ တွက်ပြပါ့မယ်ဗျာ...

ဒီလိုပါ.။ တနင်္ဂနွေသား အသက် (၂၇)ကို တွက်ကြည့်မယ်ဗျာ။ သူရဲ့အသက် (၂၇)ကို ၈-နဲ့စားဗျာ။ ၃-ကြွင်းတယ်။ (၃) ကြွင်းတော့ တနင်္ဂနွေ ဂြိုဟ်အိမ်ကနေ (၃) ကွက်ထောက်ဗျာ။ အဲဒါဆိုရင် အင်္ဂါဂြိုဟ်မှာ ကျပါတယ်။ ဒါကြောင့် သူဟာ အင်္ဂါ သက်ရောက် ဖြစ်ပါတယ်။ ကျန်တဲ့ နေ့သားသမီးတွေ မည်သူမဆို အတူတူပါပဲ။ သတိထားရမှာ တစ်ခုက ကိုယ်နေ့ရဲ့ နေရာကနေ စထောက်ရတယ် ဆိုတာလေးကိုတော့ ဂရုစိုက်ပါဗျာ။

  • သင်ဟာ တနင်္ဂနွေသက်ရောက်တယ်ဆိုရင်.....
ကြာသပတေး (သို့) တနင်္ဂနွေနေ့များမှာ တောင်အရပ်ကို မျက်နှာမူ၍ ဆန်(၅၁)ပုံ ပုံကာ သတ္တ၀ါတို့အား ဒါနပြုပါ။
  • သင်ဟာ တနင်္လာသက်ရောက်တယ်ဆိုရင်.....
တနင်္ဂနွေ (သို့) ဗုဒ္ဓဟူးနေ့များမှာ အနောက်တောင်အရပ်ကို မျက်နှာမူ၍ ဆန်(၄၁)ပုံ ပုံကာ သတ္တ၀ါတို့အား ဒါနပြုပါ။
  • သင်ဟာ အင်္ဂါ(သို့) ဗုဒ္ဓဟူးသက်ရောက်တယ်ဆိုရင်.....
တနင်္လာ (သို့) သောကြာနေ့များမှာ အနောက်အရပ်ကို မျက်နှာမူ၍ ဆန်(၆၂)ပုံ ပုံကာ သတ္တ၀ါတို့အား ဒါနပြုပါ။
  • သင်ဟာ စနေသက်ရောက်တယ်ဆိုရင်.....
အင်္ဂါ (သို့ ) စနေနေ့များမှာ မြောက်အရပ်ကို မျက်နှာမူ၍ ဆန်(၇၃)ပုံ ပုံကာ သတ္တ၀ါတို့အား ဒါနပြုပါ။
  • သင်ဟာ ကြာသပတေးသက်ရောက်တယ်ဆိုရင်.....
တနင်္လာ (သို့) ကြာသပတေးနေ့များမှာ မွန်းတည့် (၁၂း၀၀) နောက်ပိုင်း အရှေ့မြောက်အရပ်ကို မျက်နှာမူ၍ ဆန်(၅၂)ပုံ ပုံကာ သတ္တ၀ါတို့အား ဒါနပြုပါ။
  • သင်ဟာ ရာဟုသက်ရောက်တယ်ဆိုရင်.....
အင်္ဂါနေ့ (သို့) သောကြာ နေ့များမှာ မွန်းတည့် (၁၂း၀၀) နောက်ပိုင်း ။ အရှေ့အရပ်ကို မျက်နှာမူ၍ ဆန်(၆၃)ပုံ ပုံကာ သတ္တ၀ါတို့အား ဒါနပြုပါ။
  • သင်ဟာသောကြာသက်ရောက်တယ်ဆိုရင်.....
ဗုဒ္ဓဟူး (သို့) စနေနေ့များမှာ မွန်းတည့် (၁၂း၀၀) နောက်ပိုင်း ။ အရှေ့တောင်အရပ်ကို မျက်နှာမူ၍ ဆန်(၇၄)ပုံ ပုံကာ သတ္တ၀ါတို့အား ဒါနပြုပါ။

ကဲ... အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ.......
အဆင်မပြေရင်တော့ ကော်မန်မှာ မေးထားခဲ့ပါဗျာ........

အပြည့်အစုံဆက်လက်ဖတ်ရန်...

ဆန္ဒပြည့်ဝစေဖို့ ကောင်းမှုယတြာပြုကြစို့.....

မိုးဥတု၏ တစ်ခုသော မိုးဖွဲဖွဲလေး ရွာသွန်းနေသော နေ့လေးတစ်နေ့၌ ကျွန်ုပ်သည် ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းတွင် တစ်ယောက်တည်း ဟောစာတမ်းများကို ပရင့်ထုပ်ပြီးနောက် စာအုပ်ချုပ် နေ၏။ ထိုအချိန်တွင် လွန်ခဲ့သော လအနည်းငယ်က ဗေဒင်မေး ယတြာချေဘူးသော ကိုမောင်မောင်ဆိုသူသည် အခန်းအတွင်းသို့ ၀င်ရောက်လာလေ၏။ ကိုမောင်မောင်သည် အခန်းအတွင်းသို့ ရောက်လာပြီးလျှင် ဘုရားဝတ်ပြုပြီးနောက် ဆရာသမား ဘာတွေ အလုပ်ရှုပ်နေတာလဲဟု ကျွန်ုပ်အား နှုတ်ဆက်ရင်း ကျွန်ုပ်အနားသို့ လာထိုင်လေတော့၏။ ထိုအခါ ကျွန်ုပ်က

ဟောစာတမ်းစာအုပ်တွေ လုပ်နေတာပါဗျာ။ ရက်ချိန်အတိုင်း သူတို့ကို အချိန်မီ လုပ်ပေးရမယ်ဟု ပြန်ပြောလိုက်လေ၏။ ထို့နောက် ကိုမောင်မောင်က ဒါတွေက ဆရာကိုယ်တိုင် လုပ်နေတာလား။ ကျွန်တော်က ဆရာ့ ဆိုင်မှာ သွားလုပ်ယူတယ် မှတ်လို့။ ဟိုတလောတုန်းက ကျွန်တော့် အခန်းဘေးကပ်ရက်က ကောင်မလေး ကို ဆရာ ဘ၀တစ်သက်စာ ဟောစာတမ်း လုပ်ပေးလိုက်တာ ကျွန်တော့်ကို ပြတယ်။ ဆရာ ရေးထားတာ တော်တော်လေး စုံနေတာပဲ။ ကျွန်တော်ကြည့်လိုက်တာ စာမျက်နှာ (၅၀) ကျော်မယ်ထင်တယ်။ ကျွန်တော်ထင်တာက ဆရာက စာအုပ်ချုပ်တဲ့ဆိုင်မှာ သွားလုပ်တာ ထင်နေတာဟု ပြောလေ၏။

ထိုအခါ ကျွန်ုပ်က... ဆိုင်ကို မသွားပါဘူးဗျာ။ ကိုယ်တိုင်ပဲ လုပ်ယူပါတယ်။ ပြီးတော့ သူတို့ ပြန်ပြီး ပူဇော်တဲ့ ပညာပူဇော်ခလေး သုံးလေးရာလောက်ကို ကျွန်တော်က ဆိုင်မှာသွားလုပ်ရင် ဆိုင်ကို ပေးလိုက်ရလို့ ကျွန်တော် မသုံးလိုက်ရပဲ ဖြစ်သွားမှာပေါ့။ ဒါကြောင့် ကျွန်တော် ဟိုတလောက Brother အမျိုးအစား ပရင့်တာလေး တစ်လုံးကို သွားဝယ်လာခဲ့တယ်။ ပြီးတော့ အဲဒါလေးနဲ့ ကြိုးစားပြီး ကိုယ့်ဘာသာ ထုပ်တာပေါ့ဗျာ။ တစ်နေ့ကို အများကြီးလည်း ထုပ်လို့လည်း မရဘူးကိုးဗျ။ ပရင့်တာလေးက သေးသေးလေးဆိုတော့ ဟု ကျွန်ုပ်က ပြန်ပြောလိုက်လေ၏။ ထိုအခါ ကိုမောင်မောင်က....

အဲဒီလို ကိုယ်တိုင် လုပ်နေရတော့ ဆရာပင်ပန်းတာပေါ့ ဆရာရဲ့။ တစ်နေ့တစ်နေ့ ဆရာ့ကို ကြည့်လိုက်ရင် ကိုယ့်အခန်းကို လာပြီး ဗေဒင်မေးတဲ့ လူတွေကိုလည်း ဟောပေးရတယ်။ ကျွန်တော့်စိတ်ထင် တစ်နေ့ကို အနည်းဆုံး ဆယ့်ငါးယောက်လောက်တောင် ရှိမယ်တော့ ထင်တယ်။ နောက်ပြီး အခက်အခဲရှိတဲ့ လူတွေ ယတြာလာချေရင်လည်း အနည်းဆုံးတစ်ယောက်ကို တစ်နာရီလောက် အချိန်ယူပြီး ယတြာလုပ်ပေးရသေး တယ်နော်။ နောက်ပြီး အင်တာနက်ကနေလည်း ဗေဒင်ဟောစာတမ်းမှာတဲ့ လူတွေကိုလည်း ၅-ရက်နဲ့ အပြီး ပို့ပေးရသေးတယ်။ နောက်ပြီး ဗေဒင်ပညာ ၀ါသနာပါတဲ့ ကလေးတွေကိုလည်း သူတို့အားရက်တွေလာရင် ဗေဒင် သင်ပေးရသေးတယ်ဆိုတော့ ဆရာ့မှာ အားချိန်နားချိန်ရယ်လို့ကော ရှိသေးရဲ့လား ဆရာရယ်ဟု ပြန်ပြောလေ၏။

ထိုအခါ ကျွန်ုပ်က ကိုမောင်မောင်အား ဒီလိုရှိပါတယ် ကိုမောင်မောင်ရယ်။ ကျွန်တော်တို့ အသက်အရွယ်အရ ဆိုရင်တော့ အားချိန်နားချိန်ဆိုတဲ့ စကားကို သိပ်ပြီးပြောလို့ မကောင်းပါဘူး။ ကျွန်တော်တို့ရဲ့ ဆရာသခင်ဖြစ်တဲ့ အဘမင်းသိင်္ခဟာဆိုရင် တစ်နေ့မှာ နှစ်နာရီလောက်ပဲ အိပ်ပြီး နောက်ဆုံးအချိန်တွေအထိ အလုပ်တွေ လုပ်သွားခဲ့တာ။ အဘမင်းသိင်္ခ အားတဲ့အချိန် နားတဲ့အချိန်ဆိုတာ မရှိသလောက်ပါပဲ။ ဒါကြောင့် အဘမင်းသိင်္ခလို အေးအေးဆေးဆေး နားနားနေနေ နေလို့ရတဲ့ ပုဂ္ဂိုလ်ကြီးတောင် မနားမနေ အလုပ်လုပ်ခဲ့သေးရင် ကျွန်တော်တို့လို သုညဘ၀ကူတွေက ပိုလို့တောင် အလုပ်လုပ်ရဥိးမယ် မဟုတ်လားဗျာ။ မြန်မာ စကားပုံတစ်ခုတောင် ရှိတာပဲ။ ဘာတဲ့ ရင်လောက်တင်မှ ခါးလောက်ကျဆိုတာလေဟု ကျွန်ုပ်က ကိုမောင်မောင်အား ပြန်ပြောလိုက်လေလျှင် ကိုမောင်မောင်က....

ဒါနဲ့ ဆရာဆောင်ရွက်ပေးတဲ့ ဟောစာတမ်းစာအုပ်က တော်တော် စုံတယ်နော်။ စာမျက်နှာ (၅၀) ကျော်တောင် ပါတယ်ဆိုတော့။ အဲဒီဟောစာတမ်းကြီးကိုလည်း ဘယ်နည်းနဲ့ လုပ်ပေးတာလဲဟု ပြန်မေးလေ၏။ ထိုအခါ ကျွန်ုပ်က....

ဒီဟောစာတမ်းကလည်း ကျွန်တော်တို့ရဲ့ အဘမင်းသိင်္ခရဲ့ မူနဲ့ပဲ လုပ်ပေးတာပါ။ အဘမင်းသိင်္ခရှိစဉ်တုန်းက အဲဒီလို ဟောစာတမ်းမျိုးကို လိုချင်တဲ့ လူတွေက မရမ်းတလင်းယတြာမြေကို တကူးတက သွားပြီး လုပ်ကြရတာ။ တစ်လတောင် အချိန်ပေးရတယ်။ ပထမတစ်ခေါက်က အပ်ခဲ့ရတာ။ နောက်တစ်လကြာတော့ မှ သွားပြီး ယူရတာဗျ။ အဘက တပည့်တွေကို အဲဒီမူတွေကို ပေးထားခဲ့တာ။ အခု ကျွန်တော် လုပ်ပေးနေတာလည်း အဲဒီမူနဲ့ လုပ်ပေးနေတာပါဗျ။ ဒါပေမယ့် ကျွန်တော် အခုလုပ်ပေးတဲ့ ဟောစာတမ်းကြိး ကြတော့ နောက်ပိုင်းမှာ ယတြာတွေ ထည့်ပေးလိုက်တာဗျ။ ဒါကြောင့် ဟောစာတမ်း စာအုပ်က အဲဒီလောက် ထူသွားခဲ့တာဟု ကျွန်ုပ်က ပြေန်ပြောလိုက်လေ၏။

ဘယ်လို ပညာရပ်တွေနဲ့ လုပ်ပေးတာလဲဆရာသမားဟု ကိုမောင်မောင်က မေးပြန်လေ၏။ ထို့ကြောင့် ကျွန်ုပ်က ဘယ်လိုပညရပ်တွေ အသုံးပြုသလဲဆိုတော့ ကျွန်တော်တို့ မြန်မာ့ရိုးရာ မဟာဘုတ်ဗေဒင်ပညာရယ်၊ နာမက္ခရတိုင်ရယ်၊ ဆန်းဗေဒင်ရယ်၊ နျူမရော်လော်ဂျီလို့ ခေါ်တဲ့ ဂဏန်းဗေဒင်ပညာရယ်၊ တာရော့ပညာတွေ ရယ်၊ သုံးတန်ပေါ်နိစ်ဗေဒင်ပညာရယ်၊ နောက် ယတြာပညာရပ်တွေရယ်ပေါ့ဗျာ။ အဲဒါတွေနဲ့ ရေးရတာပေါ့။ ရေးတဲ့အခါမှာဆိုရင် မေးတဲ့သူအတွက် ပြည့်စုံအောင် ကောင်းမွန်အောင် စေတနာအရင်းခံပြီး ရေးရတာပေါ့။ လိုအပ်ချက်တွေ တပ်နိုင်သလောက် နည်းအောင် ရေးပေးရတာပေါ့ဗျာ။ နောက်ပြီး သူတို့ရဲ့ ဘ၀အစကနေ အဆုံးအထိ အိမ်ထောင်ရေး ကျန်းမာရေး စီးပွားရေး ဆောင်ရန်ရှောင်ရန်တွေကို အကုန်ထည့်ရေးပေးရတာပေါ့ ဗျ။ တော်တော်များများကလည်း သဘောကျကျပါတယ်ဗျာဟု ပြန်ပြောလိုက်လေ၏။

မသိလို့ မေးတာဆရာသမားရဲ့။ အင်တာနက်ကနေ ဗေဒင်မေးတဲ့ လူတွေကိုကော ဒိလို ဟောစာတမ်းမျိုး လုပ်ပေးတာပဲလားဟု မေးပြန်လေ၏။ ဟာ လုပ်ပေးတာပေါ့ဗျာ။ အင်တာနက်က မေးတဲ့ လူတွေကြတော့ နှစ်ပိုင်းခွဲပြီး လုပ်ပေးရတာ။ တစ်ပိုင်းကျတော့ ဟောစာတမ်းပိုင်းပေါ့။ ဟောစာတမ်းကိုကျတော့ အစောနပြော ခဲ့သလို ပြည့်ပြည့်စုံစုံ လုပ်ပေးတာပါပဲ။ နောက်တစ်ပိုင်းကြတော့ လတ်တလော အခက်အခဲကြုံတွေ့ နေရတဲ့ ကိစ္စတစ်ခု ပိုလာတာပေါ့ကွာ။ အိမ်ထောင်ရေး စီးပွားရေး လူမှု့ေ၇း အစစအရာရာ သိချင်တဲ့ ကိစ္စတွေကို မေးထားတာတွေကိုလည်း သိးသန့်တစ်ပါတည်း ပြန်ဖြေပေးရတာလည်း ရှိတာပေါ့ဟု ကျွန်ုပ်က ပြောလိုက်လေ၏။

ထိုအခါ ကိုမောင်မောင်က ဒါနဲ့ ဆရာ အင်တာနက်က ဗေဒင်မေးတဲ့ လူတွေဆီကရော ဆရာ့ရဲ့ ပညာပူဇော်ခကို ပေးကြရဲ့လားဟု မေးလေ၏။ ထိုအခါ ကျွန်ုပ်က ဟာ... ပေးတာပေါ့ကွ။ အားလုံးနည်းပါးကို ပေးကြတယ်။ နည်းလမ်းပေါင်းစုံနဲ့ ကို ပို့ပေးကြတယ်ကွ။ ရပါတယ်ဗျာ။ အေးအေးဆေးဆေးပေါ့လို့ ငါက ပြောတာတောင် မရဘူးကွ။ သူတို့က ပြောတယ်။ ဆရာရယ်တဲ့ ။ဆရာက ဗေဒင်ပညာတစ်ခုတည်းနဲ့ ချို့ချို့တဲ့တဲ့ ရပ်တည်နေ၇တဲ့ ဆိုပြီး ငါ့ကို သနားလို့နဲ့ တူပါတယ်ကွာ။ အားလုံးက အဆင်ပြေသလို ပို့ပေးကြပါတယ်ဟု ကျွန်ုပ်က ပြန်ပြောလိုက်လေ၏။ ထိုအခါ ကိုမောင်မောင်က...

