ကားလုပ်ငန်း အောင်မြင်စေရန်ယတြာ

ဆရာရှင့်

တက္ကစီကားသမားများအတွက် အောင်မြင်စေသောယတြာမှာ ပန်အိုးတစ်လုံးနှင့် ကားခေါင်းခန်းတွင် ဂန္ဓမာပန်းအိုးလေး တစ်လုံးကို အမြဲထိုးထားပါ။ အဲ့ဒီ ယတြာမှာလေ ကားပေါ်မှာတင်ဖို့အတွက် ဂန္မာပန်းခြောက် အလှပန်းဆိုရင်ကော ရပါသလားဆရာ။ နောက်ပြီး အိုးထဲမှာ ရေမထည့်ပဲနဲ့ အလှပန်းအိုးလေးနဲ့ ထားမယ်ဆိုရင်ကော ဖြစ်မလား သိချင်ပါတယ်ရှင့်။ ကားမောင်းရင်းနဲ့ တိမ်းစောင်းပြီး အိုးပြုတ်ကျ ရေမှောက် ဖြစ်ကုန်မလား တွေးမိလို့ပါဆရာ။ သမီးပြောတာ မှားသွားရင် ခွင့်လွှတ်ပါနော်... မသိနားမလည်လို့ သေချာအောင် မေးကြည့်တာပါ ဆရာ။ ဘယ်သူမဆို လုပ်လို့ရပါသလားရှင် ။

ကျေးဇူးတင်စွာဖြင့်

ကျွန်တော် မစဉ်းစားမိလိုက်တာကို သူစဉ်းစားတယ်။ အဲဒီတော့ ကျွန်တာ် ပြန်စဉ်းစားကြည့်လိုက်တယ်။ အလှပန်းဆိုရင် ရမလားတဲ့။ ကျွန်တော်ကတော့ ပန်းအစစ်ကိုပဲ လုပ်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ပန်းအစစ်ကမှသာလျှင် မိုးနှင့်မြေမှ သဘာဝကျကျ ပေါက်ဖွားလာတာ ကြောင့်ပါ။ သဘာဝတရားကြီးထဲမှာ ဓာတ်လေးပါးနဲ့ တဖြေးဖြေးချင်း ကြီးပွားရင့်သန် ရှင်သန်လာတဲ့ ပန်းဆိုရင်တော့ ပိုကောင်းတယ်လို့ ထင်ပါတယ်။ မရတဲ့ အဆုံးကြတော့လည်း ရရာနဲ့ လုပ်ရမှာပဲပေါ့။ ဘယ်တတ်နိုင်ပါ့မလဲ။

အခု ကားနဲ့ ပါတ်သက်တဲ့ ယတြာအဆောင်နည်း တစ်ခုလောက် ပေးချင်တယ်။ ကားလုပ်ငန်းနဲ့ ပါတ်သက်လာရင် လုပ်လို့ ရပါတယ်။ ကိုယ်ပိုင်ကားသမားတွေရော၊ အငှားကားမောင်းသမားတွေရော၊ ဘုရာဖူးကားတွေရော။ ပြောရရင်တော့ ကားနဲ့ ပါတ်သက်လာရင် အဲဒီအတိုင်းသာ ဆောင်ရွက်ပါ။ ကားအပျက်အစီး နည်းစေတယ်။ လာဘ်လာဘ ပွင့်လန်းစေတယ်။ နောက်ပြီး အန္တရာယ်ကင်းစေတယ်။ နောက် လုပ်ငန်း စည်ကားစေတယ်ပေါ့။

ကျွန်တော် ပြီးခဲ့တဲ့လပိုင်း မြန်မာပြည်ကို ခနပြန်ခဲ့တယ်။ ရန်ကုန်ကို ပြန်ရောက်တော့ များသောအားဖြင့် တက္ကစီပဲ ငှားစီးဖြစ်တယ်။ ကျွန်တော်က စပ်စုကြည့်တော့ ကားသမားတွေဟာ တစ်နေ့ကို အုံနာခက တစ်သောင်းခွဲ ရှာရမယ်။ နောက် ဆီဖိုးက ၃၀၀၀ လောက်။ နောက် ထမင်းဖိုးကွမ်းဖိုးနဲ့ အားလုံးပေါင်းလိုက်ရင် တစ်နေ့ကို အနည်းဆုံး နှစ်သောင်းလောက် ရမှ အဆင်ပြေမယ်လို့ ပြောတယ်။ မိုးလင်းကတည်းက သူ့ခေါင်းထဲမှာ ၀င်နေတာက ငွေနှစ်သောင်းပဲ။ ပိုတာမှ သူမိသားစု အတွက်လေ။ နေ့စဉ်နှင့်အမျှ အဲဒီ စိတ်ခံစားချက်ကြီးကို ခေါင်းထဲမှာ ထည့်ထားရတာ။ ဘယ်လောက် ပင်ပန်းမလဲ။

