ထောပတ်ထမင်း ကြက်သားဟင်းနှင့် ပဲနီလေးဟင်းချို

အဘမင်းသိင်္ခ၏ စာပေများကို လေးစားကြသော စွဲလန်းကြသော လွန်စွာ နှစ်သက်ကြသော ကျွန်ုပ်၏ မိတ်ဆွေများအတွက် အဘမင်းသိင်္ခ၏ ၀တ္ထုတိုများကို အလျဉ်းသင့်သလို ပြန်လည် ရေးသားပေးပါမည်။ စာများကို ၀ိုင်းဝန်း ရေးသားပေးသော လွန်စွာခင်မင်ဖွယ် ကောင်းသော လွန်စွာ သဘောကောင်းသော ကျွန်ုပ်၏ ညီရင်းအကိုတမျှ ခင်မင်ရသော ကိုအောင်အား ကျေးဇူးအထူးပင်တင်မိပါကြောင်း.... အဘမင်းသိင်္ခ၏ စာများကိုဖတ်ရင်း တစ်စုံတစ်ရာ ရင်ထဲသို့ ရောက်ရှိနိုင်ပါစေ....

ထောပတ်ထမင်း ကြက်သားဟင်းနှင့် ပဲနီလေးဟင်းချို

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန်၊ မရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံသို့ ကျွန်ုပ်၏ မိတ်ဆွေရင်း ကိုပီတာဆိုသူ ရောက်ရှိလာပြန်၏။ ကိုပီတာသည် စိတ်မနှံ့သူတစ်ဦးဖြစ်၏။ သူသည် ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း .. “ဟေ့.. ဖိုးအောင်ထွန်း၊ ဂွတ်ဒါမောနင်း..ကွတ်ဒ်နိုက်” ဟု နုတ်ဆက်လေ၏။ ကျွန်ုပ်က ၎င်းအား.. “ ဘာဟင်းနဲ့ ထမင်းစားမလဲ၊ ဈေးသွားမလို့..” ဟု ပြောရာ ၎င်းက.. “

ဝက်သားကို သိပ်ကြိုက်ပေမဲ့ ကျုပ်ဗိုက်က လက်မခံဘူး၊ စားမိတာနဲ့ အောင့်လို့ပါ၊ ကိုရင့်ရဲ့စေတနာကိုတော့ ကျေးဇူးတင်ပါတယ်၊ နိုးဂွတ်ဒ်.” ဟု ပြောလေ၏။ “ ဒီလိုဆို ဘာချက်ရမလဲဗျာ.. ပြောစမ်းပါ၊ ခင်ဗျားကလည်း ဆန့်ကျင်ဘက်တွေချည်း ပြော နေတော့တာပဲ” ဟု ကျွန်ုပ်ကညည်းညူလိုက်ရာ ကိုပီတာကြီးက.. “စိတ်မဆိုးပါနဲ့ ဖိုးအောင်ထွန်းရယ်.. ကိုယ့် လူချက်ပြီး ကျွေးချင်တာ ကျွေးပါ၊ ကျုပ်က စားရမှာပေါ့ ကျုပ်က သူများကျွေးမှစားရတဲ့ဘဝပဲဗျာ..သနားဖို့မ ကောင်းပါဘူး…” ဟု ပြောလေ၏။

ထို့ကြောင့် ကျွန်ုပ်လည်း ကိုပီတာကြီးစားရန်အတွက် ထောပတ်ထမင်း၊ ကြက်သားဟ်းနျင့် ပဲနီလေးဟင်းချိုတို့ကို စီမံကာ ကျွေးမွေးရလေ၏။ ကိုပီတာကြီးသည် မြိန်ရှက်စွာစားရင်း… “သိပ်ပြီးစားလို့ကောင်းတာပဲ၊ နိုးဂွတ်ဒ်..” ဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က.. “စားလို့ကောင်းရင် ဂွတ်ဒ်လို့ ပြောပေါ့ဗျာ၊ ဘယ်လိုကြောင့် နိုးဂွတ်ဒ်လို့ပြောရတာလဲ” ဟု ပြောရာ ၎င်းက.. “ ဒီလိုကောင်းတဲ့ အစားစာကို နေ့တိုင်းမစားနိုင်လို့ နိုးဂွတ်ဒ်လို့ပြောတာပါ ကိုယ့်လူရာ..” ဟု ပြန်၍ချေပလေ၏။ ကျွန်ုပ်သည် ၎င်းအား စလောင်းမှ ချင်နယ်တစ်ခုကို ဖွင့်ပြပြီးလျှင် ရှင်းပြလေ၏။ ကိုပီတာကြီးက ခေါင်းကို တဆတ်ဆတ်ညိတ်၏။ ထို့နောက် အခြားချင်နယ်တစ်ခုကိုဖွင့်ပြ၍ ထိုချင်နယ်တွင်ပြသော ဗဟုသုတများအကြောင်းကို ပြောပြလေ၏။