ကောင်းပါတယ်ဆရာရယ်။ နောက်မှ ကျွန်တော်တို့ မိသားစုအတွက်လည်း ဟောစာတမ်းလာလုပ်ပါဦးမယ်။ အခုလောလောဆယ်တော့ ကံဇာတာကောင်းမွန်စေတဲ့ ယတြာတစ်ခုလောက် လမ်းညွန်လိုက်ပါဦး ဆရာ။ အခုတလော ဘာပဲလုပ်လုပ် နည်းနည်းလေး ကသိကအောက်ဖြစ်နေတယ်။ ဒါကြောင့် ဆရာ့ဆီကို ရောက်လာခဲ့တာပါဟု ပြန်ပြောလေသောကြောင့် ကျွန်ုပ်လည်း အောက်ဖော်ပြပါ ယတြာကို ကိုမောင်မောင်ဆို သူအား ညွန်ပြပေးလိုက်လေတော့၏။

အခုငါပြောတဲ့ ယတြာကတော့ ကောင်းမှု့ယတြာပေါ့ကွာ။ အတိဒုက္ခ ရောက်နေတဲ့အချိန်တွေ၊ ကိုယ်စိတ်နှစ်ပါး ဆင်းရဲ၊ လုပ်သမျှအဆင်မပြေ ၊ ဘာလုပ်လုပ် အခက်အခဲ ကြုံတွေ့နေရတဲ့ အချိန်တွေမှာ အင်္ဂ၀ိဇ္ဇာ အတတ်ပညာမှာ လာတဲ့ နည်းနဲ့ ကုသိုလ်ကောင်းမှုယတြာ လုပ်တဲ့အတွက် မကောင်းတဲ့ အညံ့အဆိုးတွေ ပြေပျောက်သွားတယ်။ လွတ်မြောက်သွားတယ်။ မိမိဘ၀ ။ မိမိမိသားစု တိုးတက်အောင်မြင်သွားတယ်။ ကံဇာတာမြင့်မားစေတယ်ကွ။ ပညာရပ်စကားနဲ့ ပြောရမယ်ဆိုရင်တော့ နေ့သားတစ်ဦးတစ်ယောက်ဟာ မိမိရဲ့ တြိရန်းနေ့မှာ စတုရန်းအရပ်၌ မိတ်နံကိုဆောင်၍ သတ်မှတ်ထားတဲ့ အလှူဒါနကို ဆောင်ရွက်ရမယ်လို့ ဆိုထားတယ်။

ဒီယတြာနည်းမှာ အသုံးပြုတဲ့ မိတ်နံဆိုတာက “ ဥသာ စိန်ပန်း ဒါန်းလှကိုရှာ ” ဆိုတဲ့ မိတ်ဓာတ်သဘာဝကို အသုံးပြုထားတာ။ အဲဒီ မိတ်ဓာတ်တွေရဲ့ ဂြိုဟ်သက်ကို ပေါင်းကြည့်လိုက်ရင်လည်း ၂၇-ရတယ်။ သတ္တဗီဇ ကျေတဲ့အတွက် မကောင်းတဲ့ အညံ့အဆိုးတွေကနေ ကကျော်လွှားလွတ်မြောက်စေတဲ့ ယတြာအမျိုးအစား ဖြစ်တာပေါ့။ ကဲ... (၇)ရက်သားသမီး အားလုံးအတွက် အသုံးပြုလို့ရအောင် အာလုံးအတွက် ရေးပေးလိုက် တယ်ကိုမောင်မောင်ရေဟု ဆိုကာ ဆန္ဒပြည့်ကောင်းမှု့ယတြာဟု အမည်ပေးထားသော အောက်ဖော်ပြပါ ယတြာကို အားလုံးအတွက် ပြည့်စုံစွာရေးသားပေးလိုက်ရပေသတည်း။

တနင်္ဂနွေသားသမီးများအတွက်...
အင်္ဂါနေ့တွင် သီဟိုဠ်ညွန့် တစ်ညွန့်ကို ဆောင်၍ မိမိနေအိမ်၏ တောင်အရပ်ရှိ ညောင်ပင်အား မိမိအသက်စေ့ ရေသွန်းလောင်းပါ။

တနင်္လာသားသမီးများအတွက်....
ဗုဒ္ဓဟူးနေ့တွင် ရှောက်ညွန့်တစ်ညွန့်ကို ဆောင်၍ မိမိနေအိမ်၏ အနောက်အရပ်တွင်ရှိသော ဘုရားတစ်ဆူဆူ၏ မွေးနံဒေါင့်တွင် ဆွမ်းကပ်လှူပါ။

အင်္ဂါသားသမီးများအတွက်.......
ကြာသပတေးနေ့တွင် သပြေညွန့်ကိုဆောင်၍ မိမိနေအိမ်၏ မြောက်အရပ်တွင်ရှိသော ညောင်ပင်တပင်အား သက်စေ့ရသွန်းလောင်းပါ။

ဗုဒ္ဓဟူးသားသမီးများအတွက်......
သောကြာနေ့တွင် နှင်းဆီပန်းကို ဆောင်၍ မိမိနေအိမ်၏ အနောက်တောင်အရပ်တွင်ရှိသော ညောင်ပင်တပင်အား သက်စေရေ့သွန်းလောင်းပါ။

ကြာသပတေးနေ့သားသမီးများအတွက်.......
စနေနေ့တွင် ဇီးညွန့်ကို ဆောင်၍ မိမိနေအိမ်၏ အရှေ့မြောက်အရပ်တွင်ရှိသော ဘုရားစေတီတစ်ဆူဆူ၏ မွေးနံဒေါင့်တွင် ဆီမီး သက်စေ့ ထွန်းညှိပူဇော်ပါ။

သောကြာနေ့သားသမီးများအတွက်......
တနင်္ဂနွေနေ့တွင် အုန်းညွန့်ကို ဆောင်၍ မိမိနေအိမ်၏ အရှေ့အရပ်တွင်ရှိသော ဘုရားစေတီ တစ်ဆူဆူ၏ မွေးနံဒေါင့်တွင် အုန်းသီးစိပ်လှူပေးပါ။

စနေသားသမီးများအတွက် .....
တနင်္လာနေ့တွင် ရွက်လှညွန့်ကိုဆောင်၍ မိမိနေအိမ်၏ အရှေ့တောင်အရပ်တွင်ရှိသော ဘုရားစေတီတစ်ဆူ ဆူ၏ မွေးနံဒေါင့်တွင် ခရေပန်းကပ်လှူပါ။

အထက်ပါ ကုသိုလ်ကောင်းမှု့ ပြုသောအခါတွင် သတ်မှတ်ထားသော နေ့ရက်များ၏ မိမိတို့ အဆင်ပြေသော မည့်သည့်အချိန်တွင်မဆို ဆောင်ရွက်နိုင်ပါသည်။ အထူးကံမြင့်မားသော အချိန်နှင့် တိုက်ဆိုင်ဆောင်ရွက်ပါက ပိုမိုလျှင်မြန်စွာ ထိရောက်ခြင်းရှိပါသည်။ နေ့သားအလိုက် ကံမြင့် ကံကောာင်းစေသော အချိန်များကို အောက်တွင်ဖော်ပြပေးလိုက်ပါသည်။

နေ့သား.......... အချိန်.

တနင်္ဂနွေ---------- အင်္ဂါနေ့ ၁၀း၃၀ မှ ၁၂း၀၀ ကြား။
တနင်္လာ-----------ဗုဒ္ဓဟူးနေ့ ၁၀း၃၀ မှ ၁၂း၀၀ ကြား။
အင်္ဂါ---------------ကြာသပတေးနေ့ နံက် ၆း၀၀ မှ ၇း၃၀ ကြား။
ဗုဒ္ဓဟူး-------------သောကြာနေ့ နံက် ၁၀း၃၀ မှ ၁၂း၀၀ ကြား။
ကြာသပတေး------စနေနေ့ ညနေ ၆း၀၀ မှ ၇း၃၀ ကြား။
သောကြာ---------တနင်္ဂနွေနေ့ နံက် ၆း၀၀ မှ ၇း၃၀ ကြား။
စနေ--------------တနင်္လာနေ့ ၁၀း၃၀ မှ ၁၂း၀၀ ကြား။

အားလုံးအဆင်ပြေကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

အပြည့်အစုံဆက်လက်ဖတ်ရန်...

လုပ်ငန်းရှင်များအတွက် အောင်မြင်စေသော အဆောင်

တစ်နေ့သ၌ ထိုင်းနိုင်ငံ- မဟာချိုင် နေ၀စ်ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်း အတွင်းသို့ မောင်အောင်အောင် ဆိုသော အသက်၃၄နှစ်ခန့် အမျိုးသား တစ်ဦးသည် လေးလံသော ခြေလှမ်းများစွာဖြင့် ရောက်ရှိ လာလေတော့ ၏။ သူသည် ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းသို့ ၀င်ရောက်လာပြီးလျှင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ဦးမချချင်- ချချင်ဖြင့် ဖြစ်သလို ပြီးပြီးရောဦးချလေ၏။ ထို့နောက် ကျွန်ုပ်၏ ဗေဒင်ဟောသော စားပွဲရှေ့တွင် ၀င်၍ မထိုင်ချင် - ထိုင်ချင်ဖြင့် ထိုင်ပြီးလျှင် ကျွန်ုပ်အား အောက်ပါအတိုင်း စကားကို မပြောချင်- ပြောချင်ဖြင့် ပြောလေတော့၏။

ခေတ်ကြီးက မကောင်းတော့ဘူး။ ဘာလုပ်လုပ် အဆင်ပြေတယ်ဆိုတာလဲ မရှိတော့ဘူး။ လုပ်သမျှ တလွဲတွေချဉ်းပဲ။ ဒါကြောင့် လုပ်ချင်စိတ် ကိုင်ချင်စိတ်လည်း မရှိတော့ဘူး။ အမှန်အတိုင်း ၀န်ခံရရင်တော့ ဆရာ့ကို ဘာမျှကို မပြောချင်တော့ဘူးဟု အင်မတန် ပျင်းရိငြီးငွေ့ဘွယ် ကောင်းသော လေသံဖြင့် ကျွန်ုပ်အား ပြောလေတော့၏။

ကျွန်ုပ်သည်လည်း အမှန်အတိုင်း ၀န်ခံရပါမူ ဤသူကို မြင်စကတည်းက လုံးဝကို ကြည့်ချင်စိတ် မရှိပါ။ ထို့ကြောင့် ကျွန်ုပ်သည်လည်း ၎င်းအား မကြည့်ချင် ကြည့်ချင်ဖြင့် ဟန်လုပ်၍ ကြည့်နေရလေ၏။ သူပြောဆိုသော စကားများကိုလည်း နားထောင်ချင်စိတ် လုံးဝမရှိပါ။ ထို့ကြောင့် မနည်းဟန်လုပ်၍ နားထောင်ချင်ယောင် ဆောင်နေရလေ၏။ သူပြောဆိုသော စကားများကိုလည်း ကျွန်ုပ်၏ နားထဲတွင် မကြားတစ်ချက် ကြားတစ်ချက် ဖြစ်နေတော့၏။ သူသည် သံလိုက်ဓာတ် ပျက်စီးနေသော လူတစ်ယောက် ဖြစ်နေ၏။ သို့သော် သူ့အား ခင်ဗျား သံလိုက်ဓာတ်တွေ ပျက်စီးနေတယ်ဟု လုံးဝမပြောပါ။ ကျွန်ုပ်က ပြောမည်ဆိုပါကလည်း ၎င်းသည် လုံးဝ နားလည်းလိမ့်မည် မဟုတ်ပါ။ ၎င်းကို သံလိုက်ဓာတ်အကြောင်းကို ပြောဆိုပါက ကျွဲပါးစောင်းတီးသကဲ့သို့ ဖြစ်နေပေလိမ့်မည်။

(သံလိုက်ဓာတ်အကြောင်းကို သိချင်ပါက ဒီနေရာလေးတွင် သွားရောက်ဖတ်နိုင်ပါကြောင်း)

ကျွန်ုပ်သည် ၎င်း၏ မျက်နှာကို ကြည့်၍ အလိုလိုနေရင်း ဒေါသဖြစ်နေမိ၏။ ကြည်လင်နေသော ကျွန်ုပ်၏ ဟိတ်အစဉ်သည် နောက်ကြည့်လျှက်ရှိ၏။ ဗေဒင်ဆရာသက်တမ်းတစ်လျှောက်တွင် ဤကဲ့သို့သော စိတ်ခံစား ချက်များသည် အင်မတန်ထူးဆန်းသော စိတ်ခံစားချက်ဖြစ်လေ၏။ ကျွန်ုပ်သည် ဗေဒင်မဟောမီ ၁-မိနစ်ခန့် ငြိမ်သက်နေမိ၏။ ဗေဒင်လာမေးသော သူများကကျွန်ုပ်အား အာရုံယူနေသည်၊ အကြားအမြင်နှင့် ကြည့်နေသည်ဟု ထင်ကြ၏။ အမှန်အတိုင်း ၀န်ခံရလျှင် အာရုံယူတာလည်း မဟုတ်။ အကြားအမြင်လည်း မဟုတ်ပေ။ ကျွန်ုပ်၏ စိတ်ခံစားချက်ကို ပြန်၍ ခေတ္တခနမျှ ပြန်ကြည့်နေခြင်းသာ ဖြစ်လေ၏။ ထိုစိတ်ခံစားချက်သည် ဗေဒင်ဆရာ ဖြစ်ကာစတုန်းက မသိသာလှပေ။ လုံးဝကို မသိသာလှပေ။ ဗေဒင်ဟောသောနှစ် တော်တော်လေးကြာပြီးသည့် နောက်ပိုင်းရောက်မှ အလိုလိုဖြစ်ပေါ်လာသော စိတ်ခံစားချက်သာ ဖြစ်လေ၏။ နှစ်ကြာသော ဗေဒင်ဆရာတိုင်း ဖြစ်သည်ဟု ကြားဖူးပါသည်။

ဝမ်းနည်းခြင်း ၊ ၀မ်းသာခြင်း၊ ပျော်ရွှင်ခြင်း၊ သတိယခြင်း၊ လွမ်းဆွတ်ခြင်း၊ နာကျင်ခြင်း၊ တက်ကြွခြင်း၊ စိတ်ကျခြင်း အစရှိသော စိတ်ခံစားချက်များသည် အလိုလို ပေါ်ပေါက်လာခြင်းပင် ဖြစ်လေ၏။ ထိုခံစားချက်များသည် ဒေင်မေးသူများနှင့် တစ်နည်းနည်း ပါတ်သက်နေလေ့ရှိ၏။ ယခုလည်း ကိုအောင်အောင်ဆိုသော သူကို မြင်စကတည်းက ကျွန်ုပ်၏စိတ်အစဉ်သည် အလိုလိုနေရင်း ညှိုးနွမ်းသွား လေတော့၏။

ကိုအောင်အောင်သည် ကျွန်ုပ်အား အထက်ပါကဲ့သို့ စကားအား ကပေါက်တိ ကပေါက်ချာဖြင့် စတင်၍ ပြောလေ၏။ အနည်းငယ် ကြာလာသောအခါတွင် ကျွန်ုပ်သည် ၎င်းကိုအောင်အောင်ဆိုသူအား သနားပင် သနားမိလေတော့၏။ အဘယ်ကြောင့်ဆိုသော သူသည် လုပ်သမျှကိုင်သမျှ အလွဲလွဲအချော်ချော် ဖြစ်နေ၍ အားကိုးရာ ကောက်ရိုးတစ်မျှင် အနေနှင့် ကျွန်ုပ်ထံသို့ ရောက်ရှိလာခဲခြင်းပင် ဖြစ်လေသည် မဟုတ်ပါလား။ ထို့ကြောင့် လွင့်ပျံ့နေသော ကျွန်ုပ်၏ စိတ်အာရုံများကို စုစည်းလိုက်ကာ ကိုအောင်အောင်အား အောက်ပါအတိုင်း ပြန်ပြောလိုက်လေတော့၏။

ကဲ... ကိုအောင်အောင် ကျွန်တော် ဘာလုပ်ပေးရမလဲ။ ဘာကူညီပေးရမလဲ။ ဘာတွက်ပေးရမလဲဟု ကျွန်ုပ်က မေးလိုက်လေရာ ကိုအောင်အောင်က ကျွန်ုပ်အား အောက်ပါအတိုင်း ပြောလေ၏။

ဒီလိုပါဆရာ ကျွန်တော်က ငယ်ငယ်လေးကတည်းက သူများအလုပ်တွေဘာတွေဆိုရင် သိပ်ပြီး စိတ်ဝင်စားလှတာ မဟုတ်ပါဘူး။ အခု အသက်ကြီးလာတော့လည်း ကိုယ်တတ်နိုင်သလောက် ကိုယ်ပိုင် လုပ်ငန်းလေးတွေကိုပဲ လုပ်ပါတယ်။ အဲဒီတော့ ကျွန်တော့်အနေနဲ့ အခုလက်ရှိ လုပ်ကိုင်နေတဲ့ အလုပ်ကို ဆက်လုပ်သင့် မလုပ်သင့် ဆိုတာရယ်။ အကျိုးပေးမပေးဆိုတာရယ် အဲဒါကို တွက်ပေးစေချင်တယ်။ နောက်တစ်ခုက ကျွန်တော့် အနာဂါတ်ကို သိချင်တယ်။ တိတိကျကျ မသိရရင်တောင်မှ အနည်းဆုံး လာမယ့်နှစ်မှာ အောင်မြင်မလား ကျရှုံးမလား ၊ တိုးချဲ့သင့်လား၊ ငြိမ်နေသင့်လား ဆိုတာလောက်တော့ သိချင်တယ်။ နောက်တစ်ခုက ဆုံရှုံးနစ်မြုတ်နေတဲ့ ငွေတွေတော်တော်များများ ရှိတယ်။ အဲဒါတွေ ပြန်ရမလား ပြန်မရဘူးလား သိချင်တယ်။ မရရင်လည်း ရေစက်ချလိုက်တော့မယ်။ နောက်တစ်ခု အဆောင်လေး ဘာလေး လိုချင်တယ်။ ဒါပါပဲဟု သူသိချင်သောကိစ္စများကို တန်းစီ၍ ပြောလေတော့၏။