ရန်ကုန်ရောက်တုန်းက အတွေ့အကြုံလေး တစ်ခုလောက် ပြောချင်တယ်။ ကျွန်တော်က ကြည်မြင်တိုင်ဘက်က အသိတစ်ယောက်အိမ်ကို သွားလည်တယ်။ ပြန်တော့ ကျွန်တော်က ဆေးလိပ်သောက်ချင်လို့ တောင်းတော့ အသိ အဒေါ်ကြီးက မောင်ဟိန်းတင့်ဇော်ရယ်တဲ့ အဖြူတွေ ဘာတွေတော့ မရှိပါဘူး။ အဲဒီမှာ မင်းဦးလေးသောက်တဲ့ ဆေးပေါ့လိပ်တော့ ရှိတယ်။ သောက်ချင် ယူသောက်သွားလို့ ပြောတာနဲ့ ကျွန်တော်လည်း ဦးလေးသောက်တဲ့ ဆေးပေါ့လိပ် (ရွှေပတ်ထင်တယ်) အဲဒါ တစ်လိပ်ကို မီးညှိ့ပြီး နှုတ်ဆက်ပြန်ခဲ့တယ်။ အိမ်ရှေ့ရောက်တော့ တက္ကစီတစ်စီး ငှားလိုက်တယ်။ ကျွန်တော်နဲ့ ကျွန်တော့ယောက်ဖနဲ့ နှစ်ယောက် ကားနောက်ခန်းမှာ အဒေါ်အိမ်က ယူလာတဲ့ ဖက်ကြမ်းဆေးလိပ်ကို တစ်ယောက်တလှည့် သောက်ကြတယ်။ အဲဒါကို ကားသမားက ကွက်ကြည့်ကွက်ကြည့်နဲ့။

မြေနီကုန်းမီးပွိုင်လဲ ရောက်ရော ကိုရွှေကားသမားက မနေနိုင်တော့ဘူး ထင်ပါတယ်။ အကိုတဲ့ ကျွန်တော့်ကိုလည်း အတိုလေး ပေးပါဦးဗျာတဲ့။ အဲဒီတော့ ကျွန်တော်က ရော့ဗျာ သောက်ပေါ့လို့ဆိုပြီး ကျွန်တော့်လက်ထဲက ဆေးပေါ့လိပ်ကို သူ့လက်ထဲကို ထည့်ပေးလိုက်တယ်။ အဲဒီမှာ ငတိက ဘာလုပ်တယ် ထင်လဲ။ ကျွန်တော်ပေးလိုက်တဲ့ ဖက်ကြမ်းဆေးလိပ်ကို တစ်ချက်လောက် အားရပါးရ ရှိုက်ဖွာလိုက်ရင်း ဆေးလိပ်ကို သေသေချာချာ လှည့်ပတ်ပြီး နမ်းကြည့်တယ်။ ပြီးတော့မှ ဒါ သာကေတ ပစ္စည်းဖြစ်ရမယ်တဲ့။ အနံ့နည်းနည်း စိမ်းတယ်လို့ ပြောလိုက်တယ်။

ကျွန်တော်ကတော့ အံ့သြသွားတယ်။ ဒါပေမယ့် ကျွန်တော့်ယောက်ဖ အောင်နိုင်က ဟုတ်တယ် ဘာညာဆိုပြီး တော်ကီ ပြန်ပွားတယ်။ ကျွန်တော်ကတော့ နောက်မှ သဘောပေါက်တယ်။ ဒီကောင်က ဆေးသမားလေ..။ ကျွန်တော်တို့ သောက်တဲ့ ဆေးပေါ့လိပ်ကို ဆေးထည့်ထားတဲ့ ဆေးလိပ်မှတ်လို့ ။ ကျွန်တော်တို့ တည်းတဲ့နေရာ လည်းရောက်ရော ကားသမားက ဘာပြောတယ် မှတ်လဲ။ အကိုရာတဲ့ ကားခ ၁၅၀၀လည်း မပေးပါနဲ့တော့တဲ့. အကို့လက်ထဲက အတိုလေးသာ ပေးလိုက်ပါလို့ ပြောတာနဲ့ ကျွန်တော်တို့ နှစ်ယောက်လည်း တစ်ယာက်မျက်နှာ တစ်ယောက်ကြည့်လိုက်ရင်း အဒေါ်အိမ်က ယူလာတဲ့ ရွှေပတ်ဆေးပေါ့လိပ်အတိုလေးကို ကားသမားကောင်လေးကို ပေးလိုက်ရင်း ကားခပေးမလို့ ထုပ်ထားတဲ့ ပိုက်ဆံ ၁၅၀၀ကို ပိုက်ဆံအိပ်ထဲ ပြန်ထည့်လိုက်တယ်။ ကားသမားကောင်လေးက ကျေးဇူးတင်ပါတယ် အကိုလို့ ပြောရင် ကားကို မောင်းထွက်သွားတယ်။ အော် ရန်ကုန် - ရန်ကုန်။

ကားလုပ်ငန်းအောင်မြင်စေတဲ့ယတြာ

သြဇာသားကို နဂါးရုံဘုရားပုံ ထု၍ ကားခေါင်းခန်းတွင် ပူဇော်ထားပါ။ သုံးလက်မလောက်ဆို ရပါတယ်။ ပြီးရင် သြဇာသားကိုပဲ ခြင်္သေ့ရုပ်ထု နှစ်ခုထုပြီး ဘုရားရဲ့ လက်ဝဲဘက်တွင် တစ်ရုပ်၊ လက်ယျာဘက်တွင် တစ်ရုပ် ရံထားပေးလိုက်ပါ။ ဒါဆိုရင် မိတ်ဆွေတို့ရဲ့ ကားနဲ့ ပါတ်သက်တဲ့ လုပ်ငန်းကိုင်ငန်းများ သေချာပေါက် အောင်မြင်လာပါလိမ့်မယ်။ အန္တရာယ်ကင်းပါလိမ့်မယ်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့



0 comments:

Post a Comment