ထို့နောက် ၎င်းနှင့်အတူ အိန္ဒိယနိုင်ငံမှ မြို့များ၊ အကြောင်းအရာများကို ၎င်းအား ပြောပြပြန်လေ၏။ “ နေစမ်းပါ ဦး ဖိုးအောင်ထွန်း.. ဗုဒ္ဓဂယာကို ဘုရားဖူးခရီးထွက်ပြီးတဲ့ နောက်ပိုင်းမှာ အိန္ဒိယကို နောက်ထပ်တစ်ခေါက် ထပ် ထွက်တာ ဘာသဘောလဲ” ဟု ၎င်းက မေးလေ၏။ “ ဘာသဘောလဲဆိုတော့ သိချင်တာလေးတွေသိရအောင် အပြင်ထွက်ပြီး လေ့လာတာပါဗျာ၊ ဒါပေမဲ့လည်း ဘာမှတော့ မယ်မယ်ရရ မသိခဲ့ရပါဘူး၊ အခုလာမယ့် နွေမှာ လည်း တိဗက်ကို သွားဦးမလို့ဗျ၊ အဲဒါအတွက် နည်းနည်းတော့ ကြိုးပမ်းနေတယ်၊ ကြိုးပမ်းနေတယ်ဆိုတာ တခြားမဟုတ်ပါဘူး၊ ငွေဟု ကျွန်ုပ်ကပြောလိုက်လျှင်..

“အဲဒီမှာက သိပ်ပြီးအေးတယ်ဆိုပဲ၊ ဘာဖြစ်လို့ သွားမှာတုံး” ဟု ကိုပီတာကြီးက မေးပြန်လေ၏။ ထို့ကြောင့် ကျွန်ုပ်က.. “ သိချင်တာလေးတွေ သိရအောင် သွားကြည့်မလို့ပေါ့ဗျာ၊ လားမားဘုန်းကြီးတွေ အကြောင်း၊ ပြီးတော့ တိဗက်ရဲ့ လောကီပညာအကြောင်း ရနိုင်သလောက် သွားပြီးလေ့လာမလို့ဗျို့…” ဟု ပြန်၍ဖြေလိုက်ရာ ကိုပီတာကြီးက ခေါင်းကို တဆတ်ဆတ်ညိတ်လေ၏။

ထိုအချိန်၌မှာပင် ကျွန်ုပ်၏မိတ်ဆွေတစ်ဦး ထပ်၍ရောက်လာပြန်၏။ ထိုမိတ်ဆွေက ကျွန်ုပ်အား.. “ဆရာသ မားရေ… တန်ခိုးသိဒ္ဓိနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို အသေးစိတ် ရှင်းပြနိုင်တဲ့ ရသေ့ကြီးတစ်ပါးတော့ တွေ့ခဲ့တယ်ဗျ အဲဒီရသေ့ကြီးကိုလည်း စိတ်ဝင်စားရင် ခေါ်ခဲ့ပါလို့ပြောပါတယ်၊ အဲဒီတော့ ဗုဒ္ဓဟူးနေ့ တစ်နေ့လောက် ခင်ဗျား အလုပ်ပိတ်တဲ့အခါ ခင်ဗျားနဲ့ ကျုပ်နဲ့သွားကြတာပေါ့” ဟု ပြောလေ၏။