ထိုအခါ ကျွန်ုပ်လည်း သူ၏ ပထမဦးဆုံး မေးသော မေးခွန်းအား ဖြေဆိုရန်အတွက် မြန်မာရိုးရာ ဗေဒင်ပညာလာ နာမက္ခရတိုင်ဖြင့် သူ၏ စီးပွားရေးလုပ်ငန်းကို ချိန်ထိုးကြည့်လိုက်ရာ သူလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်း (ပွဲစားလုပ်ငန်းသည်) ကြိုးစားအားထုပ်ပါက မုချအောင်မြင်နိုင်သော လုပ်ငန်း အမျိုးအစားထဲတွင် ပါလေ၏။ ထို့ကြောင့် ကိုအောင်အောင်အား ခင်ဗျား လက်ရှိလုပ်ကိုင်နေတဲ့ ပွဲစားလုပ်ငန်းနဲ့ သေချာပေါက် အောင်မြင်နိုင်တယ်။ သေချာပေါက် အကျိုးပေးတယ်ဟု ပြန်ဖြေလိုက်လေရာ ကိုအောင်အောင်က အိုကေဆရာ ဒါဆို ကျွန်တော် ဒီလုပ်ငန်းကို ဘ၀တစ်သက်စာအတွက် ရွေးချယ်လိုက်တော့မယ်။ နောက်တစ်ခု ပြောပါဦးဟု မေးပြန်လေ၏။

အိုကေ ခင်ဗျားရဲ့ ဒုတိယမေးခွန်းကို ဖြေမယ်။ အဲဒါက ခင်ဗျားရဲ့ အနာဂါတ်ကိုပြောမယ်။ ခင်ဗျား ပြောသလို ကျွန်တော် တိတိကျကျ ကြီးမပြောနိုင်ဘူး။ ဒါပေမယ့် ခင်ဗျားအတွက် စိတ်ကျေနပ်စေမယ့် အဖြေတစ်ခု ဖြစ်စေရမယ်။ ခင်ဗျားရဲ့အသက်က အခု (၃၄)နှစ် ဗုဒ္ဓဟူးသားဆိုတော့ ကြာသပတေးသက်ရောက်က လွတ်သွားပြီ။ အခုရာဟုသက်ေ၇ာက်ကို စတင်ပြီး ၀င်တယ်။ သုခဘုံသို့ အ၀င်လို့ခေါ်တယ်။ လုပ်သမျှ ဒုက္ခ၊ ရှိတာ အကုန်ထုပ်ဆိုတဲ့ ကိန်းထဲက လုံးဝ လွတ်မြောက်သွားပြီ။ အခု ခင်ဗျားက ကောင်းစားတော့မယ်။ အောင်မြင်တော့မယ်။ အချိန်ကျပြီ။ ပျော်ပျော်ရွှင်ရွှင်သာ ဆက်လုပ်ပေတော့။ တက်တက်ကြွကြွသာ ခရီးဆက်ပေတော့ ။ သေချာပေါက်အောင်မြင်နိုင်တယ်။ ဒါခင်ဗျားရဲ့ အနာဂါတ်ပဲဟု ကျွန်ုပ်က ပြောလိုက်လေရာ ကိုအောင်အောင်က အိုကေ ဒီတစ်ချက်လည်း ကျွန်တော် ကျေနပ်တယ်။ ဒါ ကျွန်တော့်အ တွက် ပွိုင့်ပဲ။ ဆရာက မကောင်းသေးဘူးလို့ ပြောရင် ကျွန်တော်စဉ်းစားမယ်။ ကောင်းပြီလို့ပြောရင် ကျွန်တော် ဆက်လုပ်မယ်။ အဲဒီလို ကျွန်တော် စဉ်းစားလာတာ။ ကျေးဇူးတင်ပါတယ်။ နောက်တစ်ခု ဆက်ပြောပါဦးလို့ ကိုအောင်အောင်က ဆက်မေးတယ်။

ဟုတ်ပြီ။ ခင်ဗျားမနှစ်က ကြာသပတေးသက်ရောက်မှာ ရှိတာအကုန်ထုတ်ဆိုတဲ့ ကိန်းမှာကျခဲ့လို့ ငွေတော်တော်များများ ထွက်သွားခဲ့တယ်။ သူတစ်ပါးတွေဆီမှာ သွားပြီး နစ်မြုတ်သွားခဲ့တယ်။ အဲဒါတွေ ပြန်ရမရ သိချင်တာမဟုတ်လား။ အိုကေ ကျွန်တော်အဲဒီအတွက် အဖြေပြန်ပေးမယ်။ ခင်ဗျားရဲ့ ဘယ်ဘက်လက်နဲ့ ပိုက်ဆံတွေ ပြန်ရမရလို့ စိတ်ထဲမှာအာရုံပြုပြီး တားရော့ကိုတစ်ဝက်ချိုးလိုက်ဟု ကျွန်ုပ်က ပြောလိုက်လေရာ ကိုအောင်အောင်က သူ၏ ဘယ်ဘက်လက်ဖမိုးကို သူ၏နဖူးနှင့် ခေတ္တထိကပ် ဆုတောင်း၍ ပါးစပ်မှ ပွစိပွစိဖြင့် ပြောဆိုကာ တားရော့ကိုတစ်ဝက် ချိုးလိုက်လေ၏။ ထိုအခါ အောက်ပါတားရောကဒ် ကျလေတော့၏။

ဒီမှာ ကိုအောင်အောင် ခင်ဗျားကို ကျွန်တော်ပြောမယ်။ တားရော့ကဒ်က နံပါတ် (၁၃) သေမင်းကဒ်ကျတယ်။ သေမင်းဆိုတော့ လုံးဝ မမျှော်လင့်နဲ့တော့ပေါ့ဗျာ။ သေသွားပြီ။ ခင်ဗျားငွေတွေ သေသွားပြီ။ သေပြီဆိုမှဖြင့် ပြန်ရှင်လာဖို့ လုံးဝ မရှိတော့ဘူးပေါ့ဟု ကျွန်ုပ်က ပြောလိုက်လေရာ ကိုအောင်အောင်က ထင်သားပဲ စောက်မျိုးတွေ။ ကောင်းကျိုးနည်းနည်းမှကို မပေးဘူးဟု ဒေါသဖြင့် ပြန်ပြောပြီးလျှင် ဟုတ်ပါပြီဆရာရယ်။ လုံးဝ ပြန်မရနိုင်တော့ဘူး ဆိုတာကို သိလိုက်ရတဲ့ အတွက်လည်း တစ်မျိုးကောင်းတာပါပဲ။ ရတော့မလား ရတော့မလားဆိုပြီး ပြန်မျှော်လင့်နေရတာနဲ့ ဆိုရင် အဲဒီလို သိလိုက်ရတာလည်း တစ်မျိုးကောင်းတာပါပဲ။ ဗေဒင်မေးတာ အကောင်းတွေကိုချဉ်း မျှော်လင့်နေလို့တော့ မရဘူးပေါ့ဆရာရယ်။ ကဲ နောက်ဆုံး ကျွန်တော် လုပ်နေတဲ့ စီးပွားရေးလုပ်ငန်း အောင်မြင်စေမယ့် အဆောင်လေး ယတြာလေး ပေးလိုက်ပါဦး။ ကောင်းတယ်ဆိုတော့ ဆက်လုပ်ရအောင်ဟု ပြောလေသောကြောင့် ကျွန်ုပ်လည်း သူ၏လုပ်ငန်းများကို အောင်မြင်စေသော တိုးတက်စေသော အဆင်ပြေစေသော အောက်ဖော်ပြပါ ယတြာကို ကိုအောင်အောင်အား ညွန်ပြလိုက်လေ၏။

လုပ်ငန်းရှင်တွေအတွက် အကောင်းဆုံး ယတြာကတော့ ဟောလစ်ပုလင်းထဲ ပေါက်ပေါက်ထည့်ပြီး ထီးစိုက်ထားတာဟာ အကောင်းဆုံးအဆောင်ပဲဟု ပြောလိုက်လျှင် ကိုအောင်အောင်က ဘယ်လို အဓိပ္ပါယ်လဲဟု ပြန်မေးလေ၏။ ထိုအခါ ကျွန်ုပ်ကလည်း ကိုအောင်အောင် နားလည်သဘောပေါက်စေရန် စာရွက်ဖြူတစ်ရွက် တွင် အောက်ပါအတိုင်း ရေးပြပြီးလျှင်...

ဟောလစ်ပေါက်ပေါက် ဓာတ်ယတြာဟာ ရုပ်မှာအန္တော၊ နာမ်မှာစရေ ၊ ပူပြင်းသွက်လက်တဲ့သဘောပေါ့။ ပြီးတော့ ဟောလစ်ဆိုတဲ့ အသံထွက်ဟာ ဒလဟောလစ်သွားတယ်။ထွက်သွားတယ်လို့ ယူဆရတာပေါ့။ ပေါက်ပေါက်ကတော့ အပိတ်အပင် အတားအဆီးမရှိ ပေါက်သွားတယ်လို့ အဓိပ္ပါယ် ကောက်ရမှာပေါ့ ပြီးတော့ ထီးစိုက်က ပေါင်းလိုက်ရင် (၁၀) ၇တယ်။ အန္တောဓာတ်ပေါ့။ ထီးရဲ့ြ၈ိုဟ်သက်က (၁၀) စိုက်ရဲ့ ဂြိုဟ်သက်က (၈)။ ပေါင်းလိုက်ရင် (၁၈) ရတယ်။ ထပ်ပေါင်းတော့ (၉) န၀င်းရတယ်။ အန္တောစရေဓာတ်ကို အန္တောနာမ် န၀င်းအုပ်ပြီး စီမံထားတာပေါ့ ဟု ရှင်းပြလိုက်ရင်း...လုပ်ဖြစ်အောင် လုပ်ထားလိုက်စမ်းပါ ကိုအောင်အောင်ရာ ထူးကို ထူးခြား လာပါလိမ့်မယ်ဟု ပြောလိုက်လေ တော့သတည်း။

အပြည့်အစုံဆက်လက်ဖတ်ရန်...

ရက်ကိုးဆယ်အတွင်း လာဘ်ရွှင်စေသောနည်း

တစ်နေ့သ၌ ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ဥုမ်သဟာ ဗေဒင်ဟောခန်း အတွင်းသို့ အသက်အားဖြင့် (၂၈)နှစ်ခန့်ရှိ သော စောနန်းနွယ်ဟု အမည်ရှိသော အမျိုးသမီးတစ်ဦး ရောက်ရှိလာလေ၏။ သူမသည် ဘွဲ့ရပညာတတ် အမျိုးသမီးတစ်ဦးဖြစ်လေ၏။ ဘ၀အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသို့ ရွေ့ပြောင်းအလုပ်သ မား တစ်ဦးအဖြစ်နှင့် ရောက်ရှိနေပေမယ့် တစ်နေ့နေ့တစ်ချိန်ချိန်တွင် သူမသည် မုချအောင်မြင်ရမည်ဟု ရည်ရွယ်ချက်ရည်မှန်းချက် ကြီးကြီးမားမား ထားရှိသူလည်း ဖြစ်လေသည်။ သူမသည် ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းအတွင်းသို့ ရောက်ရှိလာပြီးလျှင် သူမ၏အခက်အခဲအား အောက်ပါအတိုင်း ပြောပြလေတော့၏။

ဒီလိုပါဆရာရယ်။ ကျွန်မက အခြအနေအရ ထိုင်းနိုင်ငံကို ရောက်ရှိနေပေမယ့် ဒီလိုဘ၀ကိုတော့ တင်းတိမ် ရောင့်ရဲမနေနိုင်ပါဘူး။ အမြဲတမ်းကိုယ့်ဘ၀ကို တိုးတက်အောင်မြင်စေမယ့် နည်းလမ်းတွေကို အမြဲတမ်း ကြိုးစားရှာဖွေနေပါတယ်။ ဒါပေမယ့် လူ့ဘ၀ကြီးကမရေရာဘူး မဟုတ်လား။ နောက်ပြီး ကြိုးစားနေတဲ့ လူတွေအတွက် အချိန်က အမြဲတမ်းနည်းနေတာပဲ မဟုတ်ဘူးလားဆရာ။ အဲဒီတော့ မရေရာတဲ့ လောကကြီးမှာ သေချာတာတစ်ခုလောက်တော့ ရှိချင်တယ်။

နောက်ပြီး ဘ၀မှာစမ်းတ၀ါးဝါးနဲ့ လျှောက်လှမ်းနေရတဲ့ နေ့ရက်တွေကလည်း အတော်များခဲ့တာ။ ကျွန်မအသက် ၂၈နှစ် အတွင်းမှာ နေရာမျိုးစုံ၊အလုပ်မျိုးစုံကို စမ်းတ၀ါးဝါးနဲ့ လုပ်နေခဲ့ရတယ်။ ကျွန်မက အဲဒါကို မကြိုက်ဘူး။ အဲဒီတော့ ဒီအသက်အပိုင်းအခြားရဲ့ နောက်ပိုင်းမှာ အလုပ်တွေကိုလည်း သွေးတိုးစမ်းသလို ဟိုပြောင်းဒီပြောင်း မလုပ်ချင်တော့ဘူး။ တစ်ခုခုကိုဆုံးဖြတ်ချက်ချပြီး ရေရှည်လုပ်ငန်းအဖြစ် လုပ်ကိုင်သွားချင်တယ်။ ဒါပေမယ့် ကိုယ်ရွေးချယ်လိုက်တဲ့ လုပ်ငန်းအမျိုးအစားကလည်း ဘ၀မှာ ကျွန်မအတွက် မုချတိုးတက် အောင်မြင် ကြီးပွားစေမယ့်အလုပ်မျိုး ဖြစ်ရမယ်ပေါ့ဆရာ။

အရေးကြီးတာက သေချာချင်တယ်နော်။ နှစ်ပေါင်းများစွာ ကိုယ်ရွေးချယ် လုပ်ကိုင်လိုက်တဲ့ အလုပ်က မုချ ကိုယ်နဲ့အကျိုးပေးတဲ့ လုပ်ငန်းမျိုးဖြစ်ဖို့လိုတယ်။ နှစ်ပေါင်းများစွာ လုပ်ကြည့်ပြီးမှ မအောင်မြင်တာတို့ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားတာတို့ဖြစ်လို့မရဘူး။ ပေးဆပ်လိုက်ရမယ့် အချိန်တွေက အရမ်းနှမြောစရာ ကောင်းနေလိမ့်မယ်။ ဒါကြောင့် ဒီနေ့ကျွန်မဆရာဆီက တစ်ခုခုအရမ်းသိချင်တယ်။ သေချာတဲ့အဖြေတစ်ခုတော့ ရချင်တယ်။ အဲဒါကဘာလဲဆိုတော့ ကျွန်မဘ၀မှာ ကျွန်မအတွက် မုချတိုးတက်ကြီးပွားချမ်းသာစေမည့် လုပ်ငန်းအမျိုးအစားကို သိချင်တယ်။ အဲဒါကို ဆရာက ရွေးချယ်ပေးဖို့ပါပဲဟု ကျွန်ုပ်အား သူမ၏ဘ၀တစ်သက်လုံးနှင့် ပါတ်သက်သော အင်မတန်ကြီးလေးသော တာဝန်ကြီးတစ်ခုကို ကျွန်ုပ်အားပေးအပ်လိုက်လေသည်။ ထိုအခါ ကျွန်ုပ်က ...

ဒီလိုရှိတယ် စောနန်နွယ်ရဲ့။ ငါတို့ရဲ့ ဆရာသခင်ဖြစ်တဲ့ အဘဒေါက်တာ မင်းသိင်္ခဟာ ဗေဒင်ပညာကို စတင်လိုက်စားစဉ် အချိန်ကတည်းက ကြာသပတေးနံ၊ ကြာသပတေးဂြိုလ်ဟာ သူ့ရဲ့ဘဝမှာ သေချာပေါက် ကြီးပွားတိုးတက် အောင်မြင်ချမ်းသာမယ့်နံ၊ ဂြိုလ်ဆိုတာ သိထားခဲ့ပါတယ်။ ကြာသပတေးနံဆိုတာ( ပ၊ ဖ၊ ဗ၊ ဘ၊ မ )ပေါ့ဟာ။ ။ စာရေးဆရာလုပ်တဲ့ အခါမှာလည်း ဝတ္ထုစာအုပ်တွေရဲ့ ရှေ့ဆုံးစာလုံးတွေမှာ ဆိုရင် ကြာသပတေးနံကိုပဲ အားပြုပြီးအမည်ပေးသုံးစွဲခဲ့ပါတယ်။ အဘမင်းသိင်္ခရေးခဲ့တဲ့ ဝတ္ထုစာအမည်တွေရဲ့ အမည်ဟာ များသောအားဖြင့် ကြာသပတေးနံတွေနဲ့ စပြီး ပေးထားတယ်။

ဒါကြောင့်လည်း အဘရဲ့စာအုပ်တွေကို စာဖတ်ပရိတ်သတ်တွေ စွဲလန်း နှစ်ခြိုက်ကြခြင်းလည်း ဖြစ်ပါတယ်။ စာပေလောကမှာလည်း “မင်းသိင်္ခ ဟာ နောက်ဆုံးအချိန်အထိ စာပေလောကမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ အဘမင်းသိင်္ခကို သေချာပေါက် ကြီးပွားချမ်းသာစေမယ့် ကြာသပတေးနံလုပ်ငန်းတွေကပဲ အောင်ြမင်တဲ့ လူသားတစ်ယောက်ဖြစ်စေခဲ့တာပါ…။

ဗေဒင်ဆရာအလုပ်ဟာလည်း ပညာကိုအသုံးချရတဲ့ “ကြာသပတေးနံ” လုပ်ငန်းအမျိုးအစား ဖြစ်တဲ့အတွက် ဗေဒင်လောကမှာလည်း အောင်မြင်ခဲ့ပါတယ်။ နောက်ပြီး စာရေးဆရာ အလုပ်ဟာလည်း “ ကြာသပတေးနံ” လုပ်ငန်းအမျိုးအစား ဖြစ်တဲ့အတွက် စာရေးဆရာ အဖြစ်လည်း လူသိများခဲ့ပါတယ်။ ကြာသပတေးနံပါတဲ့ - မှော်ဘီ၊ မရမ်းတလင်း၊ ပဲခူး၊ ပုပ္ပါး စတဲ့မြို့တွေမှာ နေထိုင်ပြီး အဓိဋ္ဌာန်များကို ကျင်ကြံအားထုတ်ခဲ့ပါတယ်။

လက်ဝှေ့ကလပ်ကိုလည်း ကြာသပတေးနံပါတဲ့ “မြန်မာပြည်သား”၊ ဂျာနယ်ကိုလည်း“ မနော မယဂျာနယ်ဆိုပြီး ထုတ်ဝေခဲ့ပါတယ်။ ပြောချင်တာကတော့ “မင်းသိင်္ခ”ဆိုပြီး ဖြစ်လာတာဟာ ကြာသပတေးနံကို မှီတွယ်၊ဖက်တွယ်ပြီး ကောင်းစွာအသုံးချခဲ့လို့ ဖြစ်လာတာပေါ့။ ဒါကြောင့် ရှေ့တုန်းက နာမည်ကျော် ပုဂ္ဂိုလ်ကြီးတစ်ဦးက လက်တွေသုံးပြသွားတဲ့ နည်းစနစ်တစ်ခုရှိတယ်။ အဲဒီအတိုင်း လိုက်သုံးလိုက်ရုံပဲပေါ့ဟု ကျွန်ုပ်က ပြောပြလိုက်လေလျှင် စောနန်နွယ်က...

ဟုတ်ပြီ။ ဒီလိုမျိုး အထောက်အထားနဲ ပြောတာဆိုရင်တော့ ကျွန်မလက်ခံတယ်။ ဆရာမင်းသိင်္ခဆိုတာလည်း ကျွန်မတို့လေးစားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတစ်ဥိးပါပဲ။ ကိုယ်လေးစားခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးက လက်တွေလုပ်ခဲ့တဲ့ နည်းဆိုတော့ ကျွန်မ လိုက်လုပ်မယ်။ အဲဒီတော့ အဲဒီနည်းနဲ့ကျွန်မကို တွက်ပေးပါ။ တော်တော်လေး ခက်ခက်ခဲခဲတွက်ရမှာလား။ ဘယ်နှစ်ရက်လောက်စောင့်ရမှာလဲဟု ပြန်မေးလေ၏။ ခက်ခက်ခဲခဲ မတွက်ရပါဘူး။ အခုတစ်ထိုင်တည်း တွက်ပေးလိုက်လို့ရပါတယ်။ မဟာဘုတ်ဗေဒင်ပညာမှာ လာတဲ့ နည်းတစ်ခုပဲ။ မဟာဘုတ်ဆိုတာကို နားလည်ရင်ရပြီပဲဟု ပြောလိုက်ပြီးလျှင် စောနန်နွယ်အား အောက်ပါအတိုင်း ပြောပြလိုက်လေတော့၏။

မဟာဘုတ်တွက်နည်းကဒီမှာပါ။

တွက်ကြည့်လိုက်နော်။ ပြီးရင် အထွန်းဆိုတဲ့နေရာမှာ နေ့နံမှာရှိတြဲ့၈ိုဟ်ဟာ မိတ်ဆွေတို့ရဲ့ ဘ၀အတွက် အထူး တိုးတက်အောင်မြင်စေစမယ့် နံဂြိုဟ်ဖြစ်ပါတယ်။ အဲဒီနည်းလေးကိုသိပြီဆိုရင် ကိုယ့်ဘ၀ကို ဒီနေ့နေစပြီး တစ်စုံတစ်ခုကို ရွေးချယ်ပြီး စတင်ကြိုးစားတည်ဆောက်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

အဲဒါနဲ့ စောနန်နွယ်ကဆက်လက်ပြီး ဟုတ်ပြီဆရာ ဒါဆိုရင်ကျွန်မက မဟာဘုတ်(၅)ကြွင်းတယ်။ အထွန်းနေရာမှာ (၄) ရှိနေတယ်ဆိုတော့ ဗုဒ္ဓဟူးနံပေါ့။ ဆရာပြောသလိုဆိုရင် အနုပညာအလှပညာပေါ့။ အင်း ကျွန်မရုပ်နဲ့ မင်းသမီးမဖြစ်တာကတော့ သေချာနေပြီ။ အဲဒီတော့ အလှပညာအလုပ်ဆိုရင်တော့ မဆိုးဘူး။ အလှပြင်ဆိုင်တို့ ဘာတို့ လုပ်လို့ရတယ်မဟုတ်လားဟု ပြန်မေးလေ၏။ ထို့ကြောင့် ကျွန်ုပ်က ရတာပေါ့ စောနန်းနွယ်ရဲ့။ အလှပြင်ဆိုင်ဖွင့်ရင် သေချာပေါက် ကြီးပွားချမ်းသာမယ်၊ အောင်မြင်မယ်ပေါ့။ နောက်ပြီး နာမည်ပေးရင်လည်း အဲဒီ ဗုဒ္ဓဟူးနံ အက္ခရာတွေနဲ့ပဲ (ယ-ရ-လ-၀) ပေးလို့ ရတာပေါ့ဟုကျွန်ုပ်က ပြန်ပြောလိုက်လေလျှင် စောနန်းနွယ်က အိုကေ ဆရာ ကျွန်မ အလှပြင်သင်တန်း တက်ဖို့ ပြင်ဆင်တော့မယ်။ နာမည်ကတော့နောက်မှ ဆရာဆီ လာတောင်းတော့မယ်။ အခုလောလောဆယ်တော့ ဆရာဆီကိုလာတုန်း ယတြာတစ်ခုလောက် တောင်းချင်တယ်။ ငွေကြေးလာဘရွှင်တဲ့ ယတြာတစ်ခုလောက် ပေးပါဦး။ အခုတလော လာဘ်ပိတ်နေသလိုပဲဟု ပြောသောကြောင့် ကျွန်ုပ်လည်း ငွေကြေးလာဘ်လာဘရွှင်လန်းတိုးတက်စေသော အောက်ဖော်ပြပါ ယတြာကို စောနန်းနွယ်အား ပြောပြလိုက်လေတော့သတည်း။

လာဘ်လာဘပွင့်လန်းစေတဲ့ယတြာ

လုပ်အားကြောင့်ငွေဝင်တာရယ်၊ ကိုယ့်လုပ်ငန်းက ပုံမှန်ဝင်ငွေကောင်းနေတာရယ်၊ အရောင်းအ၀ယ်ကိစ္စများ အောင်မြင်လို့ ငွေဝင်တာတွေကို လူတွေက သိပ်ပြီး မရောင့်ရဲ မတင်းတိမ်နိုင်ကြဘူး။ များသောအားဖြင့် ကံတရားကြောင့် ငွေအစုလိုက်အပြုံလိုက် ၀င်တာကိုလည်း လိုလားတောင့်တာကြတယ်။ ဥပမာအားဖြင့် အခွင့်အရေးကောင်းကြုံလို့ ဖြစ်စေ၊ ထီပေါက်ချဲပေါက် ကောက်ရလို့ဖြစ်စေ ဒါမှမဟုတ် လုံးဝပြန်မရနိုင် တော့ဘူးလို့ ထင်ထားတဲ့ငွေတွေ ပြန်ဝင်လာခြင်းကြောင့်ဖြစ်စေ အဲဒီလို ၀င်လာတဲ့ငွေကြေးတွေကို ကျွန်တ်ာအပါအ၀င် လူသားတိုင်းကိ မျှော်လင့်ကြတယ်။

ဒါကြောင့် ကျွန်တော်တို့ ဗေဒင်ဟောခန်းကို ရောက်လာတဲ့ လူတိုင်းက မေးတတ်ကြတယ်။ ငွေအစုလိုက်အပြုံလိုက် ၀င်ကိန်းရှိလားတို့၊ ထီပေါက်ကိန်း ချဲပေါက်ကိန်း မြင်လားတို့ပေါ့။ နောက် ဘယ်လို ယတြာတွေအဆောင်တွေလုပ်ရင် ငွေကြေးလာဘ်လာဘတွေ ပွင့်လန်းနိုင်င်သလဲ စသည်ဖြင့် မေးတတ်ကြတယ်။

လုပ်ရမှာကတော့ လွယ်ပါတယ်။ အောက်မှာ ဇယားလေးတစ်ခု ဖော်ပြပေးလိုက်ပါတယ်။ မိမိနေ့သားအလိုက် တစ်ပတ်လျှင်တစ်ကြိမ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အချိန်တွေ နေ့တွေတော့ တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။ အရမ်းလွယ်လို့ အဆင်ပြေပါ့မလားလို့တော့ မတွေးစေချင်ပါဘူး။ လုပ်ကြည့်ပါ။ ရှေ့ဘုန်းရှေ့ကံအရ ၀င်ငွေနည်းခြင်း၊ ၀င်ငွေများခြင်းသာ ကွာခြားတာပါ။ အောင်မြင်တဲ့ လူတွေ များပါတယ်။ ရက်ပေါင်းကိုးဆယ်အတွင်း ထူးခြားပါတယ်။ ကိုယ်ပိုင်လုပ်ငန်းရှိတဲ့လူတွေကလည်း အဲဒီယတြာ ကိုဆောင်ရွက်တဲ့အတွက် ပိုပြီးတော့ ၀င်ငွေတိုးပွာခြင်းနှင့် အဆင်ပြေစေပါတယ်။ လုပ်ရမှာက မိမိနေ့အလိုက် ဆန်သုံးဆုပ်ကြဲပက်ကာ ကြက်ငှက် သတ္တ၀တို့အား ကျွေးမွေးဆုတောင်းပါ။

ဥပမာ တနင်္လာသားဖြစ်သော ကျွန်တော်က ဗုဒ္ဓဟူးနေ့ နံက် (၆း၄၅) မိနစ်မှာ ရေမိုးချိုးကိုယ်လက်သန့်စင်ပြီး မြေပြောင်ပြောင်မှာ အနောက်အရပ်ကို မျက်နှာမူပြီး ဆန်သုံးဆုပ်ကြဲပက်ကာ ကြက်တို့ ငှက်တို့ အစရှိသော သတ္တ၀ါများကို ကျွေးမွေးရင်း ဆုတောင်းရမှာပါ။ ကျွန်တော်ကတော့ တစ်ပါတ်တစ်ကြိမ် လုပ်နေကြပေါ့။ အဆင်ပြေမှန်း ကောင်းကောင်း သိနေပြီလေ.... မိတ်ဆွေတို့လည်း လုပ်ကြည့်ပါလား။

သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

အပြည့်အစုံဆက်လက်ဖတ်ရန်...

ကားလုပ်ငန်း အောင်မြင်စေရန်ယတြာ

ဆရာရှင့်

တက္ကစီကားသမားများအတွက် အောင်မြင်စေသောယတြာမှာ ပန်အိုးတစ်လုံးနှင့် ကားခေါင်းခန်းတွင် ဂန္ဓမာပန်းအိုးလေး တစ်လုံးကို အမြဲထိုးထားပါ။ အဲ့ဒီ ယတြာမှာလေ ကားပေါ်မှာတင်ဖို့အတွက် ဂန္မာပန်းခြောက် အလှပန်းဆိုရင်ကော ရပါသလားဆရာ။ နောက်ပြီး အိုးထဲမှာ ရေမထည့်ပဲနဲ့ အလှပန်းအိုးလေးနဲ့ ထားမယ်ဆိုရင်ကော ဖြစ်မလား သိချင်ပါတယ်ရှင့်။ ကားမောင်းရင်းနဲ့ တိမ်းစောင်းပြီး အိုးပြုတ်ကျ ရေမှောက် ဖြစ်ကုန်မလား တွေးမိလို့ပါဆရာ။ သမီးပြောတာ မှားသွားရင် ခွင့်လွှတ်ပါနော်... မသိနားမလည်လို့ သေချာအောင် မေးကြည့်တာပါ ဆရာ။ ဘယ်သူမဆို လုပ်လို့ရပါသလားရှင် ။

ကျေးဇူးတင်စွာဖြင့်

ကျွန်တော် မစဉ်းစားမိလိုက်တာကို သူစဉ်းစားတယ်။ အဲဒီတော့ ကျွန်တာ် ပြန်စဉ်းစားကြည့်လိုက်တယ်။ အလှပန်းဆိုရင် ရမလားတဲ့။ ကျွန်တော်ကတော့ ပန်းအစစ်ကိုပဲ လုပ်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ပန်းအစစ်ကမှသာလျှင် မိုးနှင့်မြေမှ သဘာဝကျကျ ပေါက်ဖွားလာတာ ကြောင့်ပါ။ သဘာဝတရားကြီးထဲမှာ ဓာတ်လေးပါးနဲ့ တဖြေးဖြေးချင်း ကြီးပွားရင့်သန် ရှင်သန်လာတဲ့ ပန်းဆိုရင်တော့ ပိုကောင်းတယ်လို့ ထင်ပါတယ်။ မရတဲ့ အဆုံးကြတော့လည်း ရရာနဲ့ လုပ်ရမှာပဲပေါ့။ ဘယ်တတ်နိုင်ပါ့မလဲ။

အခု ကားနဲ့ ပါတ်သက်တဲ့ ယတြာအဆောင်နည်း တစ်ခုလောက် ပေးချင်တယ်။ ကားလုပ်ငန်းနဲ့ ပါတ်သက်လာရင် လုပ်လို့ ရပါတယ်။ ကိုယ်ပိုင်ကားသမားတွေရော၊ အငှားကားမောင်းသမားတွေရော၊ ဘုရာဖူးကားတွေရော။ ပြောရရင်တော့ ကားနဲ့ ပါတ်သက်လာရင် အဲဒီအတိုင်းသာ ဆောင်ရွက်ပါ။ ကားအပျက်အစီး နည်းစေတယ်။ လာဘ်လာဘ ပွင့်လန်းစေတယ်။ နောက်ပြီး အန္တရာယ်ကင်းစေတယ်။ နောက် လုပ်ငန်း စည်ကားစေတယ်ပေါ့။

ကျွန်တော် ပြီးခဲ့တဲ့လပိုင်း မြန်မာပြည်ကို ခနပြန်ခဲ့တယ်။ ရန်ကုန်ကို ပြန်ရောက်တော့ များသောအားဖြင့် တက္ကစီပဲ ငှားစီးဖြစ်တယ်။ ကျွန်တော်က စပ်စုကြည့်တော့ ကားသမားတွေဟာ တစ်နေ့ကို အုံနာခက တစ်သောင်းခွဲ ရှာရမယ်။ နောက် ဆီဖိုးက ၃၀၀၀ လောက်။ နောက် ထမင်းဖိုးကွမ်းဖိုးနဲ့ အားလုံးပေါင်းလိုက်ရင် တစ်နေ့ကို အနည်းဆုံး နှစ်သောင်းလောက် ရမှ အဆင်ပြေမယ်လို့ ပြောတယ်။ မိုးလင်းကတည်းက သူ့ခေါင်းထဲမှာ ၀င်နေတာက ငွေနှစ်သောင်းပဲ။ ပိုတာမှ သူမိသားစု အတွက်လေ။ နေ့စဉ်နှင့်အမျှ အဲဒီ စိတ်ခံစားချက်ကြီးကို ခေါင်းထဲမှာ ထည့်ထားရတာ။ ဘယ်လောက် ပင်ပန်းမလဲ။

ရန်ကုန်ရောက်တုန်းက အတွေ့အကြုံလေး တစ်ခုလောက် ပြောချင်တယ်။ ကျွန်တော်က ကြည်မြင်တိုင်ဘက်က အသိတစ်ယောက်အိမ်ကို သွားလည်တယ်။ ပြန်တော့ ကျွန်တော်က ဆေးလိပ်သောက်ချင်လို့ တောင်းတော့ အသိ အဒေါ်ကြီးက မောင်ဟိန်းတင့်ဇော်ရယ်တဲ့ အဖြူတွေ ဘာတွေတော့ မရှိပါဘူး။ အဲဒီမှာ မင်းဦးလေးသောက်တဲ့ ဆေးပေါ့လိပ်တော့ ရှိတယ်။ သောက်ချင် ယူသောက်သွားလို့ ပြောတာနဲ့ ကျွန်တော်လည်း ဦးလေးသောက်တဲ့ ဆေးပေါ့လိပ် (ရွှေပတ်ထင်တယ်) အဲဒါ တစ်လိပ်ကို မီးညှိ့ပြီး နှုတ်ဆက်ပြန်ခဲ့တယ်။ အိမ်ရှေ့ရောက်တော့ တက္ကစီတစ်စီး ငှားလိုက်တယ်။ ကျွန်တော်နဲ့ ကျွန်တော့ယောက်ဖနဲ့ နှစ်ယောက် ကားနောက်ခန်းမှာ အဒေါ်အိမ်က ယူလာတဲ့ ဖက်ကြမ်းဆေးလိပ်ကို တစ်ယောက်တလှည့် သောက်ကြတယ်။ အဲဒါကို ကားသမားက ကွက်ကြည့်ကွက်ကြည့်နဲ့။