ကျွန်ုပ်တို့ စကားစ ဖြတ်လိုက်သောအခါ၌ ကိုပီတာကြီးက.. “ ဖိုးအောင်ထွန်းကို ကိုယ့်မိတ်ဆွေမစ္စတာရပ်ရှ် ပြောပြတဲ့ အကြောင်းအရာ လေးပြောပြချင်တယ်” ဟု စကားစလေ၏။ “ပြောပါ ကိုပီတာကြီး၊ နားထောင့်ပါမယ်ဗျာ” ဟု ကျွန်ုပ်ကပြောလိုက်လျှင် ကိုပီတာကြီးက .. “အဲဒီ မစ္စတာရပ်ရှ်ဆိုတာက အိန္ဒိယကပဲ၊ ကိုယ်သွင်းကုန်ထုတ်ကုန် လုပ်တုန်းက သူနဲ့ပတ် သက်ခဲ့တာ၊ သူက စကားပြော အတော်ကောင်းတယ်၊ ဘာသာရေးသမားတစ်ယောက်လည်း ဖြစ်တယ်၊ သူရဲ့ အိမ်နီးနားချင်းတွေကလည်း သူ့ကို အတော်ခင်ကြတယ်၊ အဲဒီအိမ်နီးနားချင် အတော်များများကလည်း ဘာသာ ရေးသမားတွေပါပဲ၊ တစ်ဦးနဲ့တစ်ဦးလည်း ချစ်ချစ်ခင်ခင် ရှိကြပါတယ်၊

သူတို့နားမှာ မုဆိုးမအဘွားကြီးတစ် ယောက် ရှိတယ်ဆိုပဲ၊ အဲဒီအဘွားကြီးရဲ့နာမည်က ရာဗီယာတဲ့၊ အဲဒီရာဗီယာကြီးဟာ တစ်ညမှာ သူ့အခန်းရှေ့ လမ်းပေါ်က မီးတိုင်အောက်မှာ ကုန်းကုန်း ကုန်းကုန်းနဲ့ တစ်စုံတစ်ခုကို ရှာနေတယ်၊ အဲဒီမှာ မစ္စတာရပ်ရှ်ကော အခြားအိမ်နီးနားချင်း တွေပါ ထွက်လာပြီး အဘွားကြီး ဘာပျောက်နေသလဲ မသိဘူး၊ ဝိုင်းပြီး ရှာပေးဦးမှဆိုပြီး ရာဗီယာနားကို သွားကြတယ်၊ အနားရောက်တော့ ကိုယ့်ရဲ့မိတ်ဆွေ မစ္စတာရပ်ရှ်က အဘွားကြီးကို “ အမေကြီး…ဘာပျောက်တာလဲ” လို့မေးတယ်၊ အဲဒီမှာ ရာဗီယာကြီးက “ကြီးကြီးမားမား မဟုတ်ဘူး၊ လက်ချုပ် အပ်ကလေး တစ်ချောင်းကျသွားလို့ ရှာနေတာ” လို့ပြောလိုက်တယ်၊

အဲဒီတော့ မစ္စတာရပ်ရှ်ကော အိမ်နီးနား ချင်းတွေပါ ဝိုင်းပြီးရှာပေးကြတယ်၊ ဒါပေမဲ့ ရှာလို့မတွေ့ပါဘူး၊ အဲဒီတော့ မစ္စတာရပ်ရှ်က “အမေကြီး ရာဗီယာ.. ကျွန်တော်တို့လည် ရှာတာပဲ၊ အမေကြီးရဲ့အပ်က မတွေ့ပါဘူး၊ ဘယ်နားမှာ ကျတာလဲ၊ သေချာပြောစမ်းပါ” လို့ မေးလိုက်တယ်၊ အဲဒီတော့မှ ရာဗီယာဆိုတဲ့အဘွားကြီးက “ ငါနေတဲ့အခန်းထဲမှာ ကျတာဟဲ့.. ” လို့ ပြောတယ်၊ အဲဒီလိုလည်း ပြောလိုက်ရော အိမ်နီးနားချင်းတစ်ဦးက