မြေနီကုန်းမီးပွိုင်လဲ ရောက်ရော ကိုရွှေကားသမားက မနေနိုင်တော့ဘူး ထင်ပါတယ်။ အကိုတဲ့ ကျွန်တော့်ကိုလည်း အတိုလေး ပေးပါဦးဗျာတဲ့။ အဲဒီတော့ ကျွန်တော်က ရော့ဗျာ သောက်ပေါ့လို့ဆိုပြီး ကျွန်တော့်လက်ထဲက ဆေးပေါ့လိပ်ကို သူ့လက်ထဲကို ထည့်ပေးလိုက်တယ်။ အဲဒီမှာ ငတိက ဘာလုပ်တယ် ထင်လဲ။ ကျွန်တော်ပေးလိုက်တဲ့ ဖက်ကြမ်းဆေးလိပ်ကို တစ်ချက်လောက် အားရပါးရ ရှိုက်ဖွာလိုက်ရင်း ဆေးလိပ်ကို သေသေချာချာ လှည့်ပတ်ပြီး နမ်းကြည့်တယ်။ ပြီးတော့မှ ဒါ သာကေတ ပစ္စည်းဖြစ်ရမယ်တဲ့။ အနံ့နည်းနည်း စိမ်းတယ်လို့ ပြောလိုက်တယ်။

ကျွန်တော်ကတော့ အံ့သြသွားတယ်။ ဒါပေမယ့် ကျွန်တော့်ယောက်ဖ အောင်နိုင်က ဟုတ်တယ် ဘာညာဆိုပြီး တော်ကီ ပြန်ပွားတယ်။ ကျွန်တော်ကတော့ နောက်မှ သဘောပေါက်တယ်။ ဒီကောင်က ဆေးသမားလေ..။ ကျွန်တော်တို့ သောက်တဲ့ ဆေးပေါ့လိပ်ကို ဆေးထည့်ထားတဲ့ ဆေးလိပ်မှတ်လို့ ။ ကျွန်တော်တို့ တည်းတဲ့နေရာ လည်းရောက်ရော ကားသမားက ဘာပြောတယ် မှတ်လဲ။ အကိုရာတဲ့ ကားခ ၁၅၀၀လည်း မပေးပါနဲ့တော့တဲ့. အကို့လက်ထဲက အတိုလေးသာ ပေးလိုက်ပါလို့ ပြောတာနဲ့ ကျွန်တော်တို့ နှစ်ယောက်လည်း တစ်ယာက်မျက်နှာ တစ်ယောက်ကြည့်လိုက်ရင်း အဒေါ်အိမ်က ယူလာတဲ့ ရွှေပတ်ဆေးပေါ့လိပ်အတိုလေးကို ကားသမားကောင်လေးကို ပေးလိုက်ရင်း ကားခပေးမလို့ ထုပ်ထားတဲ့ ပိုက်ဆံ ၁၅၀၀ကို ပိုက်ဆံအိပ်ထဲ ပြန်ထည့်လိုက်တယ်။ ကားသမားကောင်လေးက ကျေးဇူးတင်ပါတယ် အကိုလို့ ပြောရင် ကားကို မောင်းထွက်သွားတယ်။ အော် ရန်ကုန် - ရန်ကုန်။

ကားလုပ်ငန်းအောင်မြင်စေတဲ့ယတြာ

သြဇာသားကို နဂါးရုံဘုရားပုံ ထု၍ ကားခေါင်းခန်းတွင် ပူဇော်ထားပါ။ သုံးလက်မလောက်ဆို ရပါတယ်။ ပြီးရင် သြဇာသားကိုပဲ ခြင်္သေ့ရုပ်ထု နှစ်ခုထုပြီး ဘုရားရဲ့ လက်ဝဲဘက်တွင် တစ်ရုပ်၊ လက်ယျာဘက်တွင် တစ်ရုပ် ရံထားပေးလိုက်ပါ။ ဒါဆိုရင် မိတ်ဆွေတို့ရဲ့ ကားနဲ့ ပါတ်သက်တဲ့ လုပ်ငန်းကိုင်ငန်းများ သေချာပေါက် အောင်မြင်လာပါလိမ့်မယ်။ အန္တရာယ်ကင်းပါလိမ့်မယ်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

အပြည့်အစုံဆက်လက်ဖတ်ရန်...

စီးပွားပွင့်-လာဘ်ပွင့်စေရန်

ဒီနည်းလေးကတော့ ဈေးဆိုင်များ - ကုမ္ပဏီများ ၊ မင်းသား ၊ မင်းသမီး ၊ အဆိုတော်များ၊ အစရှိသော လူအများနှင့် ပူးတွဲ ပေါင်းစပ် လုပ်ကိုင်ရသော လုပ်ငန်းများအတွက် အထူးပင် သင့်တော်ပါသည်။ လူများစု ထောက်ခံသော လုပ်ငန်းများဆိုလျှင် ပို၍ပင် ကောင်းမွန် ပြုလုပ်သင့်ပါသည်။ ပြီးတော့ လုပ်ရတာလည်း အလွန်လွယ်ကူပါတယ်။ ငွေကုန်ကြေးကျလည်း အရမ်းမများပါဘူး။ ဒါကြာင့် လုပ်ဖို့ပဲ လိုပါတယ်။

နောက်တစ်ခု ပြောချင်တာက မိမိတို့ ဘ၀မှာ အခက်အခဲ တစ်စုံတစ်ရာ ကြုံလာခဲ့ရင် ဒါမှမဟုတ် မိမိတို့ လုပ်သော အလုပ်အကိုင် စီးပွားရေးများ မအောင်မမြင် ဖြစ်နေတယ်ဆိုရင် ဒီဆိုက်လေးထဲမှာ တင်ပေးထားတဲ့ ယတြာတွေထဲက တစ်နည်းနည်းလောက်ကို လုပ်ကြည့်စေချင်ပါတယ်။ ဘာမှမလုပ်ပဲနဲ့ ဒုက္ခခံနေမယ်၊ ညည်းငြူနေမယ့်အစား တစ်ခုခု လုပ်ပြီး အခက်အခဲတွေက လွတ်မြောက်အောင် ကြိုးစားစေချင်ပါတယ်။

နောက်တစ်ခုက ယတြာတစ်ခုကို ကိုယ်က ယုံယုံကြည်ကြည်နဲ့ ဆောင်ရွက်ကြည့်ပါ။ ပြီးရင် အခြေအနေ တစ်ခုအနေနဲ့ စောင့်ကြည့်ရမယ်။ ကိုယ်ဆောင်ရွက်လိုက်တဲ့ ယတြာက အနည်းဆုံး (၉) ရက်ကနေ (၄၅)ရက်အတွင်း အကျိုးပေးပါတယ်။ (၄၅)ရက် ပြည့်လို့မှ အဆင်မပြေသေးဘူးဆိုရင် နောက်တစ်နည်းနဲ့ ပြောင်းလုပ်ကြည့်ပါ။ အခုတော့ လူတော်တော်များများက ဒီနေ့ ယတြာဆောင်ရွက်တယ်။ နောက်နေ့ မကောင်းဘူးဆိုရင် နောက်ထပ်ယတြာတစ်ခု ထပ်လုပ်တယ်။ အဲလို ဖြစ်နေတယ်။

အခု ကျွန်တော်ပြေပြတဲ့ ယတြာအစီအရင်ကို လုပ်မယ်ဆိုရင် လာဘ်လာဘရွှင်မယ်။ စီးပွားရေးပွင့်လန်းမယ်။ တိုးတက်အောင်မြင်မယ်။ သူတစ်ပါးတို့ရဲ့ အနှောက်အယှက် အတိုက်အခိုက် ကင်းမယ်။ လုပ်ရမှာက မြေအိုးလေးတစ်လုံးနဲ့ ဆောင်ရွက်ရမယ်။ ကျွန်တော်တို့ အတာအိုးလေးဆိုရင် ရပါတယ်။ အဲဒီမြေအိုးလေးထဲ မှာ ကျောက်ရောင်စုံ (၇)မျိုး၊ သံလိုက်တုံးလေးတစ်တုံး၊ ကြေးနီပိုက်ဆံ တစ်ပြားထည့်ရမယ်။ ပြီးရင် နေ့သားအလိုက် အောက်မှာ ဖော်ပြထားတဲ့ နေ့သားအလိုက် ပန်းအိုးထိုးတဲ့ နည်းလေးအတိုင်း ပန်းအိးထိုးရုံပါပဲ။ လွယ်ပါတယ်။ ဒါပေမယ့် ။ လုပ်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

.....တနင်္ဂနွေသားသမီးများအတွက်.....
အနောက်တောင်အရက်ကို မျက်နှာ်မူ၍ အုန်းညွန့် (၁)ညွန့်၊ သပြေ(၁)ညွန်ကို့ ညောင်ရေအိုးထိုးးပါ။

.....တနင်္လာသားသမီးများအတွက်.....
အနောက်အရပ်ကို မျက်နှာမူ၍ ကံ့ကော်(၁)ညွန့်၊ သပြေ(၁)ညွန်ကို့ ညောင်ရေအိုးထိုးးပါ။

.....အင်္ဂါသားသမီးများအတွက်.....
အနောက်မြောက်အရပ်ကို မျက်နှာမူ၍ နှင်းဆီ (၁)ပွင့် ။ သပြေ(၁)ညွန်ကို့ ညောင်ရေအိုးထိုးးပါ။

.....ဗုဒ္ဒဟူးသားသမီးများအတွက်.....
မြောက်အရပ်ကို မျက်နှာမူ၍ ရွက်လှ(၁)ညွန့်၊ သပြေ(၁)ညွန်ကို့ ညောင်ရေအိုးထိုးးပါ။

.....ရာဟုသားသမီးများအတွက်.....
အရှေ့တော်အရပ်ကို မျက်နှာမူ၍ ခရေ(၁)ညွန့်၊ သပြေ(၁)ညွန်ကို့ ညောင်ရေအိုးထိုးးပါ။

.....ကြာသပတေးသားသမီးများအတွက်.....
အရှေ့အရပ်ကို မျက်နှာမူ၍ ပိန်းပန်း(၁)ပွင့်၊ သပြေ(၁)ညွန်ကို့ ညောင်ရေအိုးထိုးးပါ။

.....သောကြာသားသမီးများအတွက်.....
တောင်အရပ်ကို မျက်နှာမူ၍ သီဟိုဠ်(၁)ညွန့်၊ သပြေ(၁)ညွန်ကို့ ညောင်ရေအိုးထိုးးပါ။

.....စနေသားသမီးများအတွက်.....
အရှ့မြောက်အရပ်ကို မျက်နှာမူ၍ ဒန်း(၁)ညွန့်၊ သပြေ(၁)ညွန်ကို့ ညောင်ရေအိုးထိုးးပါ။

အပြည့်အစုံဆက်လက်ဖတ်ရန်...

ထာဝစဉ် လာဘ်ရွှင်လန်းစေ ဧည့်ခန်းတွင်ပန်းအိုးထိုးလေ

ကျွန်တော်တို့ ဗေဒင်ဝေါဟာရ၊ ဗေဒင်အယူအဆများတွင် ဣဋ္ဌသဘောနှင့် အနိဋ္ဌသဘောဟူ၍ ရှိတယ်။ မြန်မာလို ပြောရရင် ဣဋ္ဌဆိုတာ အကောင်း၊ ကောင်းတဲ့သဘော ၊အနိဋ္ဌဆိုတာက မကောင်းတဲ့ သဘောလို့ အဓိပ္ပါယ်ရတယ်။ များသောအားဖြင့် ဆန်းဗေဒင်ပညာမှာ အဓိက အသုံးပြုတယ်။ အရမ်း အလေးအနက်ထားတယ်။ မြင်မြင်သမျှ နေရာတိုင်းမှာ ဣဋ္ဌရယ်၊ အနိဋ္ဌရယ်လို့ နှစ်မျိုးနှစ်စား ခွဲထားတယ်ဆိုပါတော့။

ဥပမာဗျာ။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ကြည့်မယ်ဆိုရင် ခါးအပေါ်ပိုင်းကို ဣဋ္ဌလို့ ခေါ်တယ်။ ခါးအောက်ပိုင်းကိုတော့ အနိဋ္ဌလို့ ယူဆတယ်။ အိမ်တစ်အိမ်ဆိုရင် ဘုရားခန်း၊ ဧည့်ခန်းစတဲ့ ခေါင်းရင်းပိုင်း၊ အမြင့်ပိုင်းတွေကို ဣဋ္ဌလို့ ယူဆပြီးတော့ နောက်ဖေးခန်း လှေကားနေရာ၊ မီးဖိုချောင်နေရာတွေကို အနိဋ္ဌလို့ ယူဆတယ်။

နောက်တစ်ခုက ဆန်းဝင်တယ်၊ ဆန်းပျက်တယ်ဆိုတဲ့ စကားတစ်ခွန်း ထပ်တိုးလာပြီ။ အဲဒါက ဘာလဲဆိုတော့ ဣဋ္ဌနေရာတွေမှာ အကောင်းနေရာတွေမှာ ကောင်းနေရင် ဆန်းဝင်တယ်၊ မကောင်းဖြစ်နေမယ်၊ ပျက်နေမယ်ဆိုရင် ဆန်းပျက်တယ်လို့ ယူဆတယ်။ ဆန်းဝင်ရင် ကောင်းတယ်၊ အောင်မြင်တယ်၊ တိုးတက်တယ်။ စည်ပင်တယ်။ ၀ပြောတယ်ပေါ့။ ဆန်းပျက်တော့ မကောင်းဘူး။ အဆင်မပြေဘူး။ မိုးတက်ဘူး။ ဆုတ်ယုတ်တယ်ပေါ့။ အဲဒီတော့ ရှင်းရှင်းပြောရရင် ကောင်းတဲ့နေရာတွေမှာ အမြဲတမ်း ကောင်းနေအောင်၊ လှနေအောင် ၊ စိုပြည်နေအောင် လုပ်ထား၇မယ်။

အဲဒီတော့ အိမ်တစ်အိမ်ရဲ့ ဧည့်ခန်းထဲမှာ စီးပွားရေး လာဘ်လာဘ ရွှင်လန်းအောင် တိုးတက်အောင် ဧည့်ခန်းထဲမှာ လွယ်လွယ်ကူကူနဲ့ ယတြာဆောင်ရွက်လို့ ရတဲ့နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ ပိုက်ဆံလည်း အကုန်အကျ မရှိဘူး။ လုပ်ရမှာ ခက်ခက်ခဲခဲလည်း မဟုတ်ဘူး။ ဒါဟာ ဓာတ်ပန်းဆင်တာ။ နတ်ပန်းအိုး ထိုးတာလည်း မဟုတ်ဘူး။

မနှဲလေးးကို ဈေးခေါ်ပန်းအိုး ထိုးတာလည်း မဟုတ်ဘူး။ အောက်မှာ ပန်းအိုးထိုးနည်းကို ဇယားလေးဆွဲပြီး ဖော်ပြပေးလိုက်ပါတယ်။ လုပ်ရမှာက အိမ်တစ်အိမ်လုံးရဲ့ အိမ်ထောင်ဦးစီး ရဲ့ နေ့နံကိုယူပြီး လုပ်ရမှာနော်။ ဘာမှ မခက်ဘူး။ ပန်းအိုးအသစ်လေးတစ်လုံးနဲ့ ပန်းတွေကို ထိုးပေးနေရုံပဲ။ ဒါပေမယ့် အရေးကြီးတာက ပန်းတွေ နွမ်းနွမ်းကြီးနဲ့ ဆက်မထားဖို့ပဲ။ လဲတဲ့အခါမှာလည်း အချိန် အတိအကျအတိုင်းသာ ပန်းလဲရမယ်။ ကဲအောက်မှာ ကြည့်လိုက်နော်.။ အဆင်ပြေကြပါစေလိုပ ဆုတောင်းပေးလိုက်ပါတယ်။

အပြည့်အစုံဆက်လက်ဖတ်ရန်...

ကားသမား ကိုအောင်သိန်းဝင်းနှင့် ကျွန်ုပ်

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ မောင်အောင်သိန်းဝင်းဟု အမည်ရသောသူသည် ဗေဒင်မေးရန် ရောက်ရှိလာလေ၏။ သူသည် ထိုင်းနိုင်ငံတွင် ကားမောင်းနေသော ကားသမားတစ်ဦးပင်ဖြစ်လေ၏။ တစ်ချို့ လတ်မြင်သော သူဋ္ဌေးများသည် မြန်မာပြည်သား ရွှေ့ပြောင်း အလုပ်သမားများကို အမှီပြု၍ စီးပွားဖြစ်ကြ၏။ ယခု မောင်အောင်သိန်းဝင်း၏ သူဋ္ဌေးသည်လည်း ထို့အတူ ကားများကို ၀ယ်၍ မြန်မာပြည်သား ကားမောင်းတတ်သူများကို မောင်းစေ၍ အလုပ်သမားများကို အကြိုအပို့ လုပ်စေ၏။ များသောအားဖြင့် ကျွန်ုပ်တို့ မဟာချိုင်မြို့တွင် ကားမောင်းရသော ကားသမားအများစုကို သူဋ္ဌေးများက ကားအပ်ထားသောကြောင့် ကားသမားအများစုသည် သူဋ္ဌေးပေးသော လခလည်းရ၏။ မြန်မာပြည်သားများ အခန်းပြောင်းရွေ့ခြင်း၊ အလည်အပတ်သွားသောအခါ ကားငှားခြင်းကြောင့် အောက်ဆိုက်လည်း ရလေ၏။

ထိုင်းနိုင်ငံ မဟာချိုင်မြို့တွင် ကားမောင်းသော အလုပ်ကို လုပ်သော မောင်အောင်သိန်းဝင်းဟု အမည်ရသောသူ သည် ကျွန်ုပ်၏ ဗေဒင်လက္ခဏာဟောခန်းအတွင်းသို့ ရောက်ရှိလာလေ၏။ သူသည် ဗေဒင်မေးရန် ရောက်ရှိလာခြင်း ဖြစ်လေ၏။ သူသည် ကျွန်ုပ် ဗေဒင်ဟောသော စားပွဲရှေ့တွင်ထိုင်ကာ မြင်တာတွေ့တာ အကုန်ဟောပါဟု ပြောလေတော့၏။ ထို့ကြောင့် ကျွန်ုပ်လည်း ၎င်း၏ နာမည်မွေးသက္ကရာဇ်တို့ကို တောင်းယူရေးမှတ်၍ တွက်ကြည့်လေတော့၏။

သူသည် မြန်မာသက္ကရာဇ် (၁၃၃၃)ခုနှစ်တွင် မွေးဖွားသော သူဖြစ်သောကြောင့် သူ၏ မွေးသက္ကရာဇ်ကို မဟာဘုတ်တွက်ကြည်လေရာ သူသည် မဟာဘုတ် (၃)ကြွင်း၊ဖြစ်၏။ သောကြာသားဖြစ်သောကြောင့် မရဏဖွားဖြစ်၏။ ထို့ကြောင့် မဟာဘုတ်(၃)ကြွင်း မရဏဖွားကို အောက်ပါအတိုင်း မြင်ရလေတော့၏။ ပြီးလျှင် သူ၏ လက်ရှိရောက်ဆဲအသက်အပိုင်းအခြားကို ကံကောင်းမကောင်းအတွက် သုံးတန်ပေါ်နိစ်ပညာဖြင့် တွက်ကြည့်လေရာ သူသည် ကြာသပတေးသက်ရောက် ဖြစ်လေ၏။

ကျွန်ုပ်သည် ကိုအောင်သိန်းဝင်း၏ မဟာဘုတ်ကို ကြည့်လေရာ သူ၏ မဟာဘုတ်တွင် သောကြာအသံသည် မရဏ( ပျက်စီးခြင်း) ဟူသောနေရာသို့ ရောက်ရှိနေ၏။ များသောအားဖြင့် မဟာဘုတ်(၃)ကြွင်း သမားများသည် အသံကြောင့် ဖားသေဆိုသကဲ့သို့ သူတို့သည် စကားအပြောအဆို မတတ်ခြင်း၊ စကားပြောကြမ်းတမ်းခြင်း၊ စသည်တို့ကြောင့် သူတို့လုပ်သော စီးပွားရေး လုပ်ငန်းဆောင်တာတို့၌ ပျက်စီးတတ်လေ့ရှိ၏။ နောက်တစ်ခုမှာ သူတို့၏ အင်္ဂါတည်းဟူသော စိတ်ပိုင်းဆိုင်ရာသည် ဘင်္ဂ(မတည်ငြိမ်)တည်းဟူသော နေရာ၌ ရှိနေသောကြောင့် သူတို့သည် စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်တတ်ခြင်း၊ စိတ်မြန်ခြင်း၊ စိတ်အပြောင်းအလဲများခြင်းတို့ကြောင့်လည်း ပျက်စီးမှု့များ ရင်ဆိုင်ရတတ်သည်။

ကျွန်ုပ်သည် အောင်သိန်းဝင်း ဆိုသူအား စတင်၍ အထက်ပါအတိုင်း ဟောပြောလေ၏။ ထိုအခါ အောင်သိန်းဝင်း က မှန်လိုက်တာဆရာရယ်ဟု ၀န်ခံလေ၏။ သူသည် လွန်စွာစိတ်မြန်၍ လွန်စွာမှလည်း အပေါက်ဆိုးသူ ဖြစ်လေ၏။ စိတ်ကောင်းတော့ရှိ၍ စကားအပြောအဆို မတတ်သောကြောင့် လူအများနှင့် မကြာခဏဆိုသလို ပြဿနာဖြစ်တတ်လေ၏။ ကြာသောအခါ၌ သူနှင့်တွဲ၍ မည်သူမျှ အလုပ်မလုပ်ချင်တော့ပေ။

ကိုအောင်သိန်းဝင်းသည် ခေတ္တခဏမျှ ကျွန်ုပ်ပြောဆိုသမျှသော စကားများကို စဉ်းစားနေပြီး၍ ၎င်းကဆက်လက်၍ ...ကျွန်တော်ရဲ့ ဒီနှစ်ကံဇာတာကကော ဆရာ။ ကောင်းလားညံ့လား။ လုပ်စားကိုင်စားရော အဆင်ပြေမလားဟု ပြန်မေးလေ၏။ ထို့ကြောင့် ကျွန်ုပ်က ကိုအောင်သိန်းဝင်း၏ သုံးတန်ပေါ်နိစ်ပညာဖြင့် တွက်ကြည့်လိုက်လေရာ သူသည် ကြာသပတေးသက်ရောက် ( ရှိတာအကုန်ထုတ်) သို့ ရောက်ရှိနေကြောင်း တွေ့ရှိ၇လေ၏။ သုံးတန်ပေါ်နိစ်ပညာရပ်တွင် ကြာသပတေးသက်ရောက်သည် ငွေကြေးနှင့်ပါတ်သက်၍ အလွန်အင်မတန် အကုန်အကျများသော နှစ်ဖြစ်လေ၏။ အလိုလိုနေရင်း ငွေကြေးများ ကုန်းခမ်းသွားတတ်၏။ အိပ်ပေါက်နှင့် ဖားကောက်ဆိုသကဲ့သို့ ရှေ့က၀င်၍ နောက်က အလိုလိုထွက်သွားတတ်၏။ လောင်းကစားနှင့် ဖြတ်လမ်းစီးပွားရှာပါက ဘ၀ပျက်သည့်အထိ ဒုက္ခရောက်သွားတတ်လေ၏။ ကျွန်ုပ်သည် ထိုအကြောင်းကို အောင်သိန်းဝင်းအား ပြောပြလိုက်လေရာ အောင်သိန်းဝင်းက မှန်လိုက်တာ ဆရာရယ်။ ဘောလုံးပွဲကြောင့် ကျွန်တော့်ဘ၀ တော်တော်လေး စုတ်ပြတ်သတ်သွားတယ်ဟု ပြန်ပြောလေ၏။

ဒါဆို ဆရာရယ်။ ကျွန်တော် အရေးကြီးတာ တစ်ခုလောက်မေးချင်တယ်။ အခုလက်ရှိ သူဋ္ဌေးဆီကနေ နောက်သူဋ္ဌေးတစ်ယောက်က ခေါ်နေတယ်။ အဲဒါ ပြောင်းရင်ကောင်း မကောင်းတွက်ကြည့်ပေးပါဟု မေးလေ၏။ ထို့ကြောင့် ကျွန်ုပ်သည် ထိုသူ၏ မေးခွန်း ကောင်းမကောင်း လုပ်သင့် မလုပ်သင့် ပြန်ဖြေရန်အတွက် အောင်သိန်းဝင်အား တားရော့ချိုးခိုင်းလိုက်လေရာ တားရော(၂၂)ချပ်တွင် The Fool ဟု အမည်ရသော အောက်ပါတားရော့ကဒ်ကျလာလေ၏။

အရူးဟုအမည်ရသော ထိုတားရောကဒ်၏ အဓိပ္ပါယ်မှာ အရူးသည် ရှေ့သိုပ တစ်လှမ်းလောက်ဆက်လှမ်းလိုက် ပါက အသူရာချောက်ထဲသို့ ကျတော့မည်ဖြစ်လေ၏။ သူ့အတွက် ဒီအချိန်တွင် အရေးကြီးသည်မှာ ငြိမ်ငြိမ်လေး နေလိုက်ဖို့သာ အဓိကဖြစ်သည်။ ထိုကဒ်ကျလာသောကြောင့် ကျွန်ုပ်သည် ကို အောင်သိန်းဝင်းအား အောက်ပါအတိုင်းပြောပြလိုက်လေတော့၏။

ကိုအောင်သိန်းဝင်းရေ။ ခင်ဗျားကတော့ ဘယ်လိုတွေးထားသလဲဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ ဒါပေမယ့် ကျွန်တော့်အမြင်ကတော့ ခင်ဗျား ဘာအပြောင်းအလဲမှ မလုပ်သင့်ပါဘူး။ ငြိမ်ငြိမ်လေး နေတာဟာ ခင်ဗျားအတွက် အကောင်းဆုံးပါပဲ။ တကယ်လို့ သူဋ္ဌေးပြောင်းလိုက်မယ်ဆိုရင် ခင်ဗျားအတွက်က ကောင်းဖို့ထက် ပိုဆိုးသွားဖို့ပဲ ရှိတယ်။ နောင်တရဖို့တောင် အချိန်ရမှာ မဟုတ်ဘူး။ အဲဒီတော့ ခင်ဗျားကို အကောင်းဆုံး အကြံညာဏ်ပေးချင်တာက လက်ရှိနေရာမှာ ငြိမ်ငြိမ်လေး လုပ်နေပါ။ လောင်းကစားတွေ ဘာတွေလည်း ရှောင်ပါဟု ကျွန်ုပ်က ပြောပြလိုက်လေရာ ကိုအောင်သိန်းဝင်းက....

ဟုတ်ပါပြီ ဆရာရယ်။ ကျွန်တော်လည်း ဆရာပြောသလို ငြိမ်ငြိမ်လေး နေလိုက်ပါ့မယ်။ အဲဒီတော့ အခု လောလောဆယ်လုပ်နေတဲ့ ကားလုပ်ငန်းလေး အောင်မြင်အောင် ယတြာပေးလိုက်ပါဦးဟု ပြောသောကြောင့် ကားလုပ်ငန်းနှင့်ပါတ်သက်၍ အောင်မြင်စေသော အောက်ဖော်ပြပါ ယတြာကို ကိုအောင်သိန်းဝင်းအား ပြောပြလိုက်လေတော့သတည်း။

ကားလုပ်ငန်းနှင့်ပါတ်သက်၍ အောင်မြင်စေသောယတြာ

ဘုရားပွဲဈေးများတွင် ရောင်းလေ့ရှိသော နှစ်လက်မအရွယ် အိုးစည်သေးသေးလေး တစ်လုံးကို ကားနောက်ကြည့်မှန်တွင် ချိပ်စွဲထားလိုက်ပါ။ နောက်ပြီး ချွန်ပြီးသား ခဲတန်တစ်ချောင်းကို ကားစတီယာရင်ရှေ့ က ဒက်စ်ဘုတ်ပေါ်မှာ တင်ထားပါ။ ကားထွက်တာနဲ့ အဲဒီခဲတံနဲ့ ကားရဲ့ ဒက်စ်ဘုတ်ကို ခေါက်ပါ။

(မှတ်ချက်- အထက်ပါယတြာများကို ကားလုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်းပြုနေသောမည်သူမဆို ဆောင်ရွက်နိုင်ပါတယ်။ ခရီးသည်တင်လိုင်းကားပဲ ဖြစ်ဖြစ်၊ တက္ကစီကားပဲဖြစ်ဖြစ်၊ ဘုရားဖူးခရီးပို့ဆောင်ရေး ကားပဲဖြစ်ဖြစ်၊ အော်ဒါလိုက်တဲ့ ကားပဲ ဖြစ်ဖြစ်၊ ကားပိုင်ရှင်ပဲ ဖြစ်ဖြစ်၊ ယဉ်မောင်း (သို့) စပယ်ယာပဲ ဖြစ်ဖြစ် မည်သူမဆို ဆောင်ရွက်နိုင်ပါတယ်။ အပျက်အစီးနည်းပြီး ငွေရှာလို့ အောင်မြင်စေတဲ့ ၊ အန္တရယ်ကင်းစေတဲ့ ယတြာဖြစ်သောကြောင့် စိတ်ချလက်ချ ယုံကြည်စွာ ဆောင်ရွက်နိုင်ပါကြောင်း သင်တို့၏ အကျိုးစီးပွားကို အမှန်တကယ်လိုလားသော ဗေဒင်ဆရာတစ်ဦးအနေနှင့် စေတနာကောင်းဖြင့် အကြံကောင်းပြု လိုက်ရပါသတည်း။)

ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့
Ph + 6687 416 00 22
sayaheintintzaw@gmail.com

အပြည့်အစုံဆက်လက်ဖတ်ရန်...

လိုအင်ပြည့်ရာပဒေသာ -အင်းစမတော်

ကောင်မလေးက အသက်အရွယ်အရသာ ငယ်တာ။ ဖြစ်ချင်တာတွေ ဖြစ်သင့်တာတွေက အများသား။ သူ ကျွန်တော်ရဲ့ ဗေဒင်ဟောခန်းထဲကို ရောက်လာတဲ့နေ့က တစ်ခုသော တနင်္ဂနွေနေ့ တစ်နေ့ပါ။ သူ့ကို မြင်လိုက်ရတဲ့ အခိုက်အတန်မှာ သူ့ရဲ့ ထူးခြားတဲ့ မျက်လုံးတွေကြောင့် သူ့ကို အမှတ်တရ ရှိနေခဲ့တာပါ။

သူ့နာမည်က အေးသီတာအောင်တဲ့။ နာမည်ကသာ အေးသီတာအောင်။ လူကတော့ တွေ့လိုက်ရတာနဲ့ ဖြစ်ချင်တာတွေ လိုချင်တာတွေ ဆန္ဒတွေ အများကြီးနဲ့။ ထုံးစံအတိုင်း စကားပြောရင် သွက်သွက်လက်လက်နဲ့။ ကိုယ်ဟန်အမူအယာက ခပ်သွယ်သွယ်လေးနဲ့။ သူ့ ကျွန်တော်ဆီ ရောက်လာတဲ့နေ့က ဗေဒင်လာမေးတာ။ သူနဲ့တွေ့တော့ ကျွန်တော် ဖြေရတာခေါင်းတွေကို မူးရော။ သူဖြစ်ချင်တာတွေက တော်တော်အများသား။ အလုပ်တွေကလည်း လုပ်ထားတာအများသား။ သူက ကျွန်တော်ဆီကို ဗေဒင်မေးတော့ ဒီလို စပြောတယ်။

ဒီလို ဆရာရေ၊ ကျွန်မက အလုပ်ရုံတွေမှာ အလုပ်သမားတွေ ရှာပေးတဲ့ အလုပ်လုပ်တယ်။ အဲဒီတော့ ကျွန်မဆီကို အလုပ်လိုချင်တဲ့လူတွေ များများ လာတာ လိုချင်တယ်။ နောက်ပြီး မြန်မာပြည်ကို ငွေလေးဘာ လေးလည်း နည်းနည်းပါးပါး လွဲတယ်ဆိုတော့ ငွေလွဲမယ့်လူတွေလည်း လိုချင်တယ်။ နောက်ပြီး မြန်မာပစ္စည်းလည်း နည်းနည်းပါးပါးရောင်းတယ်ဆိုတော့ ဈေးရောင်းကောင်းချင်တယ်။ နောက်ပြီး မင်္ဂလာဆောင်တွေကို အလှပြင်တာတွေ ဖိတ်စာရိုက်တာတွေလည်း အော်ဒါလက်ခံတယ်ဆိုတော့ ပွဲလေးတွေလည်း ရချင်တယ်။ နောက်ပြီး ငွေတိုးလေးဘာလေးလည်း နည်းနည်းပါးပါး ချထားတော့ ကျွန်မပေးထားတဲ့ ပိုက်ဆံတွေ ချောချောမောမော ပြန်တောင်းရချင်တယ်။ နောက်ပြီး ထိုင်းနိုင်ငံအနှံ့ အလည်အပတ်ခရီး ပို့ဆောင်ပေးတာလည်းလုပ်တော့ အလည်အပတ်သွားမယ့်လူတွေလည်း လာစေချင်တယ်။ နောက်ပြီး....

ထိုအခါတွင် ကျွန်ုပ်က သူ၏ စကားကို ဖြတ်လိုက်ပြီး အေးသီတာအောင်ရယ်။ ထိုင်းနိုင်ငံမှာ နင်မလုပ်တဲ့ အလုပ်ကော ဘာရှိသေးလဲဟု ကြားဖြတ်၍ နောက်လိုက်ရာ... အေးသီတာအောင်က..