“သြော်.. အပ်ကျတာက အိမ်ထဲမှာ၊ ရှာတာက လမ်းမှာထွက်ပြီး ရှာတာကိုး.. ဘယ်လိုလုပ်ပြီး တွေ့မှာလဲ” လို့ မေးလိုက်တယ်၊ အဲဒီတော့ မစ္စတာရပ်ရှ်က “ အမေကြီး ရာဗီယာရယ်.. စိတ်မှနှံ့သေးရဲ့လား၊ ကျတာက အမေကြီးရဲ့ အိမ်ထဲမှာ၊ရှာတာက လမ်းပေါ်မှာ၊ ဘယ်လိုလုပ်တွေ့မှာ လဲအမေကြီးရယ်” လို့ ပြောလိုက်တယ်၊

အဲဒီတော့ ရာဗီယာဆိုတဲ့ အဘွားကြီးက “တကယ်ကျတဲ့နေရာက မီးမှောင်နေတာဟဲ့၊ ဒီနေရာမှာက မီးက ထိန်ထိန်လင်းနေတာ၊ ဒါကြောင့် ဒီမှာရှာတာ” လို့ ပြန်ပြီးပြောတယ်၊ အဲဒီတော့ မစ္စတာရပ်ရှ်ကအတော့်ကို စိတ်ဆိုးသွားတယ်၊ “အမေကြီးနှယ်ဗျာ.. အလင်း ရောင် ရှိတာ၊ မရှိတာနဲ့ မဆိုပါဘူး၊ အပ်ကျသွားတဲ့နေရာမှာပဲ ရှာရမှာပေါ့၊ ဒီလောက်တော့ သိဖို့ကောင်းပါတယ် ဗျာ.. အခုအမေကြီး လုပ်ပုံက အတော့်ကို မသိသားဆိုးဝါးတာပဲ” လို့ အပြစ်တင်လိုက်တယ်၊

အဲဒီအခါမှာ ရာဗီယာဆိုတဲ့ အဘွားကြီးက မစ္စတာရပ်ရှ်ရဲ့ကျောကုန်းကို လက်နဲ့ပုတ်ပြီး “ နင်ဟာ တော်တော့်ကို တတ်သိ နားလည်တဲ့ကောင်ပဲ၊ ပစ္စည်းပျောက်ရှာတဲ့ အခါမှာ အလင်းရောင်ရှိတဲ့နေရာ ဟာ အရေးမကြီးဘူး၊ တကယ်ကျ ပျောက်တဲ့နေရာ မှာရှာရမယ်ဆိုတာ နင်သိသားပဲ၊ ဒါပေမဲ့ အမှန်တရားကို ရှာတဲ့နေရာမှာတော့ နင်ဟာဒီ သဘောကိုမယူဘူး၊ အလင်းရောင်နဲ့ တူတဲ့ ဆရာတွေနောက်ကို လိုက်နေတယ်၊ တကယ်နင်ရှာရမှာက နင့်ခန္ဓာအတွင်း အမှောင်ထဲမှာပဲ တွေ့အောင်စူးစိုက်ပြီး ရှာရမယ်ဆိုတာ နင့်အနေနဲ့ မသိသားဆိုးဝါးလှချည်လားရပ်ရှ် ရေ.. ”လို့ ပြောပြီး သူ့အိမ်ခန်းထဲကို ပြန်ဝင်သွားတယ်ဆိုပဲ၊

ကဲ.. ဖိုးအောင်ထွန်းရေ.. မောင်ရင်ရော ဘယ်အလင်းရောင်နောက်ကို လိုက်ဦးမလို့တုံး၊ သွားမယ်နော်” ဟု ဆိုကာ ကျွန်ုပ်၏ကျောကို လက်ဖြင့် ဘုန်းကနဲ့ပုတ်၍ ထွက်သွားလေတော့၏။ ကျွန်ုပ်လည်း ကိုပီတာကြီး ထွက်သွားသည်ကို နောက်မှ လှမ်းမျှော်ကြည့်ရူရင်း လက်အုပ်ချီလိုက်မိလေ၏။ ထို့နောက်တွင်မှ.. “ကိုပီတာကြီးရေ..လာခဲ့ဦးနော်..” ဟု လှမ်း၍ အော်ပြောလိုက်ရာ ကိုပီတာကြီးက.. “ နိုး..လာခဲ့မယ်” ဟု ထူးဆန်းစွာ ပြန်၍ ဖြေသွားလေတော့သတည်း။


0 comments:

Post a Comment