လုပ်နိုင်မှ တန်ကာကျမှာ ဆရာရေ.. ဒီအသက်အရွယ်ကတည်းက ကြိုးစားထားမှ အသက်ကြီးလာရင် အေးအေးဆေးဆေး နေရမှာဟု ကျွန်ုပ်အား ပြန်ပြောလေ၏။ အမှန်မှာ အေးသီတာအောင်ဟု ဆိုသော မိန်းကလေး၏ အသက်မှာ (၂၂)ပင် မပြည့်သေးပေ။ သူသည် ပညာအရည်အချင်းလည်း (၄)တန်းတောင် အောင်အောင်မဖြေနိုင်ခဲ့သော သာမန် မိန်းကလေးတစ်ဦးပင် ဖြစ်လေ၏။ သို့သော် သူ၏ဘ၀က သင်ပေးခဲ့သော အတတ်ပညာများဖြင့် သူသည် တော်သောလုပ်နိုင်စွမ်းသော မိန်းကလေးတစ်ဦး ဖြစ်နေလေ၏။

ကျွန်ုပ်သည် သူမအား အေးသီတာအောင်ရေ... နင့်ရဲ့ ကိစ္စတွေကို တစ်ခုချင်းသာ ယတြာချေနေရမယ် ဆိုရင်တော့ နင်လဲ ဗေဒင်ဆရာအိမ်က ပြန်ရတယ်လို့ကို ရှိမှာ မဟုတ်တော့ဘူး။ အဲဒီတော့ အားလုံးကို အဆင်ပြေစေမယ်နည်းလေးတစ်ခုလောက် သင်ပေးလိုက်မယ်။ အင်းစာရွက်တစ်ရွက် လက်ဆောင်ပေး လိုက်မယ်။ အဲဒါကို ဘယ်လိုသုံးရမလဲဆိုတော့ အဲဒိ အင်းတော်ကြီးရဲ့ အလယ်မှာ လွတ်နေတဲ့ ကွက်လပ်ထဲမှာ နင့်ရဲ့ မွေးဂဏန်းကို သွင်းရမယ်။ နင်က တနင်္ဂနွေသမီးဆိုတော့ အလယ်ကွက်မှာ (၁)လို့ ရေးထည့်ရမယ်။ ပြီးရင် ဖယောင်းတိုင်မှာ ပတ်ပြီး အောက်က ကြွေပုဂံခံပြီး မီးထွန်းရမယ်။ အနည်းဆုံး(၉)ရက်ဆက်တိုက် ထွန်းရမယ်ဟု ပြောဆိုကာ အောက်ပါ လိုတရစေသောအင်းစမတော်ကို အေးသီတာအောင်အား ပေးအပ်လိုက်လေတော့သတည်း။

မိမိလုပ်ငန်းစည်ကားစေသောယတြာနည်းတစ်ခု

ကျွန်ုပ်သည် မြန်အောင်မှတစ်ဆင့် မီးရထားဖြင့် ဟင်္သာတသို့ ဆက်လက်ထွက် ခွါခဲ့လေ၏။ နေ့လည်(၁)နာရီ ကြံခင်းမြို့မှ ထွက်လာမည့် အမြန်ရထားကို ထိုင်စောင့်နေ၏။ ကျွန်ုပ်သည် အမြန်ရထား လက်မှတ်တစ်စောင်ကို အထက်တန်းလက်မှတ် တစ်စောင်ကိုလည်း ဖြတ်ထားလိုက်၏။ မြန်အောင် ဘူတာထဲတွင် ကျွန်ုပ်ကဲ့သို့ ဟင်္သာတ ပုသိမ်ဘက်သို့ လိုက်ပါကြမည့် ခရီးသည်များလည်း ဟိုတစ်စု ဒီတစ်စု ထိုင်သူက ထိုင်နေ၏။ စာဖတ်သူက ဖတ်နေ၏။ ထိုင်ခုံများပေါ်တွင် အိပ်သူက အိပ်စက်နေလေ၏။ ကျွန်ုပ်လည်း မီးရထား စောင့်နေရင်း ပျင်းပျင်းရှိသဖြင့် အနီးအနားမှ ကာတွန့်စာအုပ်ငှားသော ကုလားမထံမှ စုတ်ပြတ်သတ်နေသော ကာတွန့်စာအုပ်တစ်အုပ်ကို ငှား၍ အပျင်းပြေဖတ်နေလေ၏။

မကြာမီတွင် ကြံခင်းဘက်မှ ထွက်လာသော အမြန်ရထားသည် မြန်အောင်ဘူတာသို့ ဆိုက်ရောက်လာလေ၏။ ကျွန်ုပ်လည်း အထက်တန်းတွဲကို လိုက်ရှာရ၏။ မီးရထား အထက်တန်းတွဲကို တွေ့သောအခါတွင် ကျွန်ုပ်သည် ရထားပေါ်သို့ တက်၍ ကျွန်ုပ်၏ ထိုင်ခုံနံပါတ်(၁၇)ကို ရှာရလေ၏။ နောက်ဆုံးတွင် ထိုင်ခုံနံပတ် (၁၇) ကိုတွေ့ ၏။ ကျွန်ုပ်၏ ခုံသည် အရှေ့ဘက်ခြမ်းတွင် ရှိ၍ ထိုင်ခုံလေးလုံး မျက်နှာချင်းဆိုင်ရှိလေ၏။ ကျွန်ုပ်၏ ထိုင်ခုံသည် မီးရထား ပြူတင်းပေါက်ဘေးတွင်ရှိ၏။ ကျွန်ုပ်၏ ရှေ့တည့်တည့်တွင် အသက် (၂၅)နှစ်ခန့်ရှိသော ဦးဇင်းလေးတစ်ပါးထိုင်၏။ ကျွန်ုပ်၏ ဘေးတွင် သက် (၃၀)ခန့် ရှိသော အမျိုးသမီးတစ်ဦးထိုင်နေ၍ ဦးဇင်း၏ ဘေးတွင်မူ အသက် ၅၀-ခန့် အမျိုးသားကြီးတစ်ဦးထိုင်နေ၏။

မီးရထားသည် မြန်အောင်မြို့မှ ထွက်ခွါခဲ့၍ ဟင်္သာတပုသိမ်ဘက်သို့ ဆက်လက်ထွက်ခွါခဲ့လေ၏။ လမ်းခရီးတွင် ကျွန်ုပ်နှင့် ဦးဇင်းလေးက စကားလက်ဆုံကျလာခဲ့လေ၏။ ကျွန်ုပ်ထိုင်ခုံဘေးမှ အမျိုးသမီးနှင့် ဦးဇင်းလေးဘေးမှ ဦးလေးကြီးတို့သည်လည်း စကားလက်ဆုံ ကျလျှက်ရှိ၏။ သိရသည်မှာ ဦးဇင်းလေး၏ ဘွဲ့အမည်မှာ ဦးဝဏ္ဏသီရိဟု အမည်ရလေ၏။ ထိုဦးဇင်းလေးသည် သူ၏ ဘွဲ့အမည်နှိင့် လိုက်လျှောညီစွာ ဦးဇင်းလေး၏ ဥပဓိရုပ်မှာ လွန်စွာ ကြည်ညိုဖွယ်ကောင်း၏။ အသားအရည်မှာ ၀င်စိုနေ၏။ မျက်ခုံးမျက်လုံး ကောင်း၏။ အရပ်မှာလည်း အနေတော်ပင် ဖြစ်၏။ ဦးဇင်းလေး၏ နုတ်ခမ်းများမှာ သပြေသီးကဲ့သို့ နုတ်ခမ်းနီ ဆိုးစရာမလိုပဲ နီရဲနေလေတော့၏။

ဦးဇင်းလေး၏ ဘေးမှ ဦးလေးကြီးသည် ကျွန်ုပ်ဘေးမှ အမျိုးသမီးကို မကြာမကြာ လှမ်းလှမ်းကြည့်လေ၏။ ထိုအတူ ကျွန်ုပ်ဘေးမှ အမျိုးသမီးသည်လည်း ဦးဇင်းလေးအား လှမ်းလှမ်း၍ ကြည့်နေလေ၏။ ဦးဇင်းလေးကမူ ကျွန်ုပ်နှင့် စကားလက်ဆုံကျနေလေရာ ဦးလေးကြီးက အမျိုးသမီးကိုခဏခဏ ကြည့်နေသည်ကို၎င်း ၊ အမျိုးသမီးက ဦးဇင်းလေးအား ခဏခဏ လှမ်းလှမ်းကြည့်နေသိကို၎င်း လုံးဝ မသိချေ။ ကျွန်ုပ်ကသာ မျက်လုံး ကျီးကန်းတောင်မှောက် ဖြစ်သောကြောင့် အကုန်လုံးကို တွေ့ရှိရခြင်း ဖြစ်လေ၏။

ကျွန်ုပ်တို့ စီးနင်းလိုက်ပါလာသော မီးရထားကြီးသည် ပုံမှန် ပြေးသွားလျှက်ရှိလေ၏။ လမ်းတွင်လည်း ဘူတာတစ်ခုပြီးတစ်ခု ဖြတ်သန်းလာခဲ့လေ၏။ ထို့သို့လာခဲ့ရာ ထူးကြီးဟူသော ဘူတာကို ကျော်လွန်လာ၏။ ရှေ့တွင် မဲဇလီကုန်းဘူတာ ရှိ၏။ ထူးကြီးနှင့် မဲဇလီကုန်းဟူသော ဘူတာကြားတွင် ဗိုလ်အောင်ကျော် လွမ်းစေတီ ဆိုသည်ကိုတွေ့ရလေ၏။ မီးရထားလမ်း၏ အနောက်ဘက်တွင် ရှိလေ၏။ ဦးဇင်းလေးက ဗိုလ်အောင်ကျော် လွမ်းစေတီအကြောင်းကို ကျွန်ုပ်အား ပြောပြ၏။ ထို့အတူ ကျွန်ုပ်၏ ဘေးမှ အမျိုးသမီးအား ဦးလေးကြီးက မလေးရှာ စင်္ကာပူနိုင်ငံများအကြောင်းကို အသေးစိပ် ပြောပြနေလေ၏။

ကျွန်ုပ်တို့ မီးရထားကြီးသည် မဲဇလီကုန်းဆိုသော ဘူတာကို ကျော်လွန်လာပြီးနောက် အင်္ဂပူဆိုသော ဘူတာကို ရောက်ရှိလာလေ၏။ အင်္ဂပူဆိုသော ဘူတာမှ ထွက်ခွါလာပြီးနောက် ဦးဇင်းလေးဘေးမှ ဦးလေးကြီး က ကျွန်ုပ်အား ဒီမှာ ညီလေးရဲ့။ မင်းနဲ့ ဦးဇင်းလေးလည်း စကားပြောအဆင်ပြေအောင် အကိုတို့လည်း စကားပြောရတာ အဆင်ပြေအောင် ညီလေးနဲ့ အကိုနဲ့ နေရာချင်းလဲထိုင်ရအောင်ဟု ပြောလေ၏။ ကျွန်ုပ်လဲ ရပါတယ်ဗျာဟု ပြေန်ပြောလိုက်ရင်း နေရာလဲပေးလိုက်လေ၏။ ကျွန်ုပ်တို့ လေးယောက်မှာ ဦးဇင်းလေးနဲ့ ကျွန်ုပ်က ထိုင်ခုံတစ်လုံး ဦးလေးကြီးနဲ့ အမျိုးသမီးက ထိုင်ခုံတစ်လုံး ဖြစ်သွားလေတော့၏။ ဦးဇင်းလေးနှင့် ကျွန်ုပ်သည်လည်း ဆက်လက်၍ စကားလက်ဆုံကျလာလေ၏။ ဦးလေးကြီးနှင့် အမျိုးသမီးသည်လည်း ဆက်လက်၍ စကားလက်ဆုံကျလာလေ၏။

ကျွန်ုပ်တို့ စီးနင်းလိုက်ပါလာသော မီးရထားကြီးသည် မြို့ကွင်းဆိုသော ဘူတာသို့ ကျော်လွန်လာပြီးသည့် နောက်ပိုင်းတွင် ရုတ်တရက် ထိုးရပ်သွားလေ၏။ ရထားပေါ်တွင် လိုက်လံ ဈေးရောင်းသူများ၏ ပြောပြချက်အရ ရထားပျက်သွားလို့ ရပ်သွားတာ ဖြစ်တယ်။ ဘယ်အချိန် ပြန်ထွက်မလဲတော့ သေချာပေါက် မပြောနိုင်သေးဘူးဟု ပြောပြလေတော့၏။

ကျွန်ုပ်နှင့် ဦးဇင်းလေးလည်း အညောင်းပြေ အညာပြေ လမ်းဆင်းလျှောက်လေ၏။ ထိုအတူ ဦးလေးကြီးနှင့် ကျွန်ုပ်ဘေးမှ အမျိုးသမီးသည်လည်း လမ်းဆင်းလျှောက်လေ၏။ သူတို့နှစ်ယောက်သည် ရထားအောက်ဘက်သို့ ဆင်း၍ လမ်းဆင်းလျှောက်၏။ လယ်ကွင်းဘေးတွင် နှစ်ယောက်အတူထိုင်၏။ ကောင်မလေးထိုင်ဖို့အတွက် ဦးလေးကြီးက သူ၏ အောကတ္တီပါဖိနပ်ကိုချွတ်၍ ထိုင်ရန်ချပေး၏။ ကောင်မလေးက ထိုဖိနပ်ပေါ်တွင် ထိုင်၏။ ဦးလေးကြီးက ကောင်မလေးအား ပီကေကို အခွံချွတ်၍ ပေး၏။ ကောင်မလေးက အလိုက်သင့် ယူစားလေ၏။ ဦးလေးကြီးက ကောင်မကလေးကို ရွန်းရွှန်းစားစား ကြည့်နေ၏။ ကောင်မလေးက မျက်နှာကိုအောက်သို့ ငုံ့ထားလေ၏။ ထို့နောက် ကောင်မကလေးနှင့် ဦးလေးကြီးတို့သည် ရထားလမ်းပေါ်တွင် တစ်ယောက်လက်ကို တစ်ယောက်ကိုင်၍ လမ်းလျှောက်နေကြလေ၏။

ထိုကဲသို့ ရထားပျက်နေရာ ည(၈)နာရီလောက်ကျမှ ကျွန်ုပ်တို့၏ရထားကြီးသည် ပြန်လည်စက်နှိုးလို့ ရလေ၏။ ရထားစက်နှိုး၍ ရထားထွက်သောအခါတွင်မှ ဦးလေးကြီးနျင့် ကောင်မလေးတို့သည် ပြာတိပြာယာဖြင့် တက်လာလေတော့၏။ ညနေ(၆)နာရီလောက်ကစပြီး ည(၈)နာရီလေက်အထိ ဘယ်ပျောက်နေသည်ကို ကျွန်ုပ်ရော ဦးဇင်လေးကို မသိချေ။ ည(၈)နာရီတွင် ကျွန်ုပ်တို့၏ မီးရထားကြီးသည် ဟင်္သာတ ပုသိမ်ဘက်သို့ ဆက်လက်သွားနေလေ၏။ ကျွန်ုပ်တို့ မီးရထားတွဲတွင် လျှပ်စစ်မီး မရှိသောကြောင့် ရထားတွဲ တစ်ခုလုံး မှောင်မဲနေလေတော့၏။

ကျွန်ုပ်သည် ကျွန်ုပ်၏ ရှေ့တည့်တည့်တွင်ရှိသော ဦးလေးကြီးနှင့် ကောင်မလေးတို့နှစ်ယောက်ကို မသိမသာ အကဲခတ်၍ ကြည်လိုက်ရာ မှောင်မှောင်မဲမဲဖြစ်နေသောကြောင့် သဲသဲကွဲကွဲ မမြင်ရချေ။ ကျွန်ုပ်၏ စိတ်ထင် ဦးလေးကြီးအပေါ်တွင် ကောင်မလေးက ပုခုံးမှီ၍ အိပ်နေသည်ထင်၏။ တကယ်အိပ်ပျော်နေသည်လား အိပ်မပျော်ဘူးလား ဆိုသည်ကား ကျွန်ုပ်အမှန်တကယ် မသိချေ။

ထိုကဲ့သို့ဖြင့် လာလိုက်ရာ ည(၁၀)ခွဲလောက်တွင် ကျွန်ုပ်တို့ စီးနင်းလိုက်ပါလာသော အမြန် မီးရထားကြီးသည် ဟင်္သာဘူတာသို့ ဆိုက်ရောက်လေ၏။ ဟင်္သာတဘူတာသို့ ရောက်သောအခါ ဦးဇင်းလေးသည် ရထားပေါ်မှ ဆင်းရန် ပြင်၏။ ကျွန်ုပ်က ဦးဇင်းလေး၏ လက်ဆွဲအိပ်ကို ကူဆွဲပေး၏။ ကျွန်ုပ်အား ဦးဇင်းလေးက ဒီည ဒကာ ဦးဇင်းကျောင်းလိုက်အိပ်လေ၊ မနက်မိုလင်းမှ ဒကာ ရန်ကုန်ဆက်သွားမယ်ဆို သွားပေါ့ဟု ပြောသဖြင့် ကျွန်ုပ် သည် ဦးဇင်းလေး၏ ကျောင်းသို့ လိုက်ပါသွားရန် ဖြစ်လေ၏။

ထို့ကြောင့် ဦးဇင်းလေးလည်း ဟင်္သာတဘူတာတွင် ဆင်း၏။ ကျွန်ုပ်လည်း ဦးဇင်းလေးနှင့်အတူ လိုက်ဆင်း၏။ ဦးဇင်းလေးက ရှေ့မှဆင်း၏။ ကျွန်ုပ်က ဦးဇင်းလေး၏ နောက်မှ လိုက်ဆင်းလေ၏။ ကျွန်ုပ်၏ နောက်တွင် ဦးလေးကြီးသည် သူ၏ အိပ်ကြီးကို မနိုင်မနင်းဆွဲလျှက် လိုက်ပါဆင်းလေ၏။ ဦးလေးကြီး၏ ပုခုံထက်တွင် မှီအိပ်သော။ ရထားလမ်းပေါ်တွင် လက်ချင်းချိတ်၍ လမ်းအတူ လျှောက်သော အမျိုးသမီးမှာမူ ရထားပေးမှ မဆင်းပေ။ ကြည့်ရသည်မှာ ပုသိမ်ဘက်သို့ ဆက်လက်လိုက်ပါသွားမည် ထင်၏။

ကျွန်ုပ်တို့(၃)ဦးသည် မီးရထားဘူတာထဲမှ ထွက်လာလေ၏။ ကျွန်ုပ်က တက္ကစီသမားအား လှမ်း၍ လက်ပြကာ ခေါ်လိုက်လေ၏။ ဦးလေးကြီးကလည်း ပုသိမ်ဘက်သို့ ထွက်ခွါသွားသော ရထားပေးမှ အမျိုးသမီး အားလှမ်း၍ လက်ပြနှုတ်ဆက်လေ၏။ မီးရထားဘူတာအပြင်ဘက်သို့ ရောက်သောအခါတွင် ကျွန်ုပ်တို့သုံးဦးသည်စု၍ တက္ကစီငှားရလေ၏။ ကျွန်ုပ်နှင့် ဦးဇင်းလေးက မိုးကောင်းကျောင်းသို့ သွားမည်ဖြစ်၍ ဦးလေးကြီးက မူ ငါးမျက်နှာဘုရားလမ်းရှိ တည်းခိုခန်းတစ်ခုကို အတူလိုက်မည်ဖြစ်လေ၏။ တည်းခိုခန်းတွင် ဦးလေးကြီးကို ချထားပေးပြီး ကျွန်ုပ်နှင့်ဦးဇင်းလေးအား မိုးကောင်ကျောင်းကို လိုက်ပို့မည်ဟု ကားသမားကကျွန်ုပ်တို့ကို လှည့်၍ ပြောပြလေ၏။

တည်းခိုခန်းရှေ့သို့ရောက်သောအခါတွင် ဦးလေးကြီးသည် ကားခပေးရန်အတွက် သူ၏အိပ်ကြီး၏ ဇစ်ကို ဆွဲဖွင့်၍ ပိုက်ဆံအိပ်ကို နှိုက်ယူလေ၏။ ပထမ ဘေးအိပ်ကိုဖွင့်ကြည့်၏။ သူ အံ့သြသလို ဖြစ်သွား၏။ ထို့နောက် အလယ်အိပ်ကို ဖွင်ပြန်၏။ ကြည့်၏။ မတွေ့။ ထို့နောက် ဘေးအိပ်ကို ပြန်ဖွင့်ကြည့်ပြန်၏။ ထို့နောက် စိတ်မရှည်တော့သလို ပုံစံမျိုးဖြင့် အိပ်တစ်ခုလုံးကို ကားပေါ်တွင် သွန်ချ၍ ကြည်ပြန်၏။ မတွေ့။ သူ၏ ပိုက်ဆံအိပ်ကို မတွေ့ပေ။ သူသည် တစ်စုံတစ်ရာကို ဖြတ်ခနဲ့ သတိယသွားပုံရလေသည်။ ပြီးနောက် သူသည် တောက်ဟု တက်တစ်ချက်ကို ပြင်းပြင်းထန်ထန်ခေါက်၍ ကျွန်ုပ်ကိုကြည်ကာ ငိုမဲ့မဲ့ကြီး ဖြစ်လျှက် မရှိတော့ဘူး၊ ပါသွားပြီ၊ ဟိုရထားပေါ်မှာတွေ့တဲ့ ကောင်မယူသွားပြီဟု ပြောလေတော့၏။

အမှန်အတိုင်းပြောရပါမူ မီးရထားပေါ်တွင် တွေ့ရသော ကောင်မလေးသည် ထိုဦးလေး၏ အိပ်ထဲတွင် ရှိသော ပိုက်ဆံအိပ်ရော ပစ္စည်းထည့်တဲ့ အိပ်ရော အကုန်လုံးကို မသွားခြင်းဖြစ်၏။ မှတ်ပုံတင်တွေကော ငွေတွေကော အကုန်ပါသွားတော့၏။ နောက်ဆုံးတွင် မှတ်ပုံတင်မရှိသောကြောင့် တည်းခိုခန်းကလည်း လက်မခံသောကြောင့် ဦးဇင်းလေး၏မိုးကောင်းကျောင်းသို့ ကျွန်ုပ်တို့နှင့် အတူတည်းခိုရန် လိုက်ပါ လာလေတော့၏။

ကျွန်ုပ်နှင့် ဦးလေးကြီးသည် ရန်ကုန်သို့ ဆက်လက်၍ မသွားသေးပဲ ဟင်္သာတမြို့ မိုးကောင်ကျောင်းတွင် တစ်ရက် နှစ်ရက်လောက် ဆက်လက်တည်းခိုနေ၍ ဟင်္သာမြို့လေးအာ လျှောက်လည်၏။ ထိုနှစ်ရက်တွင် ကျွန်ုပ်သည် ထိုဦးလေးကြီး၏ အကြောင်းကို သိရသည်မှာ သူသည် ရန်ကုန်မြို့ အင်းစိန်တွင် စတိုးဆိုင် ဆစ်ဆိုင်ဖွင့်ထားသည်ဟု သိရလေ၏။ ငယ်ငယ်တုန်းကတော့ မလေးရှား၊ စင်္ကာပူစသော နိုင်ငံများတွင် သွားရောက်၍ အလုပ်လုပ်နေရသည်ကများ၏။ အခုအခါတွင် အင်းစိန်တွင် စတိုးဆိုင်တစ်ဆိုင်ဖွင့်၍ နေတယ်ဟု သိရလေ၏။

ကျွန်ုပ်သည် ဦးလေးကြီးအား အင်းစိန်သို့ ရောက်အောင် ကားလက်မှတ် ခရီးစရိပ်ကူညီပေးရလေ၏။ လမ်းတွင် သုံးရန်အတွက်လည်း ခရီးစရိပ်များကိုလည်း ကူညီပေးရလေ၏။ ကျွန်ုပ်နှင့် ဦးလေးကြီးတို့သည် မိုးကောင်းကျောင်းမှ ဦးဇင်းလေးအား ရှစ်ခိုးကန်တော့ နှုတ်ဆက်၍ ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွါလာခဲ့ လေရာ လမ်းတွင် ဦးလေးကြီးက ဒီမှာ ညီလေး ။ ညီလေးက ဗေဒင်ဆရာဆိုတော့ အကိုက အကူအညီ တစ်ခု တောင်းရဦးမယ်။ အကို စတိုးဆိုင်ကို ရောင်ကောင်းအောင် ယတြာလေးတစ်ခုလောက် လက်ဆောင်ပေးခဲ့ပါဟု ပြောသဖြင့် ကျွန်ုပ်သည် ဈေးဆိုင် စတိုးဆိုင် ကုန်စုံဆိုင်စသည်တို့တွင် ဈေးရောင်းကောင်းရန် လူစည်ကားရန် ဓာတ်ဆင်သော အောက်ပါယတြာနည်းကို ဦးလေးကြီးအား ပြောပြခဲ့လေတော့သတည်။

လူစည်ကားသော ဈေးတစ်ခုအနီးက မြေကြီးသန့်သန့်ရယ်၊ သင်္ဘောဆိတ်က မြေကြီးသန့်သန့်ရယ် ။ မီးရထားဘူတာရုံအနီးက မြေကြီးသန့်သန့်ရယ်ကို ပန်းအိုးအစိမ်းရောင်တစ်ခုထဲမှာ ရောမွေပြီး ထည့်လိုက်။ ပြီးရင် အဲဒီပန်းအိုးကို ကိုဆိုင်ရှေ့မှာ ထားဗျာ။ နေ့တိုင်း ဆိုင်ဖွင့်ရင် အဲဒီပန်အိုးထဲကို အမွှေးတိုင် ထွန်းပြီး ဆုတောင်းပေတော့ဗျို့ဟု ပြောဆိုကာ အမှတ်မထင် ဆုံတွေ့ခဲ့ရသော ဦးလေးကြီးအား လက်ပြနှုတ်ဆက်ကာ ခွဲခွါခဲ့လေတော့သတည်း။

သင်တို့၏ အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ၊မဟာချိုင်မြို့
(Ph.+6687 415 0022)

လိုအင်ပြည့်ရာ-ဓာတ်ကြီးလေးပါးယတြာ

လူသားတိုင်း လူသားတိုင်း၏ ကိုယ်ခန္ဓာတွင် ပထ၀ီ အာပေါ တေဇော ၀ါယောဟု ဆိုအပ်သော ဓာတ်ကြီးလေးပါး ဖြင့် ဓာတ်ကြီးလေးပါးဖြင့် ဖွဲ့စည်း တည်ဆောက်ထားခြင်းဖြစ်၏။ မိမိ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ခွဲခြမ်း စိတ်ဖြာ၍ ကြည့်မည်ဆိုပါက မည်မျှပင် အခေါ်အဝေါ် များပြားစွာ ရှိနေပါစေ။ နောက်ဆုံးတွင် ဓာတ်ကြီးလေးပါးပင် ဖြစ်လေ၏။ ဒာတ်ကြီးလေးပါးကိုတော့ လူတိုင်းလဲ သိပြီးသားပင် ဖြစ်၏။ လူတိုင်းလည်း ကြားဖူးကြတာ များ၏။ ထိုဓာတ်ကြီး လေး ပါးကို အသေးစိပ် ပြောပြရမည်ဆိုလျှင် ဓာတ်ကြီးလေးပါးကို အောက်ပါအတိုင်း ခွဲခြမ်းစိတ်ဖြာ လိုက်၏။

ပထ၀ီဓာတ်-(၂၀) ရှိတယ်။
အာပေါဓာတ်က-(၁၂)ပါးရှိတယ်။
တေဇောဓာတ်က အပါး(၄)ပါးရှိတယ်။
ဝါယောဓာတ်က အပါး (၆)ပါး ရှိတယ်။

ပထ၀ီ(မြေဓာတ်) ၂၀ဆိုတာက ဘာတွေလည်းဆိုတော့......

(၁) ဆံပင်။ (၂) အမွှေး။ (၃) ခြေသည်း၊လက်သည်း။ (၄) သွား။ (၅) အရေ။ (၆) အသား။ (၇) အကြော။ (၈) အရိုး။(၉) ချဥင်္ဆီ။ (၁၀) နှလုံး။(၁၂) အသည်း။ (၁၃) အမြှေး။ (၁၄) အဖျဉ်း။ (၁၅) အဆုတ်။ (၁၆) အူမ။ (၁၇) အူသိမ်။ (၁၈) အစာသစ်။ (၁၉) အစာဟောင်း။ (၂၀) ဦးနှောက် အားလုံးပေါင်း ပထ၀ီဓာတ်(၂၀)ရှီတယ်။

အာပေါဓာတ် (ရေ) ၁၂ဆိုတာက ဘာတွေလည်းဆိုတော့......

(၁) သည်းခြေ။ (၂) သလိပ်။ (၃) ပြည်။ (၄) သွေး။ (၅) ချွေး။ (၆) အဆီ။ (၇) မျက်ရည်။ (၈) ဆီကြည်။ (၉) တံတွေး။ (၁၀) နှပ်။ (၁၁) အစေး။ (၁၂) ကျင်ငယ်ဆိုပြီး အာပေါဓာတ(၁၂)ပါး ရှိတယ်။

တေဇောဓာတ်(မီးဓာတ်) ၄-ပါးဆိုတာက ဘာတွေလည်းဆိုတော့......

(၁) သန္တပ္ပနတေဇော၊ ပူသလိုလို အေးသလိုလိုဖြစ်တာ။ (၂) ဒဟတေဇော ၊ အလွန်ပူတာ။ (၃) ဇိရဏတေဇော ၊ အိုမင်းရင့်ရော်စေတာ။ (၄) ပါစကတေဇော၊ ကျက်သွားစေတာ ဆိုပြီး တေဇောဓာတ်( ၄)ပါးရှိတယ်။

ဝါယောဓာတ်(လေ) ၆ပါး ဆိုတာက ဘာတွေလည်းဆိုတော့......

(၁) ထွက်သက်လေ။ (၂) ၀င်သက်လေ။ (၃) အထက်ကိုဆန်တဲ့လေ။ (၄) အောက်ကိုစုန်တဲ့လေ။ (၅) တစ်ကိုလုံး ကိန်းတဲ့လေ။ (၆ )အူအတွင်းမှာ တည်တဲ့လေ ဆိုပြီး ၀ါယောဓာတ်က (၆)ပါးရှိတယ်။

အဲဒီတော့ လူတစ်ယောက်မှာ ဓာတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားတာ ဆိုတော့ အဲဒီဓာတ်လေးပါးထဲက တစ်ပါးပါး ဖောက်ပြန်ပြောင်းလဲ သွားမယ်ဆိုရင် အဲဒီလူဟာလဲ ဓာတ်ပျက်သွားပြီး သူနဲ့ ပါတ်သက်တာတွေ အကုန်လုံး ကပြောင်းကပြန် ဖြစ်ကုန်ရော။ ပြောရင် ဟာမိုနီ ပျက်သွားတာပေါ့။ တစ်ခုထဲ အဆင်မပြေ ဖြစ်သွားတာ မဟုတ်ဘူးနော်။ အကုန်လုံး အဆင်မပြေတွေ ဖြစ်ကုန်တာ။ ကျန်းမာရေး လူမှု့ရေး စီးပွားရေး အိမ်ထောင်ရေး အကုန်လုံး ကမောက်ကမတွေ ဖြစ်ကုန်တာ။

ကျန်းမာရေးတွေ ညံ့လာတယ်။ ရောဂါတွေ တစ်ခုပြီးတစ်ခု ၀င်လာတယ်။ စိတ်ဓာတ်တွေ ကျလာတယ်။ အလိုလိုနေရင်း မပျော်မရွှင် ဖြစ်လာတယ်။ လောကကြိးကို မကျေမနပ် ဖြစ်လာတယ်။ နောက်တခုပြီး တစ်ခု အဆင်မပြေဖြစ်လာတာပေါ့။ အိမ်ထောင်ရေးတွေ အဆင်မပြေဖြစ်လာမယ်။ ပေါင်းသင်းဆက်ဆံရေးတွေ အဆင်မပြေ ဖြစ်လာမယ်။ စီးပွားရေးတွေလဲ အဆင်မပြေ ဖြစ်လာပါတယ်။

အဲဒီလို ညံ့လာရင် အကောင်းဆုံးကတော့ ဓာတ်ကြီးလေးပါးယတြာ ချေတာ အကောင်းဆုံးပါပဲ။ ဓာတ်ကြီးလေးပါး ယတြာက လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဓာတ်သဘာဝတွေကို မျှတကောင်းမွန်စေပြီး အရာရာကို အဆင်ပြေ ချောမွေ့စေပါတယ်။ နောက်ပြီး လူသားတွေရဲ့ ဘ၀နေထိုင်မှု့ မနက်ဖြန်တိုင်းကိုလည်း ပျှော်ရွှင်ချမ်းမြေ့စေတယ်။

နောက်ပြီး အကျိုးဖြစ်ထွန်းစေတာကတော့ ကျွန်တော်တို့ရဲ့ နေ့စဉ် လုပ်ဆောင်နေတဲ့ စီးပွားရေး လုပ်ငန်းဆောင်တာတွေကို တိုးတက်အောင်မြင်စေပါတယ်။ စီးပွားရေး လုပ်ငန်းဆောင်တာတွေကို တိုးတက်စေတယ်။ ပြောစကားဆိုစကားကို အောင်မြင်စေတယ်။ စိတ်နှလုံး ချမ်းမြေ့ပျှော်ရွှင်စတေယ်။ ဒါကြောင့် ယတြာချေခြင်းကို ၀ါသနာပါ ယုံကြည်ကြသူများအနေနှင့် မိမိတို့ မိသားစု စီးပွားရေး လုပ်ငန်းဆောင်တာများ အောင်မြင်စေရန်အတွက် ဤဓာတ်ကြီးလေးပါး ယတြာကို မကြာခဏ ဆောင်ရွက်ပေး နိုင်ပါကြောင်း စေတနာကောင်းဖြင့် ပြည့်ပြည့်စုံစုံ ဖော်ပြပေးလိုက်ပါတယ်။

ယတြာအမည်

ဓာတ်ကြီးလေးပါးယတြာကြီး။

လုပ်ရမည့်နေ့.

အိမ်ထောင်ဦးစီး၏ မွေးနေ့နံက် (၄း၀၀)

ပြင်ဆင်ပုံ.......

ခုံတစ်လုံးပေါ်မှာ စာပွဲခင်း ဖြူဖြူသန့်သန့် ခင်းရမယ်။ ပြီးတော့ အဲဒီ ခုံပေါ်မှာ အောက်ပါ ပစ္စည်းတွေ ပြင်ဆင်ထားရမယ်။
+ ပထ၀ီဓာတ်၂၀-အတွက် - နို့ထမင်း ပုဂံ (၂၀)။
+တေဇောဓာတ်လေးပါးအတွက်- ဖယောင်းတိုင် (၄)တိုင်။
+အာပေါဓာတ်ဆယ့်နှစ်ပါးအတွက်- ရေ(၁၂)ခွက်။
+၀ါယောဓာတ်ခြောက်ပါးအတွက်- ယပ် (၆)လက်။

ဆက်ကပ်လှူဒါန်းပုံ.....

ဖယောင်းတိုင် လေးတိုင်ကို ထွန်းပါ။ ပြီးတော့ မြတ်ဘုရားနဲ့ ရဟန္တာ အရှင်သူမြတ်တွေကို ပင်ဖိတ်လျှောက် ထားပါ။ ပြီးတော့ ဓာတ်ကြီးလေးပါးဆွမ်းကို ရိုသေစွာ ဆက်ကပ်လှူဒါန်းပါ။ နောက် မိမိတို့ မိသားစု ဖြစ်ချင်တာတေါကို ထိုင်ပြီး ကျကျနန ဆုတောင်းပါ။ ဖယောင်းတိုင် မီးညိမ်းရင် စွန့်လို့ရပါပြီ။

စွန့်ရန်........

စွန့်တဲ့အခါမှာတော့ ဒီအတိုင်းစွန့်လို့ မရဘူး။ စာရွက် အဖြူတစ်ရွက်ပေါ်မှာ ကြီးလေးကြီးစမကို အောက်ပါအ တိုင်း ရေးပါ။ ပြီးရင် မိမိ၏ အိမ်ရှေ့ ပြောင်ပြောင်တွင် ကြီးလေးကြီးရေးထားသော စာရွက်ပေါ်တွင် စွန့်ရမည်။ စွန့်သောအခါတွင် ရေ ၁၂-ခွက်ကိုလည်း ဘေးပတ်ပတ်လည်တွင် လောင်းချပြီး စွန့်ရမည်။ ယပ် ၆-ချောင်းကိုလည်း ဘေးတွင် စိုက်ထားရမည်။ ပြီးရင် မီးမှာ ကျက်စားသော သတ္တ၀ါ၊ လေမှာ ကျက်စားသော သတ္တ၀ါ၊ မြေမှာကျက်စားသော သတ္တ၀ါ၊ ရေမှာ ကျက်စားသော သတ္တ၀ါများ အားလုံး ၀လင်အောင် သုံးဆောင်ပြီး လိုရာအရပ်ကို သွားကြပါ။ ကျွန်ုပ်တို့ မိသားစုကိုလည်း စောင့်ရှောက်ကြပါလို့ ရွတ်ဆို၍ စွန့်၇မည်။

မှတ်ချက်။ ကျွန်ုပ်၏ ချစ်လှစွာသော မိတ်ဆွေများခင်ဗျာ....
ဤဒာတ်ကြီးလေးပါးယတြာကို ကျွန်ုပ်တို့၏ ဆရာသခင်ဖြစ်သော အဘမင်းသိင်္ခသည် မှော်ဘီမြို့ မရမ်းတလင်း ယတြာမြေတွင် အပတ်စဉ် အင်္ဂါနေ့ည ဗုဒ္ဓဟူးနေ့နံနက်ပိုင်းတွင် အမြဲမပြတ် ဆောင်ရွက်လုပ်ကိုင်ပေးခဲ့ပါသည်။ ထိုဓာတ်ကြီးလေးပါး ယတြာပွဲသို့ အနယ်နယ်အရပ်ရပ်မှ (၇)ရက်သားသမီးများ (၅၀၀)မှ (၁၀၀၀)ထိ အပတ်စဉ် လာရောက်ဤ ယတြာချေကြပါသည်။